ယနေ့ခေတ်သည် မြို့ပြနှင့်ကျေးလက် အလှမ်းကွာသောကာလဟု ဆိုချင်၏။ မည်သို့ပင်ဖြစ်စေ နိုင်ငံတိုင်းသည် ကျေးလက်ကို အခြေခံရသည်ချည်း ဖြစ် သည်။ ကျေးလက်နေ လူဦးရေက များပြားသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေခံအုတ်မြစ်လည်းဖြစ် ၏။ ရိုးရာအစဉ်အလာကို ကျေးလက် တောရွာနေသူတို့ စောင့်ရှောက်ကြပေ သည်။ တောဆူမှမြို့ဝ ဆိုသကဲ့သို့ ကျေးလက်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး လူမှုအခြေခံပြည့်စုံပါမှ မြို့ပြ လည်း သာယာစိုပြည်ပေမည်။ ကျေးလက် ၏ဆူဖြိုးမှုက ပဓာနကျ၏။ သို့သော် ပထဝီဝင်၊ ဥတုရာသီကအစ အခက်အခဲ တွေ့ရှိ၏။ ရင်ဆိုင်ရ၏။ ပူပန်သောက ရစရာတွေလည်းရှိ၏။ အမှတ်မထင်ဆို သကဲ့သို့ ဗုံကြီးသံကဗျာတစ်ပုဒ်ထဲက ချောင်းရေကလျှံ၊ ကန်ရေကတိုး၊ မကြို လာပါနဲ့ သျှောင်ရစ်ရယ်၊ ရေနစ်မှာစိုး ဆိုသည့်စာသားလေးကို သတိရမိ၏။ ရုတ်တရက်ကြုံရသော သဘာဝဘေး အန္တရာယ်အတွက် ပူပန်ရသော မိန်းမပျို ၏နှလုံးကို တွေ့ရခြင်းဖြစ်၏။ တစ်ချိန်က ကျေးရွာလုလင်ပျိုတို့၏ သျှောင်ထုံးထား သည့် ဓလေ့လည်း ပါဝင်ပေ၏။
ကျေးလက်တောရွာနေတို့အကြောင်း ဘ၀သရုပ်ဖော်စာပေများ ခေတ်တစ် လျှောက် ပုံစံအမျိုးမျိုးဖြင့် တွေ့ကြရပြီး ဖြစ်၏။ အထူးသဖြင့် ရပ်ဓလေ့၊ ရွာဓလေ့ ပီပြင်စွာ ရေးဖွဲ့သော ဆရာကြီးဇေယျ၊ ကဗျာစကားပြေတို့ဖြင့် သီကုံးသော ဆရာ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဟံသာဝတီ ဦးဘရင်၊ မောင်ထင်စသည့် ပညာရှင်ကြီးများ၏ လက်ရာများက ဝေဆာဆဲဖြစ်၏။ ကိုလို နီခေတ်၊ စစ်ကြို၊ စစ်ပြီးခေတ်များ၊ လွတ် လပ်ရေးရပြီးနောက်ပိုင်း အလျဉ်မပြတ် တွေ့ရသော ကျေးတောနေတို့၏ ပုံရိပ် များကား ထင်ရှားပေ၏။ တစ်ချိန်က ရွာငယ်ဇနပုဒ် မီးကလေး မှိတ်တုတ် တုတ်ဟု ပြောရေးဆိုထုံးပြုကြသည်။ ညဘက်တွင် မှုန်ဝါးသော အလင်းရောင် ဖြင့် ကျေနပ်ရသောဘ၀ဖြစ်၏။ ယခုသော် ရွာချင်းဆက်လမ်းကောင်းတွေ၊ သွယ် တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း တွေ၊ သွားရေးလာရေး၊ ဆက်သွယ်ရေး ကွန်ရက်တွေ အဆင်ပြေနေပါပြီ။ တစ်ချိန် က မြို့ကြီးသူတို့ ရွှံ့နွံကြောက်ကာ မလာ ရဲသည့်အခြေအနေ၊ ပိုပြီး ဆိုးရွားသည့် ဂရုမပြုအလေးမထားသည့် အိမ်သာစနစ် တွေ ပြောင်းလဲလာပါပြီ။ ယင်လုံအိမ်သာ တွေ၊ အဆင့်မီအိမ်သာတွေ မြို့နှင့်မခြားရှိ လာသဖြင့် အမျိုးသားစာပေဆုရ ဆောင်း ဝင်းလတ်၏ ဘာကိုရွေးမလဲ ရွာကလေး ရယ် ဆိုသည့် ဝတ္ထုတိုပေါင်းချုပ်ကိုပင် အမှတ်ရပေသည်။
မျက်မှောက်ကျေးလက်တောရွာနေ တို့သည် ခေတ်သစ်နည်းပညာများနှင့် အတူ အမြင်တွေပြောင်းလဲလာကြပေပြီ။ အရိုးအစဉ်အားဖြင့် စားဝတ်နေမှုကိစ္စများ တွင် ရိုးစင်းစွာ ဖြတ်သန်းခဲ့ကြရသော ရှေးမြန်မာကျေးလက်နေတို့သည် ဘ၀နှင့် ဝန်းကျင် အတွေ့အကြုံများရရှိသော သင်ခန်းစာများကတစ်ဆင့် နှောင်းခေတ် များအတွက် ဆိုရိုးစကားများ ကျန်ရစ် စေခဲ့ပေသည်။ ခေတ်ကာလတွင် မည်သို့ ပင် ပြောင်းလဲစေကာမူ မရိုးနိုင်သော စွဲကိုင် သင့်သော အတွေးအမြင်အဖြစ် အသုံးချ ကြရသည်။ အဟောင်းထဲက အကောင်း တွေ ဒုနှင့်ဒေးဖြစ်၏။ နေထိုင်စားသောက် ဆက်ဆံမှုအမြင်တွင် ခေတ်မီဆဲအယူ အဆတွေ သက်ဝင်နေခြင်းက အံ့ဩဖွယ် ဖြစ်ရသည်။ ရိုးရာယုံကြည်မှု၊ ယဉ်ကျေးမှု အကျိုးပြုမှုတွေ ထင်ဟပ်သည့် တော၊ ရွာ၊ အက္ခရာပါဝင်သော ဆိုရိုးစကားများ စွာရှိပေရာ အသုံးတွင်ဝင်ဆံ့သော ဆိုရိုး စကား လက်လှမ်းမီသမျှ တင်ပြချင်ပါ၏။
ကောက်ကာငင်ကာတင်ပြရပါက တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်း ဟု သုံးလေ့ရှိ၏။ ကျေးလက်လူမှု စရိုက် ဓလေ့ထုံးစံတွေဖြစ်၏။ ရွာနီးချင်း ၌ပင် အသွင်မတူကြ။ အနှစ်သာရ တူညီ ကြသည်က မှန်၏။ သို့သော် ကျင့်သုံး သည့်ဟန်ပန်၊ ပြောဆိုသုံးနှုန်းသည့်သဘာဝ မတူတတ်ကြပေ။ အထူးသဖြင့် သာရေး နာမှုကိစ္စများ၌ ရှုမြင်ကြားရမည်ဖြစ်၏။ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်စေလို သော လူကြီးများပြောလေ့ရှိရာတွင် တစ်ရွာတစ်ကျီဆောက်ဖို့ ဖြစ်၏။ လူ ကောင်းသူကောင်း အပေါင်းအသင်း ဝင် ဆန့်ဖို့ဖြစ်၏။ အရပ်ဒေသရွာတိုင်း၌ မိတ်ကောင်းဆွေသဟာရှိဖို့ ထားဖို့လို၏။ သို့မှသာ တည်းခိုမှု၊ စီးပွားရေးနှင့် လူမှု ရေးကိစ္စပြေပြစ်မှု၊ သာရေးနာမှုမှအစပြု၍ ဘက်စုံကောင်းမည်ဖြစ်၏။ လူရာဝင်မည် ဖြစ်ပြီး မျက်နှာမငယ်ရအောင် သတိ ဆောင်ရန်ဖြစ်၏။ ရွာချင်းထိစပ်နှင့် ရပ်ဝေး နေအထိ စွဲကိုင်သင့်လေသည်။
တွင်ကျယ်သောဆိုရိုးစကားတစ်ခု ရှိ၏။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟူ၍ ဖြစ်၏။ မိမိရပ်ရွာတွင် စီးပွားလူမှု အဆင်မပြေသဖြင့် အရပ်တစ်ပါးသို့ မျှော်လင့်ချက်ကြီးစွာဖြင့် ပြောင်းရွှေ့ခြင်း ဖြစ်၏။ ယခုနိုင်ငံအခြေအနေနှင့် အတော် ကို ကိုက်ညီ၏။ အထင်တကြီးဖြင့် ရေ ကြည်ရာ မြက်နုရာ ရှာဖွေခြင်းဖြစ်၏။ သို့သော် ဆန့်ကျင်ဘက်အသွင် သေချင်တဲ့ ကျား တောပြောင်း ဖြစ်တတ်လေသည်။ ကျွန်တော်၏မိခင်ကြီးကမူ ရွာ၌နေခိုက် ထိုသို့ စိတ်ကူးအကြံရှိသူများအား တစ်ရွာ မပြောင်း သူကောင်းမဖြစ်တာ ဟုတ်ပေ မယ့် တစ်ရွာပြောင်းလို့ စလောင်းပစ်ရတဲ့ အဖြစ်မျိုး မကြုံစေချင်ကြောင်း လက်တွေ့ နှင့်ယှဉ် ဩဝါဒပေးတတ်၏။ အဆင်ပြေ သူတို့ ထိုစကားနှင့်ညီသော်လည်း ရေကြည် မြက်နုရှာဖွေရာက ရေနောက်မြက်ခြောက် သာတွေ့ရခြင်းမျိုး ယခုအခါ စိတ်မသက် သာစွာ ကြားသိမြင်တွေ့နေရပေ၏။ ရှေးက တောရွာနေလူကြီးသူမများ၏ အမြင်ကျယ်စွာ ထားရစ်ခဲ့သော ဘ၀ပေး သင်ခန်းစာ ဆိုရိုးစကား ဖြစ်လေသည်။ လေးစားဖွယ် ခေတ်မီသော အယူအဆ မျှဝေခြင်းအသွင် ရှင်သန်မှုအားကောင်း ပေ၏။
ရပ်သူရွာသားချင်း စည်းလုံးညီညွတ်မှု၊ သွေးမကွဲမှုကို ညွှန်းဆိုရာ၌ တစ်ရွာတည်း နေ တစ်ရေတည်းသောက် သူများအဖြစ် သတိပေး၏။ ဆရာကြီးမင်းသုဝဏ်ရေး သကဲ့သို့ ရပ်သံရွာသံ စည်းချသံ ဖြစ်လေ သည်။ ထို့ကြောင့် နေထိုင်မှုပုံစံတွင် ဆွေမျိုးတော်သည်ဖြစ်စေ၊ မတော်သည် ဖြစ်စေ လူကြီးသူမများက လူငယ်လူရွယ် များကို ကိုယ့်ရွာမှာနေတော့ ကြက်ဖ၊ သူများရွာသွားတော့ ကြက်မဟု ဆိုတတ် ၏။ မိမိရွာတွင် အချင်းချင်း လူတွင်ကျယ် လုပ်သော်လည်း အကြောင်းသိချင်းဖြစ်၍ အပြစ်မယူတတ်၊ သူတစ်ပါးရွာတွင် မချေ မငံပြုပါက ဒုက္ခနှင့်ကြုံနိုင်၏။ အနေ အထိုင် ပိရိသေသပ်စေမှုကို သွန်သင်ပေ သည်။ ဒေသတိုင်း၊ နေရာတိုင်း၊ ဌာန တိုင်းအတွက် မှန်ပါ၏။ ဒေသစွဲ၊ ရွာစွဲ သံယောဇဉ်ကြီးတတ်သော ရွာဓလေ့သည် တစ်ခါတစ်ရံ သတိကြီးစွာထားရမည့် အနေအထားဖြစ်၏။ သို့သော် ရိုင်းပျမှု ကင်းသောရပ်ရွာများတွင် တစ်ရွာသား ဧည့်သည်ကို ဦးစားပေး၏။ ဖော်ရွေပေ၏။ အန္တရာယ်ကင်းအောင် စောင့်ရှောက်၏။ တစ်ဖက်ကလည်း သိမ်သိမ်မွေ့မွေ့ ရှိဖို့ လိုပေသည်။
ရွာနီးချုပ်စပ်ချင်း ရင်းနှီးဖော်ရွေ ဆက် ဆံမှု ပြုကြရင်း လူမှုရေးကိစ္စတွေ ပါလာ သည်။ ချစ်မှုရေးရာတွေ သက်ဝင်လာ သည်။ အပျိုလူပျိုတို့၏ နှလုံးသားရေးရာ ကို ပဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်။ တစ်ရွာသားကို ရည်းစား လုပ်တော့ လွမ်းရတတ်တယ်ဟု စကား ဆိုရိုးရှိသည်က ယခုတိုင်ဖြစ်ပါ၏။
စိတ်ဝင်စားဖွယ်စကားတစ်ရပ်ရှိ၏။ ရွာနားကမြက် ရွာနွားမစားခြင်းဖြစ်၏။ ရပ်သူရွာသားမြင်နေကျချင်းမို့ အထင် မကြီးခြင်းဖြစ်သည်။ ဥပမာစကား ဖြစ်ပါ ၏။ မိမိရပ်ရွာမှ စီးပွားရေး၊ စာပေအနု ပညာ ထင်ရှားသူကို အခြားဒေသက လေးစားသည့်တိုင် မိမိရွာကထွက်သော ထူးဆန်းသူကို အသိအမှတ်မပြုနိုင်အောင် ရှိရပေသည်။ ကိုယ်တွေ့နှင့်ပတ်ဝန်းကျင် အထိအတွေ့ ဝေဆာလျက်ရှိပေသည်။
ရွာလွန်ရွက်တိုက်၏ စကားရပ်သည် အရပ်နှင့်မဆန့်ကျင်ဖို့ သွန်သင်ခြင်းဖြစ်၏။ ရွာကိုရောက်ပြီးပါလျက် ရွက်လွှင့်စရာ မလိုပါ။ အရပ်က ညီညွတ်သဘောတူ ဆောင်ရွက်မှုကို သဘောမျှခြင်းက အသင့်မြတ်ဆုံးဖြစ်၏။ စိတ်ထင်ရာအရွဲ့ တိုက်လုပ်ဆောင်ဖို့ မသင့်ပေ။
လမ်းဆုံးလျှင် ရွာရောက်ခြင်းသည် ပန်းတိုင်နှင့်ရည်ရွယ်ချက် ပေါက်မြောက် စေခြင်းဖြစ်လေသည်။ ရပ်သူရွာသား၏ ညီညွတ်စွာပေါင်းစပ် ဆောင်ရွက်မှုသဘော ကို ရွာသားဘုရား သူကြီးကောင်းမှုဟု ချစ်စဖွယ် သိမှတ်ရပေသည်။ စည်းကမ်း စနစ်ထိန်းချုပ်မှု၊ လုံခြုံမှုကို အလေးထား သော ရွာဓလေ့အသွင် ရဟန်းမှာ ဝိနည်း၊ ထီးမှာခရိုင်၊ ရွာမှာစည်းရိုးဟူ၍ ပြော လေ့ရှိ၏။ သမားရိုးကျ ခြံစည်းရိုးထက် လူစည်းကမ်းကို အလေးထားခြင်း ဖြစ် လေသည်။ တောပန်းအလှသည် သူ့ဂုဏ် နှင့်သူ ရှိနေပေ၏။ ပြောင်မြောက်စွာ ပြုကျင့်တတ်မှုကို တောသားရဲ ဆွဲထုတ် သွန်သင်ပေသည်။ အတင့်ရဲလွန်းခြင်းမရှိ အောင် သွန်သင်ခြင်းဟု နားလည်ရသည်။ ပျော်မွေ့ဖွယ်ရာ ကျေးလက်ရနံ့သင်းပျံ့ သော ဆိုရိုးစကားများစွာသည် အတွေး အမြင်ပေးပြီး စာပေအရာလည်းဝင် ကျင့် သုံးစရာလည်း ဖြစ်ရပေသည်။ ဤစာမူ ရေးသားစဉ် လေလှိုင်းသံမှ အမေနဲ့ ရွာကို လွမ်းတယ် ဆိုသည့်တေးသံက လွှမ်းခြုံ လွင့်ပျံ့ပေရာ မွေးရပ်ရွာကို လွမ်းမိရပါ၏။
-
ညွန့်ဟံ (ကြူတော)
အတွဲ(၁၅)၊ အမှတ်(၄)