June 20, 2020

ပျော်ရွှင်တတ်မှ အမြတ်ရနိုင်မည့် လုပ်ငန်းခွင်

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

        လုပ်ငန်းခွင်နှင့်ပတ်သက်၍ နိဒါန်းသွယ်သည့်အချိန်မှစ၍ ပျော်ရွှင်တတ်မှ အမြတ်ရနိုင်မည့်လုပ်ငန်းခွင်ဟု တိကျသည့် သတ်မှတ်ချက်ပေးပြီး တင်ပြပေးမည်ဖြစ်ရာ စိတ်ညစ်တတ်သူများက "ငါတို့တော့ ဒုက္ခပဲ၊ ငါတို့က ပျော်ရွှင်တတ်တဲ့သူတွေ မဟုတ်ဘူး၊ လုပ်ငန်းခွင်မှာ အောင်မြင်မှုမရနိုင်တော့ဘူး ထင်ပါရဲ့" ဟု မတွေးမိစေချင်ပါ။
“အလုပ်ခွင်ဆိုသည်မှာ ကိုယ်ကပေးရသလို ကိုယ်ကပြန်ရနိုင်သည့် အတွေ့အကြုံတွေကလည်း အများကြီးရှိသည်။ အခက်အခဲအတားအဆီးတို့ကလည်း ပုံစံအမျိုးမျိုးနှင့်ရှိမည်”

        လောကတွင် လုံးဝမပျော်ရွှင်တတ်သူ ဆိုသည်မှာ မရှိနိုင်ပါ။ သူ့အတိုင်းအတာနှင့်သူ ပျော်ရွှင်တတ်ကြသည်။ မပျော်မရွှင်နိုင်သည့်အချိန်တွင် မိမိ၏စိတ် မိမိ၏အခြေအနေကို ဆန်းစစ်တတ်သည့် အဆိုးမြင်ဝါဒီမဖြစ်ရန် မိမိကိုယ်ကိုယ် သတိထားသည့်သူများအနေဖြင့် အကောင်းကို ရွေးချယ်လက်ခံတတ်သည့် အကျင့်ရှိ သဖြင့် ပိုမိုပျော်ရွှင်နိုင်မည့် အလားအလာ ရှိတတ်သည်။ ငြူစူခြင်း၊ မနာလိုခြင်း၊ မလိုအပ်ဘဲ စိတ်ဆင်းရဲပင်ပန်းတတ်ခြင်းစသည့် အကျင့်များကို မွေးထားတတ်သူများသည် အလုပ်ခွင်ထဲတွင် နောက်တန်းသို့ တစ်စတစ်စရောက်သွားတတ်သည်။ သတိထားရန်လိုပါသည်။  အချို့သောသူများမှာ များစွာအရေးမကြီးသည့် ကိစ္စများနှင့် ပတ်သက်၍ တအိအိ ပူနေတတ်သေးသည်။ စာရေးသူငယ်စဉ်ကပင် ထိုသို့သော အမျိုးသမီးကြီးတစ်ယောက်ကို တွေ့ဖူးသည်။ စာရေးသူသည် ရင်းနှီးသော အလှူအိမ်တစ်အိမ်သို့ အမေနှင့်အတူ လိုက်သွားရသည်။ စာရေးသူတို့နှင့် ရပ်ဆွေရပ်မျိုးဖြစ်သည့် ပိုက်ဆံရှိသူ အမျိုးသမီးတစ်ယောက်လည်း ပါလာပါသည်။

        အလှူအိမ်တွင်လည်း  လူမများလှသည့်ပြင် မြို့သေးသေးကလေးကလူများဖြစ်သဖြင့် ကိုယ့်ထဲကိုယ့်ဟာဟု တောအခေါ်ဖြင့် ခေါ်ကြသော ရင်းနှီးသူများချည်းဖြစ်သဖြင့် အဝတ်အစားကလည်း တစ်ယောက်ထက်တစ်ယောက် ထူး၍ မကောင်းလှပါချေ။ သင့်တင့်ရုံသာ ဝတ်ထားကြပါသည်။ ထိုအချိန်တွင် စာရေးသူတို့နှင့်ပါသော ပိုက်ဆံရှိသူအမျိုးသမီးသည် တစ်စခန်းထပါတော့သည်။ "ဟော ကြည့်ပါဦး၊ ဟိုမိန်းမဝတ်ထားတဲ့ အဝါရောင်လုံချည်က ကျွန်မအဆင်၊ ကျွန်မအရောင်အတိုင်းပဲ၊ ထပ်တူဖြစ်နေတယ်။ ဒုက္ခပဲ။ ဒီလိုမှန်းသိရင် တခြားလုံချည်ကို ဝတ်ခဲ့တယ်။ အခုတော့ ပြန်လဲလို့လည်း မဖြစ်တော့ဘူး။ ဘာဖြစ်လို့ အဲသည်မိန်းမက အဲသည်လုံချည်ကို ဝတ်လာတာပါလိမ့်"ဟု တဖျစ်ဖျစ်နှင့် ပြောဆိုနေပါတော့သည်။ သူပြောသည့် အဝါရောင်ကို ဝတ် ထားသူ အမျိုးသမီးကို ကြည့်လိုက်တော့လည်း စာရေးသူတို့ဘက်သို့ လှည့်၍ပင် မကြည့်ချေ။ သူ့မှာရှိသည့် လုံချည်ထဲက သူ့စိတ်ကြိုက်အရောင်ကို ရွေးကာဝတ်လာရုံသာ ဖြစ်ပုံပေါ်ပါသည်။ အဲသည်ကိစ္စအတွက် ထိုအမျိုးသမီးတွင် ခံစားချက် အထူးမရှိပေ။ စာရေးသူတို့နှင့် ပါလာသူသည် ကိစ္စမဟုတ်သည်ကို ကိစ္စလုပ်ကာ စိတ်ဆင်းရဲနေတတ်သူဖြစ်သည်။ စာရေးသူသည် ကြီးလာသည့်တိုင်အောင် သူနှင့် မရင်းနှီးခဲ့ပေ။ သူကလည်း သူနှင့်အဆွေ အမျိုးမဟုတ်လျှင် ဂရုမစိုက်တတ်ပေ။ ကြီးလာမှ ထိုကဲ့သို့သော သူမျိုးကို ထပ်ကာ ထပ်ကာ တွေ့ဖူးခဲ့သည်။ မိမိကိုယ်မိမိ စိတ်ဖြင့် နှိပ်စက်နေတတ်သူသည် တော်တော်ပင် ကံဆိုးတတ်သူများဖြစ်ပေသည်။ ထိုသူများသည် လုပ်ငန်းခွင်သို့ မဝင်ဘဲ အိမ်တွင်သာ မှီခိုသူအဖြစ် နေသူများဖြစ်သည်။ လုပ်ငန်းခွင်သို့ ဝင်ရပါက တစ်မျိုးတစ်ဖုံစိတ်ဆင်းရဲမည် ဖြစ်သည်။ လုပ်ငန်းခွင်မှာ မပျော်ရွှင်သည့် အကြောင်းများကို လေ့လာကြည့်ပါ။

        စာရေးသူ၏ ခံယူချက်အရ ပြောရလျှင် လုပ်ငန်းခွင်ဟု ဆိုလိုက်ကတည်းက လူအများစုသည်-
        တင်းကျပ်သော စည်းမျဉ်းများ၊
        လေးလံသော တာဝန်များ၊
        အမိန့်အာဏာဖြင့် အုပ်ချုပ်သူများကို ဦးစွာတွေးမိကြသည်။ ထိုသို့ တွေးသည့်သူအရေအတွက်က များတတ်သည်။ တာဝန်ဆိုလျှင် လွတ်လပ်ပျော်ပါးခြင်းနှင့်ယှဉ်ပြီး မတွေးကြဘဲ လေးလံခြင်း၊ အချုပ်အနှောင်များခြင်း၊ ပင်ပန်းခြင်းတို့နှင့်ယှဉ်၍ တွေးတတ်ကြသည်။ ကိုယ်နှစ်သက်သည့် လုပ်ငန်းတာဝန် ဖြစ်နေလျှင် တော်သေးသည်။ မနှစ်သက်သည့်လုပ်ငန်း၊ တစ်နည်းပြောရလျှင် မကျွမ်းကျင်သောကြောင့် ကြောက်သည့်လုပ်ငန်းဖြစ်နေပါက လုပ်ငန်းခွင်ထဲသို့ မဝင်ခင်ကတည်းက "ဒုက္ခပဲ၊ ငါက အဲသည်အလုပ်ကို မကြိုက်ဘူး။ ပျင်းစရာကောင်းမှာပဲ၊ ငါလုပ်တတ်ပါ့မလား" ဆိုသည့် သောကများ ဝင်တတ်သည်။ ထိုသို့ မလိုအပ်သည့် သောကဝင်ပြီဟု ဆိုလျှင် မိမိလုပ်ကိုင်ရမည့် လုပ်ငန်း၏ ပမာဏနှင့် လုပ်ငန်း၏ သဘာဝသည် မိမိ၏ စိတ်ထဲတွင် လေးလံခက်ခဲသွားတတ်သည်။ 

        အမှန်တကယ်ခက်သည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ မိမိ၏ စိတ်ထဲတွင် ခက်သွားတတ်သည်။ မိမိမကျွမ်းကျင်သည့် ကိစ္စဆိုလျှင် လူတိုင်း မကြိုက်မနှစ်သက် တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ထိုအလုပ်မျိုးကို လုပ်ရမည့်အရေးဆိုလျှင် လူတိုင်းက စိုးရိမ်မကင်း ဖြစ်ကျင့်ရှိတတ်သည်။

        မိမိနှစ်သက်သည့် လုပ်ငန်းကို လုပ်ခွင့်ရသောသူ အရေအတွက်မှာ လုပ်ငန်းခွင်တိုင်းတွင် အလွန်နည်းပါးတတ်သည်။  မိမိ၏ စိတ်ထဲတွင် နှစ်သက်စရာကောင်းသည်ဟု ယူဆပြီး ရွေးချယ်လိုက်သည့် လုပ်ငန်းဖြစ်သည့်တိုင် လုပ်ငန်းခွင်ဝင်ခါစအချိန်တွင်ဖြစ်စေ၊ အချိန်နည်းနည်း ကြာညောင်းလာသည့်အခါတွင် ဖြစ်စေ၊ အလုပ်ကို မနှစ်သက်ဘဲ ဖြစ်လာတတ်သည်။ စိတ်ပင်ပန်းလာသည်နှင့်အမျှ "မှားလို့ ဒီလိုအလုပ်ကိုမှ ရွေးမိတယ်။ ပျင်းစရာကောင်းလိုက်တာ၊ အလုပ်များလိုက်တာ၊ လူတွေကလည်း ဆက်ဆံလို့ မကောင်းဘူး" စသည်ဖြင့် အဆိုးမြင်သည့်စိတ်များ ဖြစ်ပေါ်လာတတ်သည်။ 

Photo - Google.com


        အမှန်မှာ မိမိ၏ စိတ်ပင်ပန်းမှု၊ စိတ်ရှုပ်ထွေးမှုများက အိမ်တွင်းရေး၊ လူမှုရေးစသည်ဖြင့် ဘက်စုံဖြစ်နေတတ်သည်။ ထိုအချိန်တွင် ရွေးချယ်ပြီး တွေးမိတတ်သည်မှာ အဆိုးဘက်၊ အမှောင်ဘက်၊ လေးလံသည့်ဘက်က ဖြစ်နေ၍ ပိုဆိုးနေခြင်းဖြစ်သည်။ လူတိုင်း၏ ဘဝတွင် မည်သည့်လုပ်ငန်း၊ မည်သည့်တာဝန်၊ မည်သည့်ကိစ္စပင်ဖြစ်စေ မကြိုက်လျှင် ဆိုးတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ ယေဘုယျသဘောနှင့်ပြောရလျှင်  သိပ် ကောင်းသည်ဆိုသည့် လုပ်ငန်းခွင် မရှိသကဲ့သို့၊ သိပ်ဆိုးသည်ဆိုသည့် လုပ်ငန်းခွင်လည်း မရှိပေ။ လက်ခံသူ၏ စိတ်နေသဘောသဘာဝနှင့် တုံ့ပြန်မှုကို လိုက်ကာ "သိပ်ကို အလွန့်ကို"ဆိုသည့် ဝိသေသနများနေတတ်ခြင်းဖြစ်သည်။ သိပ်ဆိုးသည့်အလုပ်၊ သိပ်ကောင်းသည့် အလုပ်ဆိုသည်မှာ အမှန်တကယ် မရှိဘူးလားဟု မေးလျှင် သင့်စိတ်ပေါ်တွင် အခြေပြုပါသည်ဟု ဖြေရပါမည်။ စိတ်ပျက်လက်ပျက်နှင့် မေးချင်သည့်သူများကို ပြန်ပြီး​ဖြေချင်သည်မှာ သိပ်ကောင်းခြင်းသည်လည်း ကိုယ့်သဘောနှင့်ဆိုင်သလို သိပ်ဆိုးတာကလည်း ကိုယ့်သဘောထားနဲ့ပဲ ဆိုင်ပါသည်ဟု ဖြေရမည်ဖြစ်သည်။ မိမိ၏ အလိုအတိုင်း ဖြစ်မှကောင်းသည်ဟု ထင်မြင်ယူဆထားသူသည် သူ၏အလိုအတိုင်း ဖြစ်မလာသည့်အခါတွင် လုပ်ငန်းခွင်က ဆိုးလှသည်ဟု မြင်မည်မှာ သေချာသည်။ လုပ်ဖော်ကိုင်ဖက်များကိုလည်း မကောင်းဘူးဟု မြင်လိမ့်မည်။ ကိုယ့်အလိုအတိုင်း မဖြစ်တတ်သည်မှာ လောက၏ သဘာဝအရ ထင်ကြိမ်များတတ်သည်။ မိမိ၏ အလိုအတိုင်းမဖြစ်သည်နှင့် စိတ်မဆင်းရဲစေရအောင် သတိထားကာ ကြိုးစား၍ နေသင့်သည်။ လောကတွင် မိမိ၏ အလိုအတိုင်းချည်းဖြစ်နေပါက မိမိတွင် အထက်သို့ရောက်အောင် ရုန်းကန်နိုင်သည့် အစွမ်းအစ၊ အဆိုးမှဖောက်ထွက်နိုင်သည့်အား၊ အခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးစားချင်စိတ်ဆိုသည့် ကောင်းမြတ်သည့် အရည်အသွေးများ တိုးတက်လာနိုင်တော့မည် မဟုတ်ချေ။

        ထိုသို့ဆိုလျှင် မည်သို့လုပ်ကိုင် ဆောင်ရွက်မှ အောင်မြင်မည်နည်း။ ပျော်ရွှင်မည်နည်းဆိုသည့် အတွေးများ၊ အမေးများ ထွက်လာနိုင်သည်။ အလုပ်က မည်သည့်အလုပ်မျိုးပင်ဖြစ်ပါစေ တစ်နေ့ကို ထမင်းနှစ်နပ်စားပြီး သေဖို့ထိုင်စောင့်နေသည့် သူများထဲ ကိုယ်ပါမသွားချင်လျှင်၊ ရခဲလှသည့် လူ့ဘဝကို ရလာသည့် ခဏအတွင်း ဘဝထဲမှ အနှစ်သာရကို ထုတ်ယူချင်လျှင် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်ခြင်းသည် ထမင်းစားရန် တစ်ခုတည်းအတွက် မဟုတ်ချေ။ အလုပ်လုပ်သူရော၊ မလုပ်သူပါ ထမင်းစားနိုင်ကြပါသည်။ "ဒို့က ထမင်းမကြိုက်ဘူး၊ ပေါင်မုန့်ပဲကြိုက်တယ်"ဟု ဖြေတတ်သည့် မိန်းမတစ်ယောက်ကို စာရေးသူ လုပ်ငန်းခွင်တွင် ရှိစဉ်က တွေ့ဖူးသည်။ ဘာကြောင့်လဲဟု မေးသည့်အခါ ပြန်ဖြေပုံက ရှင်းပါသည်။ "ထမင်းက ဝါးရလို့ပါ"ဟုဆိုသည်။ ထိုသို့ ခပ်ကြောင်ကြောင်မတွေးဘဲ သာမန်အားဖြင့် အသက်ရှင်သန်ဖို့ ထမင်းရှာ၍ စားရသည်ကို စာရေးသူရည်ညွှန်းပါသည်။ 

        ထမင်းစားဖို့ သက်သက်အတွက် အလုပ်လုပ်သည်ဟုဆိုပါက ကိုယ်လုပ်ရမည့် အလုပ်၏ တန်ဖိုးနည်းသွားနိုင်သည်။ တန်ဖိုးကြီးမားပြီး အဓိပ္ပာယ်ပြည့်ဝသည့် အလုပ်များကို လုပ်နိုင်သည့် အင်အားနှင့် ပြည့်ဝစေရန် ထမင်းစားရခြင်းဖြစ်သည်ဟု တွေးလိုက်ပါ၊ ပိုမိုပြီး အားတက်လာပါလိမ့်မည်။ 

        နှစ်ပေါင်းသုံးဆယ်ကျော်ခန့်က အလွန့် အလွန်အောင်မြင်ကျော်ကြားခဲ့သည့် ကျူရှင်ဆရာတစ်ယောက်နှင့် တွေ့ခဲ့ဖူးသည်။ သူ၏ ဇနီးသည်မှာ စာအလွန်တော်သည်ဟု ကျော်ကြားခဲ့သည်။ ထူးချွန်ဆုများ ရခဲ့သည်။အမျိုးသမီးက အလုပ်မလုပ်ဘူးလားဟု မေးမိသည်တွင်  သူသုံးနေသည့် ငွေလောက်သူလုပ်သည့် အလုပ်က ရမှာမှ မဟုတ်တာဟု ပြန်၍ ဖြေသည်။ ကြွားသည့်စကားလား၊ ရိုးရိုးသားသား ပြောတတ်သလို ပြောခဲ့သည်  လားဟုပင် မခွဲခြားတတ်နိုင်ပြီ။ စာရေးသူက သူ့အမျိုးသမီးက စာသိပ်တော်သည်ဟု ကြားဖူးထားသဖြင့် ထိုအမျိုးသမီးထံမှ တန်ဖိုးကြီးမားသော ပညာသည် အလုပ်လုပ်နေပါက ရှင်သန်နေမည်ဖြစ်သည် ဟူသော အတွေးဖြင့် မေးမိခြင်းဖြစ်သည်။

        သူ၏ အဖြေကို ကြားရမှ သူက အလုပ်တန်ဖိုးကို ငွေနှင့်သတ်မှတ်တာကိုးဟု သိလိုက်ကာ ဪ− ဪဟုသာ အာမေဍိတ်သံပေးလိုက်မိသည်။ စိတ်ထဲတွင် အမျိုးသမီးတတ်ထားသည့် ပညာများကို အသုံးမချသည်မှာ ကြာလာလျှင် လျော့ပါးသွားမည်၊ စိတ်ကလည်း လေသွားမည်။

        ဘဝတွင် ခံ့ထည်သည့် ကိုယ်ပိုင်နေရာ တစ်နေရာကိုရော၊ ရင့်ကျက်မှုကိုပါ အလုပ်မလုပ်ဘဲ မရနိုင်ဘူးဟု စာရေးသူကလည်း ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်နေလိုက်မိသည်။ ထိုအမျိုးသမီးလောက်တော်သည်ဟု ထင်ပေါ် ကျော်ကြားခြင်းမရှိသည့် လူများမှာ လုပ်ငန်းခွင်တွင် အလုပ်ဝင်လုပ်ရင်း တစ်ဖက်မှလည်း လေ့လာဆည်းပူးနေခဲ့ကြသည်ကို တက္ကသိုလ်နီးချင်းများဖြစ်၍ တွေ့မြင်နေရသည်။ ထိုအမျိုးသမီးများသည် တစ်နေ့တခြားထင်ပေါ်ကျော်ကြားကာ နိုင်ငံတော်၏ အကျိုး၊ မိမိဌာန၏ အကျိုး၊ မိမိတို့မိသားစု၏ အကျိုးများ ကို အောင်အောင်မြင်မြင် ထမ်းဆောင်နေနိုင်ကြပြီ ဖြစ်သည်။ အစောပိုင်းခေတ်က အမျိုးသမီးများကို ခန့်အပ်ခြင်းမရှိသော ရာထူးများကို မကြာလှသေးသော ကာလမှစ၍ ခန့်အပ်ပေးပြီဖြစ်ရာ လျှမ်းလျှမ်းတောက်ကျော်ကြားသော အမျိုးသမီးများအဖြစ်သို့ ရောက်ခဲ့ကြပြီဖြစ်သည်။ အင်မတန်စာတော်သည်ဆိုသော အမျိုးသမီး၏ အကြောင်းကို မကြားရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
        ဥပဒေသအဖြစ် ပြောရပါလျှင် လျှောက်လှမ်းနေသူသည် ခရီးရောက်တတ်သည်။  ရပ်နေသူသည် ခရီးလည်းမရောက်၊ ပြီးပြည့်စုံခြင်းကိုလည်း မရ၊ လူမသိသူမသိဖြင့် ဘဝကို ကုန်ဆုံးရတတ်သည်။ နှမြောစရာ ကောင်းလှသည်။ သူ့ကို လုပ်စာနှင့်လောက်အောင် သုံးနိုင်မည် မဟုတ်သဖြင့် အလုပ်မလုပ်ခိုင်းဘူးဟုဆိုသည့် ခင်ပွန်းသည်မှာလည်း ဆုံးပါးသွားပြီဖြစ်သည့်ပြင် အသက်ရှင်စဉ်က လက်ဖွာဖွာဖြင့် သုံးတတ်ခဲ့သဖြင့် ဆုံးပါးချိန်တွင် လက်ကျန်ပစ္စည်းမှာ ပြန်၍ ဆပ်ပေးရမည့် အကြွေးများသာ ဖြစ်သည်။ 

        အလုပ်ခွင်ဆိုသည်မှာ ကိုယ်က ပေးရသလို ကိုယ်ကပြန်ရနိုင်သည့် အတွေ့ အကြုံတွေကလည်း အများကြီးရှိသည်။ အခက်အခဲအတားအဆီးတို့ကလည်း ပုံစံအမျိုးမျိုးနှင့်ရှိမည်။ ထိုသို့သော အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုးစားရင်း ကိုယ်သိထားသည်ထက်၊ တတ်ထားသည်ထက် ပိုမိုမြင့်မားသည့် အသိအလိမ္မာဉာဏ်ပညာများကို ရယူပိုင်ဆိုင် လာနိုင်ခွင့်များလှသည်။ မိမိကိုယ်ကိုယ်လည်း ယုံကြည်စိတ်ပိုမိုထားနိုင်လာသလို ဇီဇာကြောင်သည့်အကျင့်၊ သူများကို အပြစ်ရှာချင်သည့်စိတ်ထား၊ သူများအပေါ် စုံပစ်ပြီး မှီခိုချင်သည့် အလေ့အထများ ပပျောက်သွားမည်ဖြစ်သည်။ လုံးဝမပျောက်သည့်တိုင် သင့်တင့်ပြေပြစ်အောင် ပေါင်းသင်းသည့်နည်းကို ကိုယ့်ဘာသာကိုယ် ရှာ၍တွေ့နိုင်မည် ဖြစ်သည်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၂)

No comments:

Popular Posts