မနက်ဖြန် သင်္ကြန်ကျတော့မည်။ သင်္ကြန်အရှိန်နှင့်မို့ ကျွန်တော်တို့ရွာလေး ပိုပြီး သာယာသလို စိတ်ထဲမှာ ခံစားရ သည်။
"လူလေးရေ ဟောဒီမှာ အမေကြီး တာအိုးလေးတွေဝယ်လာတယ်။ သင်္ကြန် ကြိုရအောင် ပန်းချိုးချေပါဟေ့"
အမေကြီးလက်ထဲမှာ တာအိုးလေးတွေ ပါလာသည်။
ကျွန်တော် ၁၀ နှစ်သားကတည်းက ထမ်းဆောင်ခဲ့ရသော တာဝန်။ ယခု ၁၇ နှစ်ရှိပြီ။ နွားတစ်ရှဉ်းနိုင်၍ ထွန်နိုင်သော လယ်သမားဖြစ်နေပြီ။ အမေကြီးက လူလေးခေါ်တုန်း။ တာပန်းအချိုးခိုင်းတုန်း။
ကျွန်တော်ရွာအပြင်သို့ ထွက်ခဲ့သည်။ ရွှေဘုံသာကျောင်းဝင်းထဲမှာ သပြေပင်ရှိ သည်။ လူမဦးခင်အရင်ရောက်မှ။ နောက် ကျလျှင် သပြေပင်ခေါင်းတုံးပဲ မြင်ရမည်။
ကျွန်တော်ရောက်တော့ ကောင်လေး သုံးယောက် သပြေပင်ပေါ်ရောက်နေကြပြီ။
"ဟေ့ကောင်တွေ၊ ငါဖို့လည်း ပို့ လိုက်ကြဦး"
"အဲဒီအောက်မှာ ချိုးထားတဲ့အထဲမှာ ထိုးလောက်ရုံယူသွား။ ခင်ဗျားအိမ်အတွက် တင်နော်"
ကောင်လေးတစ်ယောက်ကပြန်ပြော သည်။
"အေးပါကွာ"
ကောင်လေးတွေ သဘောကောင်း၍ ဟန်ကျသွားသည်။ သပြေပန်းရပြီ။ ဖိုး သင်းခြံထဲမှာ သီးပင်ရှိသည်။ အပြန်ဝင် ၍ သီးညွန့်သုံးခက်ချိုးသည်။ အုန်းပင် နှင့် မြေဇာမြက်က ကျွန်တော်တို့ခြံထဲမှာ ရှိသည်။
အားလုံးပန်းများစုံသောအခါ ရေတွင်း သွားပြီး တာအိုးနှင့် တာပန်းများ ရေဆေး သည်။ ပန်းထိုးသည်။
အတာကြိုရသည်မှာ ပျော်စရာ။
ညနေဆိုလျှင် အိမ်တိုင်း၏ရှေ့မှာ အတာအိုး အတာပန်းတွေနှင့် သိကြား မင်းကိုကြိုကြမည်။
ရေတွင်းမှာ ကောင်လေးသုံးယောက် ရေချိုးရင်း ရေပြွတ်စမ်းနေကြသည်။ ရေပြွတ်အပြေးပြိုင်နေကြသည်။
"ဒီနှစ် ခင်စိုးကို ငါရေလောင်းခွင့်ရ ပါ့မလား"
ရေလောင်းချင်စိတ်နှင့်တွေးမိသည်။
ရေပက်နေသော ကလေးများကို ကြည့်ရင်းကျွန်တော့်ရင်ထဲမှာ လွမ်းလွမ်း ဆွေးဆွေးခံစားရသည်။ ခင်စိုးနှင့်ကျွန်တော် ငယ်ငယ်ကတည်းက မြေမှုန့်အတူကစား ဖက်၊ ထုပ်ဆီးတိုးဖက်။ ဘုတ်တိုင်လု ဖက်။ အသက်ကလည်းအတူတူ။ ငြင်း လိုက်ကြ။ ခုန်လိုက်ကြ၊ ရန်ဖြစ်လိုက်ကြ။ ပြီးတော့ ပြန်ခေါ်ကြ၊ ပြန်ကစားကြ။
လေးတန်းအထိလည်း ဆရာကြီး ဦးဖိုးသာကျောင်းမှာ ကျောင်းနေဖက်။
ခင်စိုးက ဖွံ့ထွားသည်။ ၁၅ နှစ် သမီးကတည်းက အပျိုကြီးဖားဖား ဖြစ် လာသည်။ အံ့ဩစရာ။ ငယ်ငယ်က အတူ ကစားဖက် ခင်စိုးတစ်ယောက်အရွယ် ရောက်လျှင် ဤမျှလှလာမည်ဟု ကျွန် တော်မထင်မိခဲ့။
ခင်စိုးအပျိုဖြစ်သည်နှင့် ရွာမှာ အချော ဆုံး၊ အလှဆုံးအဖြစ် တစ်ရွာလုံးက သတ် မှတ်ကြသည်။
ကာလသားတိုင်း၏ နှုတ်ဖျားမှာ ခင်စိုး အမည်ရေပန်းစားနေသည်။ အလှူရှိတိုင်း ကွမ်းတောင်ကိုင်၊ မင်္ဂလာဆောင်ရှိတိုင်း လက်ဖက်ပွဲချ။ ခင်စိုးနေရာတွေအများကြီး ရနေသည်။
ဝတ်နိုင်၊ ဆင်နိုင်သည်ကလည်း ခင်စိုးအလှကို များစွာအထောက်အကူပြု သည်။ ခင်စိုးမိဘများပိုင်သည့် လယ်ဧက မှာ ကျွန်တော်တို့ထက်မများပါ။ ဧကနှစ် ဆယ်ကျော်သာရှိသည်။ သို့သော် သူတို့က ယခုသုံးနှစ်အတွင်းမှာ နှမ်းတစ်သီးအချီ ကြီးမိလိုက်သည်။ နောက်တစ်နှစ်မှာ ငရုတ်ဈေးကောင်းရသည်။ မနှစ်ကကြက် သွန်လှောင်တာလည်း မှန်သွားသည်။
ခင်စိုးဖခင်ဦးမြဒင် စီးပွားတက်သူတို့ ထုံးစံအတိုင်း အမြင်ပိုကျယ်လာသည်။ ကိုယ့်အခင်းမှထွက်သော ငရုတ်သီး၊ ကြက် သွန်ကို တစ်ဆင့်ခံပွဲစားများထံမရောင်းတော့ ဘဲ မန္တလေးအထိ သွားရောင်းသည်။ ဈေး ပိုရသည်။ နောက်တော့ မန္တလေးက ပွဲရုံ များ၊ ပွဲစားများနှင့်ပေါင်းမိ၍ တခြားသူ များ၏ ငရုတ်သီး၊ ကြက်သွန်များကိုပါ ပြန် ဝယ်ပြီး တစ်ဆင့်ရောင်းသော ပွဲစားတစ် ပိုင်းဖြစ်လာသည်။
ခင်စိုးကိုလည်း စဥ့်ကိုင်မြို့မှာ စက် ချုပ်သင်ပြီး အိမ်မှာစက်တစ်လုံးဝယ်ပေး ထားသည်။ တောမထွက်ရသော ခင်စိုး သည် ရွာသူတို့ အလယ်မှာ ဖြူပြာသန့် သန့်လေးဖြစ်နေ၏။
ထို့ကြောင့် ဥစ္စာပေါရုပ်ချော ခင်စိုး တစ်ယောက် မာနတက်လာသည်။ ငယ်သူငယ် ချင်းဖြစ်ခဲ့ဖူးသော ကျွန်တော် တို့ကိုပင် အဖက်မတန်သလို လုပ်လာ သည်။ လမ်းတွေ့လျှင် ဟန်တွေမာန်တွေ နှင့် မျက်နှာထားက တင်းသည်။
မနှစ်ကသင်္ကြန်မှာ ခင်စိုးသူ့အဘွား ကို ကန်တော့ရန် ကျွန်တော်တို့ခြံရှေ့မှ ဖြတ် သွားစဉ် ကျွန်တော်ရေလောင်းဖို့ ပြေးသွား သည်။
"နင် ငါ့ကို ရေမလောင်းနဲ့"
ခင်စိုးက ကျွန်တော့်ကို တူးတူးခါး ခါး ဟန့်တားသည်။
"သင်္ကြန်ပဲဟာ၊ နည်းနည်းပါးပါး လောက်ပါ"
ကျွန်တော်ကတောင်းတောင်းပန်ပန် ပြောကြည့်သည်။
"သင်္ကြန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တွေ့က ရာရေတွေနဲ့ အပက်မခံနိုင်ဘူး"
"ငါ့ရေက သန့်ပါတယ်ဟာ၊ ငါအခု မှ ရေတွင်းက ခက်လာတာပါ"
"နင်ရေကသန့်ပေမယ့် နင့်ပုံးက မသန့်ဘူး၊ ပုံးစုတ်၊ ပုံးပြတ်"
ကျွန်တော်ပုံးကို ငုံကြည့်လိုက်သည်။ မှန်ပါသည်။ ကျွန်တော်လက်ထဲမှ ကြိုး တန်းလန်းနှင့် ရေငင်ပုံးမှာ နှုတ်ခမ်းသား တစ်ခြမ်းကွဲပြတ်နေသည်။
"ဒီပုန်းကသန့်ပါတယ်ဟာ၊ ငါတို့ အိမ်သုံးနေတဲ့ပုံးပါ"
"နင်တို့အိမ်သုံးချင်သုံးပေါ့၊ ငါ့ကို တော့ ဒီပုန်းအစုတ်အပြတ်နဲ့ လာမပက် နဲ့"
ခင်စိုးက မာမာတင်းတင်း ပြောပြီး ထွက်သွားသည်။ ကျွန်တော်အရွဲ့တိုက် ပြီးနောက်ကနေ ရေတစ်ပုံးလုံးလောင်းချ လိုက်ချင်သည်။ သို့သော် မလုပ်ရဲ ခင်စိုး စိတ်ဆိုးမှာ စိုးရိမ်သည်။
အရွယ်ရောက်လာသည်နှင့်အမျှ အလှ ကြီးလှလာသော ခင်စိုးကို ကျွန်တော် သဘောကျသည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံ ရလျှင် ခင်စိုးမေတ္တာကို ကျွန်တော်ရချင် သည်။
____
သင်္ကြန်ကာလတွင် ကျွန်တော်တို့ရွာ မှ လူကြီးလူငယ်လူရွယ်လူလတ်အားလုံး ဘုန်းကြီးကျောင်းကို သွားကြသည်။
အချို့က အရှေ့ကျောင်း၊ အချို့က တောင်ကျောင်း နှစ်ကျောင်းစလုံးမှာ ကုသိုလ်ရှင်တွေရှိသည်။ လက်ဖက်ကမ်း သူ၊ ဆေးလိပ်ကမ်းသူ၊ သာကူတိုက်သူ၊ မုန့်လက်ဆောင်းတိုက်သူများ၍ သီလမယူ ခင်စားကြ၊ သောက်ကြရသည်။ ကျွန်တော် တို့လူငယ်များမှာ တစ်ကျောင်းမှတစ် ကျောင်း ကူးနေကြ၍ နှစ်ကျောင်းလုံးမှာ စားရသည်။
ကိုယ်သဘောကျသော အပျိုဘယ် ကျောင်းမှာ ဥပုသ်စောင့်သည်ကိုလည်း မှတ်သားရသည်။ သီလယူပြီး၍ ရွာပြန် အဝင်မှာ ကိုယ်သဘောကျသော အပျို များကို ရေလောင်းရသည်။
မနှစ်က သင်္ကြန်မှာ ခင်စိုးကို ရေလုံးဝ မပက်ခဲ့ရ။ ဒီနှစ်တော့ နည်းနည်းဖြစ်ဖြစ် ခင်စိုးကို ရေလောင်းခွင့်ရချင်သည်။
ကျွန်တော်ရင်ထဲမှ ပြင်းပြသောဆန္ဒ။
သို့သော် ခင်စိုးကို အရှေ့ကျောင်းမှာ ရော တောင်ကျောင်းမှာပါ ဘယ်ကျောင်း မှာမှ မတွေ့ရ။ သူ့မိဘများကို တောင် ကျောင်းမှာတွေ့ရသည်။ ခင်စိုးမပါ။
ကျွန်တော့်အိမ်မှ ရေငင်ပုံးကို သင်္ကြန် နားနီးမှ အသစ်လဲထားသည်။ ရေငင်ကြိုး ကလည်း အသစ်။ ပုံးအသစ်။ ကြိုး အသစ်ဆိုလျှင် ခင်စိုးရေပက်ခံမည်ထင် သည်။ ခုတော့ ခင်စိုးကို လုံးဝမတွေ့ရ။
"ခင်စိုး ဘာလို့ ဥပုသ်ကျောင်းမလိုက် တာပါလိမ့်။ နေများမကောင်းလို့လား။ ကျွန်တော်စိုးရိမ်မိသည်။
ခင်စိုးနှင့် အိမ်နီးချင်းလှဆောင်ကို တွေ့၍-
"ဟေ့ကောင် လှဆောင် ခင်စိုးဥပုသ် စောင့်လာတာမတွေ့ပါလား"
ကျွန်တော်စူးစမ်းကြည့်သည်။
"ဘာလဲ မင်းကခင်စိုးကို ရေပက် ချင်လို့လား၊ ဟင်း ဟင်း မင်းတို့ပုံး စုတ်နဲ့ပက်တဲ့ ရေကိုခံရမှာစိုးလို့တဲ့။ မနေ့ က ညနေကတည်းက မန္တလေးသင်္ကြန်ကို သွားပြီ"
"ဟား တကယ်လား ဟေ့ကောင်"
ကျွန်တော်မယုံချင်ပါ။
"တကယ်ပေါ့ကွ။ ဒီရွာမှာ ရေပက်ခံ ရတာ အောက်တန်းကျတယ်တဲ့။ ရေဖလားနဲ့တောင် မပက်နိုင်ကြဘူးတဲ့။ ဒါကြောင့် အဆင့်အတန်းမြင့်မြင့်မန္တလေး သွားပြီးရေပက်ခံမယ်တဲ့"
ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။
"ငါတောင်အမြင်ကပ်လို့ ရွာလွန်ရွက် တိုက်ဆိုတာ၊ နင်လိုဟာမျိုးလို့ ပြောလိုက် သေးတယ်။ သူက တိုက်သင့်ရင် တိုက် ရမှာပဲတဲ့။ ဒီရွာကကောင်တွေ ပုံးစုတ်နဲ့ ပက်တဲ့ရေခံရမှာ သနတယ်တဲ့"
"ကြီးကျယ်လိုက်တာကွာ"
ကျွန်တော် မကျေမနပ်ပြောလိုက်မိ သည်။
_____
ခင်စိုးနှင့်အတူ သူတို့အိမ်နီးချင်း အပျို ကြီး မညွန့်နှင့် သူ့အဒေါ်မသန်းဆီတို့ မန္တလေးသို့ ပါသွားကြသည်။
သူတို့အိမ်မှာ လာတည်းပြီး စပါးဝယ် နှမ်းဝယ်သော မန္တလေးမှပွဲစားကိုရွှေသိန်း အိမ်မှာ တည်းကြသည်။
"အမလေး အိမ်ကြီးကလည်း အကျယ်
ကြီးတော်။ ကိုရွှေသိန်းက တစ်ယောက် တည်းနေတာ။ ဂရုစိုက်လိုက်ကြတာ လိုလေသေးမရှိဘူး။ သူတို့ဆရာတပည့် ကိုယ်တိုင်ချက်ကျွေးလို့ ကျုပ်တို့ပါဝင်ပြီး ချက်ကြ၊ ခူးခပ်စားကြနဲ့ ပျော်စရာကြီး။ နောက်နေ့တွေကျတော့ ကိုရွှေသိန်းနဲ့ ခင်စိုးက ဈေးသွားဝယ်တယ်။ ကျုပ်တို့ က ချက်ကြပြုတ်ကြပေါ့။ ဘာမှ အားနာ စရာမရှိဘူး။ ကိုယ့် အိမ်ကျနေတာပဲ"
သင်္ကြန်ပြီး၍ ရွာပြန်လာကြသောအခါ ခင်စိုးအဒေါ်မသန်းဆင့်တစ်ယောက် အိမ် နီးချင်းများကို အားပါးတရကြွားနေသည်။
-
လယ်တွင်းသားစောချစ်
အတွဲ(၁၅)၊ အမှတ်(၃)
_________________
ဆက်လက်ဖော်ပြပါမည်