June 20, 2020

လူသားဘဝတိုးတက်ဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့

လွန်းပိုးအိမ်  

        လောကတွင် အကောင်းနှင့်အဆိုး အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူသားများဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသလို အမှောင်ထု ချောက်ကမ်းပါးထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူသားထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူသားထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။

ဓာတ်ပုံ - nuviewtreatment.com

        လူသားများကို အသက်အန္တရာယ် ဆုံးရှုံးစေသည်အထိ အဓိက ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင် ဖြစ်သည်။ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ်ပါသည်။ 

        ၂၀၁၈ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ ၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် ၂၇၅ သန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံးတစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ ၃၁ သန်းသည် မဖြစ်မနေဆေးကုသရန် လိုအပ်နေသူများ ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးကို အကြောတွင်းထိုးသွင်းသူ ၉၃၀၀၀ ဦးခန့်ရှိကြောင်း ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အသည်းရောင်အသားဝါရောဂါနှင့် တီဘီရောဂါ ကူးစက်မှု မြင့်တက်လာကြောင်း သိရသည်။

        မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဆေးဝါးတစ်မျိုး ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးကို အပင်များမှရရှိပြီး ဘယဆေးတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ဘိန်းပင်၊ ကိုကာပင်၊ ဆေးခြောက်ပင်တို့ကို မူးယစ်ဆေးဝါးဟုခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက်ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင်အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သော အရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင်  တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ်သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန်အဖြစ် အဆင့်ဆင့် ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါတွင် မူးယစ်ဆေးဝါးသည် လူသားများအကြားတွင် စွဲလမ်းစေတတ်သော ကြောက်မက်ဖွယ်ရာ တစ်ခုအဖြစ် တည်ရှိနေပြီ ဖြစ်ပါသည်။

        လူသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ အကျင့်စာရိတ္တ ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေပါသည်။ မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။

        ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေရသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက “Problem of Drug and Drug Problem of People” ဟူ၍ ဆောင်ပုဒ် ထားရှိပြီး မူးယစ်ဆေးဝါးသည် လူသား တစ်မျိူးနွယ်လုံး ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန် မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက်ထုတ်နေသည့် အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါးကို တချို့သောနိုင်ငံများက ပြတ်ပြတ်သားသား တိုက်ထုတ်နေသလို အချို့နိုင်ငံများကလည်း ကာကွယ်တုံ့ပြန်နည်းဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို သေဒဏ်အထိ အပြစ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်းခဲ့သည့် ဥပဒေနှစ်ခု ရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ထုံထိုင်းလေးပင်စေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေတို့ ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည့် ဆေးအမျိုးအစားပေါင်း ၁၁၁ မျိုးရှိပြီး၊ ယခုအခါတွင် မူးယစ်ဆေးဝါးသာမက စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ ဓာတုပစ္စည်းနှင့် ပြုပြင်ထုတ်လုပ်ထားသည့် ဆေးဝါးများပါသည့်အတွက် ဥပဒေကို ပြောင်းလဲ ပြဋ္ဌာန်းရခြင်းဖြစ်သည်။

မူးယစ်ဆေးကို အပိုင်းသုံးပိုင်းခွဲ

        မူးယစ်ဆေးကို အပိုင်းသုံးပိုင်းခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ဖြစ်သည်။ ယနေ့ကာလတွင် စိတ်ကြွဆေးပြားသည် လူသားများကြားထဲသို့ ပိုမိုပျံ့နှံ့ဝင်ရောက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသားလူငယ်များကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင်လည်း မူးယစ် ဆေးဝါးသုံးစွဲသည့် အသက်အရွယ်သည် ကိုးနှစ်အရွယ်မှစတင်ကြောင်း ကောက်ယူရရှိသည့် စစ်တမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဖြတ်သူများကို စာရင်းကောက်ယူသည့်အခါ အသက် ၂၀ မှ ၃၉ နှစ်ကြားတွင်ရှိကြောင်း သိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင်သုံးစွဲသည်ဆိုသည်ကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။

        ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်းစသည့် နည်းလမ်းများမှ တစ်ဆင့်လည်း မူးယစ်ဆေးကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ်များအကြားသို့ပါ ထိုးဖောက်ရောက်ရှိလာနေပြီ ဖြစ်သည်။ ခေတ်၏ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်း မလိုဘဲ ဓာတ်ခွဲခန်းတစ်ခု ရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးများမှာ ဝိသမလောဘသားများ၏ သည်းခြေကြိုက် ဖြစ်လာခဲ့သည်။ ဝိသမလောဘ သားများအနေဖြင့် မူးယစ်ဆေးဝါးဈေးကွက်အတွက် လူငယ်များကို အဓိက ပစ်မှတ်ထားလာကြသည်ကို တွေ့မြင် နေရပါသည်။ ကျောင်းများတွင်သော်လည်းကောင်း၊ ရပ်ကွက်အတွင်းတွင် သော်လည်းကောင်း၊ စိတ်ကြွရူးသွပ် ဆေးပြားများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျောင်းသား၊ ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ စိတ်ကြွရူးသွပ်ဆေးများသည်လည်း ဈေးကွက်အတွင်းတွင် နာမည်အမျိုးမျိုးနှင့် ထွက်ရှိလျက်ရှိသည်။

        ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊  ဉာဏ်ရွှင်ခြင်း စသည်တို့ ဖြစ်သည်။ သို့သော် သုံးစွဲသည့်ကာလ ကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်းကလီစာများ ပျက်စီးခြင်း စသည့် ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင်တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊  ပုံမှန်အသိစိတ်မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါများ၊ အိပ်ရေးပျက်ပြီး အသိဉာဏ်ချို့ယွင်းလာခြင်းများ ဖြစ်တတ်ပါသည်။ နောက်ထပ် ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံအားကျဆင်းလာသည့် HIV/AIDS စသော ရောဂါဝေဒနာများပါ ခံစားလာရတတ်ပါသည်။ 

        မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံချောက်ချားမှုများဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝန်းကိုလည်း ထိခိုက်စေပါသည်။ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်း ကိုယ်တိုင်မလုပ်သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံနိုင်ရဖွယ်ရှိပါသည်။ 

        မူးယစ်ဆေးဝါးသုံးစွဲပါက ယခင်က ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့ပြင် မူးယစ်ဆေးသုံးစွဲသူများကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုင်းအဝန်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ် သည်။ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှ နှစ်စဉ်ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”ဟု သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါသည်။

        မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးဖြစ်၍ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။  သို့မှသာ လူသားများ၏ဘဝ သစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်မည် ဖြစ်ပါသည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲ တွန်းလှန်တိုက်ဖျက်သင့်ပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် Health for Justice. Justice for Health “ကျန်းမာရေးနှင့် တရားရေး မူးယစ်ကင်းဖို့ လက်တွဲစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါး ပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေးအပိုင်းတွေမှာလည်း ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။        
      






No comments:

Popular Posts