February 9, 2018

ငါးခြောက်တွေယင်မနားဆေးသုံးနေကြပြီလား

ယခုလို ပွင့်လင်းရာသီမျိုးတွင် ဈေး တွေမှာ ငါးမြွေထိုး၊ ငါးနုသန်း၊ ငါးခုံးမနဲ့ ငါးရံ့ခြောက်တွေ ပေါပေါများများ တွေ့ ရပါတယ်။ ငါးရံ့ခြောက်က အသားထူ ပြီး အရသာကောင်းလှတာမို့ လူကြိုက် အများဆုံးပါ။ ဈေးကလည်း ခေါင်ခိုက်နေ ပါတယ်။ ငါးရံ့ခြောက်တစ်ပိဿာကို ပစ္စည်းကောင်းရင် ကောင်းသလို သုံး သောင်းကနေ ရှစ်သောင်းအထိ ဈေးရှိ ပါတယ်။
တစ်စွန်းတစ်စကြားမိတဲ့ သတင်းတွေ ကတော့ ယခုတလော ငါးရံ့ခြောက်လုပ် ရာမှာ တရုတ်ကလာတဲ့ ယင်မနားဆေးဆို တဲ့ ဆေးတွေသုံးနေပါသတဲ့။ အဲဒီဆေး သုံးထားရင် ယင်ကောင်နားလိုက်တာနဲ့ တုံးခနဲသေပါသတဲ့။ အချို့ ၉၀ ရာခိုင် နှုန်း ယင်မနားဆေးလို့ ခေါ်ကြပါတယ်။ ငါးရံ့ခြောက်ပြုလုပ်ရာမှာ ငါးခြောက်ခွဲ ပြီး ဆားနဲ့တစ်ညသိပ်ပြီးမှ နောက်နေ့ နေ ပြန်လှန်းရတာပါ။ ဒီအခါမှာ ငါးရံ့ အညှီနံ့ကြောင့် ယင်တွေ အုံတတ်ပါတယ်။
ယင်ကောင်တွေရဲ့ အလေ့အထက အစာစားနေရင်း ဥချတတ်တာမို့ နောက် တစ်နေ့မှာ ယင်ဥတွေက အကောင်ပေါက် ပြီး လောက်တွေဖြစ်တော့တာပါပဲ။ လောက်ထိုးထားတဲ့ ငါးခြောက်တွေက အသားတွေဆွေးပြီး အရောင်အနံ့အရသာ မကောင်းတော့လို့ ရောင်းပန်းမလှဘဲ ပျက်စီးပါတော့တယ်။ သည့်အတွက် အဲဒီ ယင်မနားဆေးတွေ သုံးကြတာဖြစ်မယ် လို့ စဉ်းစားမိပါတယ်။
ပိုးသတ်ဆေးတွေကို စပါးခင်းအပါ အဝင် သီးနှံစိုက်ခင်းတွေနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပေါင်းရှင်းဖို့၊ ငါးရိုင်းရှင်းဖို့၊ သီးနှံဖျက်ပိုးတွေရှင်းဖို့ သုံးလေ့သုံးထရှိကြပါတယ်။ အဲဒီဆေး တွေမှာ ရှောင်ရန်ဆောင်ရန်နှင့် သုံးစွဲပုံ ဆေးအညွှန်းတွေ ပါပါတယ်။ သုံးစွဲပြီးရင် အချိန်ဘယ်၍ဘယ်မျှကြာမှ သီးနှံတွေကို ဆွတ်ခူးရမယ်။ စားသုံးရမယ် စသဖြင့် ညွှန်ကြားချက်တွေ ပါပါတယ်။
အဲဒါကြောင့် ယင်မနားဆေးတွေ၊ ပိုးသတ်ဆေးတွေကို စားသောက်ကုန် လုပ်ငန်းတွေမှာ သုံးစွဲနေတာဟာ တိကျ စွာ လိုက်နာမှုရှိကြရဲ့လား။ ဥပဒေနဲ့ ညီညွတ်ရဲ့လားလို့ မေးခွန်းထုတ်လိုပါ တယ်။ မိမိတို့နိုင်ငံက ပြည်သူတွေဟာ အစားအစာနဲ့ ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်ပြီး သတိမူတဲ့ အလေ့အထ လွန်စွာနည်းပါးကြပါတယ်။


ယခုကာလမှာတော့ စားသုံးသူများ သမဂ္ဂနဲ့ အစားအစာ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)ရဲ့ ကျေးဇူးကြောင့် အတော်အတန် သိရှိလာကြပြီဖြစ်ပါတယ်။ ဈေးကွက်ထဲက ဖော်မလင်သုံးစွဲတဲ့ မုန့် ဟင်းခါးဖတ်တွေ၊ ပဲသွေးတွေနဲ့ အန္တရာယ် ရှိတဲ့ ဆိုးဆေးတွေ၊ မှိုတွေပါဝင်နေတဲ့ မုန့်ပဲသရေစာ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တွေရဲ့ အမည်စာရင်းကို စားသုံးသူတွေ ဖတ်ရှုနေရပါပြီ။
ဒီလို ဘေးအန္တရာယ်ဖြစ်စေတဲ့ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ သုံးစွဲ ထားတဲ့ စားသုံးကုန်တွေကို သိမ်းဆည်း ဖမ်းဆီး အရေးယူရုံနဲ့တင် မလုံလောက် ပါဘူး။ လစ်ရင်လစ်သလို လုပ်လေ့လုပ်ထ ရှိတဲ့ ဝိသမလောဘသားတွေက ဒုံရင်း၊ ထို့အတွက် နည်းလမ်းကျသော ဖြေရှင်းမှု တစ်ရပ်ဖြစ်တဲ့ ဖော် မလင်သုံးစွဲရန်မလိုဘဲ အထားခံတဲ့ မုန့်ဟင်းခါးဖတ် ထုတ်လုပ် နည်းတွေကို ပညာပေးဖြန့်ဝေပေးနေတဲ့ FDA ကို ကြိုဆိုလိုက်ရပါတယ်။
နေ့စဉ် စားဝတ်နေရေးနဲ့ လုံးပန်းနေကြရတဲ့ မိမိတို့တတွေဟာ အစာအာဟာရ အတွက် စားနပ်ရိက္ခာ ပြည့်စုံလုံလောက်မှုကဏ္ဍ (Food Security) အရေးကြီးသလို အစားအစာဘေးအန္တရာယ် ကင်း ရှင်းမှုကဏ္ဍ(Food Safety) ဟာလည်း လွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့် မိမိတို့စားသုံးသူတွေဟာ ကိုယ်ဝယ်ယူ စားသုံးမည့် ကုန်ပစ္စည်းတွေဟာ သန့်ရှင်း ရဲ့လား၊ အာဟာရဖြစ်ရဲ့လား၊ ဘေးဖြစ် စေနိုင်သလား အစရှိတဲ့ အချက်အလက် တွေရဲ့ ဇစ်မြစ်ကို သိရှိထားဖို့ရာ လေ့လာ သင့်လှပါတယ်။ ထိုနည်းတူစွာ ကုန် ပစ္စည်းထုတ်လုပ်ရောင်းချမှုနဲ့ အကျိုး စီးပွားရှာဖွေသူများသည်လည်း မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဟာ ကောင်းသော အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်ပါရဲ့လားဟူသောအချက်ကို လေးလေး နက်နက် စဉ်းစားသင့်ကြပါကြောင်း ရေးသားလိုက်ရပါတယ်။
စံလွင်(ငါးဦးစီး)
အတွဲ (၁၅)၊ အမှတ် (၃)

Popular Posts