February 22, 2018

ဈေးကောင်းပန်လျက် ဒေသကြက်


“ကိုအောင်ရေ၊ ဦးကြီးအိမ် ကိုအောင် ရောက်နေတယ်ကြားလို့ ကွင်းထဲကနေ အပြေးလာခဲ့တာ၊ တစ်ယောက်တည်း လား ကလေးတွေရော မပါဘူးလား”
“ဒီတစ်ခေါက်တော့ တစ်ယောက် တည်းပဲလာခဲ့တာ၊ မမြညွန့်တို့ရော နေကောင်းကြတယ်မဟုတ်လား”
ကျောပြောင်ကြီးပေါ် ပုဆိုးလွှမ်းပြီး ငှက်ပျောခိုင်ထမ်းလာသည့် ကျွန်တော့ညီ အစ်ကိုဝမ်းကွဲ ကိုညိုမောင်၏ အမေးကို ဖြေလိုက်ခြင်းဖြစ်ပါသည်။
“ဟဲ့ ညိုမောင်၊ ထမင်းရောစားပြီး ခဲ့ပြီလား၊ ဘာဟင်းနဲ့စားခဲ့သလဲ။ ဒီမှာ တော့ ငါးရံ့ဟင်းချက်ထားတယ်။ ဒါနဲ့ နင်တို့တဲမှာ ကြက်ရောရနိုင်လား။ မောင် အောင်ကို ညနေစာချက်ကျွေးချင်လို့”
“စားခဲ့ပြီးပါပြီ အရီး၊ ကြက်သား ဟင်းနဲ့စားခဲ့တာ”
အရီးမှည့်၏ အမေးကို ကိုညိုမောင် က ပြန်ဖြေလိုက်ခြင်းဖြစ်ပါသည်။
“အောင်မယ် နင်တို့က တယ်ဟုတ် ပါလား ကြက်သားဟင်းတွေ ဘာတွေ ချက်စားလို့”
“ကြက်ကလေးသုံးကောင် ကျန်တာ နှစ်ကောင်က ဝပ်နေတာ၊ ကျန်တဲ့တစ် ကောင်ခွေးကိုက်တာကြောင့် ခွေးပါးစပ် ကလုပြီး ကျန်တဲ့တစ်ခြမ်းလေးကို ကာလသားချက်ချက်စားခဲ့ရတာ။ အဲဒါ ကြောင့် ကြုံတုန်း ကိုအောင်ဆီ လာပြီး မေးတာ၊ ကြက်မတွေက ဝပ်တော့ဝပ် တယ်၊ ကြက်ကလေးတွေလည်း ပေါက် တော့ပေါက်တယ်။ ဒါပေမယ့် ကြက် ကလေးတွေက ပေါက်ကတည်းက ချည့် နဲ့နေပြီးအားမရှိဘူး။ ဒီကြားထဲ ကျီးသုတ်၊ ကြောင်ကိုက်ဆိုတော့ သိပ်ပြီး မဖြစ်ထွန်း ချင်ဘူး။ အဲဒါဘယ်လိုလုပ်ရမလဲ”
ကိုညိုမောင်က အရီးမှည့်၏ အမေး ကိုပြန်ဖြေရင်း သူသိလိုသည်ကို ကျွန်တော် အား မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ကတည်းက ရွာသို့ရောက်တိုင်း ဒီလူတွေ ကျွန်တော်ကို မေးနေကြ၊ ကျွန်တော်ကလည်း ဖြေနေ ကြ၊ သူတို့ လယ်တဲသွားပြီး စားနေကြ၊ သို့ဖြစ်၍-
“ကိုညိုမောင် ခင်ဗျားမွေးထားတဲ့ ကြက်ဖနဲ့ ကြက်မတွေက တစ်အုပ်တည်း ကပေါက်တာလား”
“အေးဟုတ်တယ်၊ ဗြာစိမ်းလေးတွေ သဘောကျလို့ ကြက်ဖရော၊ ကြက်မရော တစ်အုပ်တည်းက။ ဒါနဲ့နေစမ်းပါဦး ငါ့တဲ ကိုတောင် လိုက်မကြည့်ဘဲ မင်းက ဘယ် လိုလုပ်သိတာလဲ”
ကျွန်တော်၏ မေးခွန်းကြောင့် ကိုညိုမောင် အံဩသွားပုံရသည်။
“ဟ ညိုမောင်ရ မောင်အောင်က မင်းတို့ငါတို့လို တောထဲနေတဲ့ တောသား မှ မဟုတ်ဘဲ၊ တိရစ္ဆာန်ဆေးကုဆရာဝန် ပါဆို၊ သိတာပေါ့ကွ”
တစ်ချိန်လုံး ငြိမ်နေသော ကျွန်တော် ဦးကြီးဦးရွှေမောင်က ဝင်ဖြေလိုက်သည်။
“ဒီလိုကိုညိုမောင်ရ၊ တိရစ္ဆာန်တွေ က များသောအားဖြင့် သွေးနီးသားစပ် လျှင် အခုလိုမျိုး ပိန်ချုံးချည့်နဲ့တဲ့ သတ္တဝါ လေးတွေ ပေါက်တတ်တယ်။ ကြက်တွေ တင်မကဘူး ကျန်တဲ့ခွေးတို့ ကြောင်တို့ နွားတို့ အားလုံးဒီအတိုင်းပဲ။ သဘောက မောင်နှမချင်း ပြန်ပြီး သားမစပ်ရဘူး။ သွေးဝေးမှ ကြီးထွားဖြစ်ထွန်းမှုရှိတာ”
“အင်း အဲဒီလိုဆိုရင် ငါ့ကြက်ဖလဲ ရမလား။ ကြက်မလဲရမလား။ ကြက်ဖ လဲရင်ရော ဘယ်လိုကြက်ဖမျိုးလဲရင် ကောင်းမလဲ”
ကျွန်တော်၏ အဖြေကို ကိုညိုမောင် က ထပ်ဆင့်မေးလာခြင်းဖြစ်သည်။
“ကြက်ဖ လဲရမှာပေါ့။ ခင်ဗျားလဲတဲ့ ကြက်ဖက အသက်ငယ်ငယ်နှင့် အကောင် ထွားရမယ်။ အစာစားကောင်းရမယ်။ သွက်လက်ဖျတ်လတ်ရမယ်။ သူ့အမေက ဥနှုန်းကောင်းရမယ်။ အကောင်ပေါက် ကောင်းရမယ်။ သားထိန်းကောင်းရ မယ်။ အဲဒါဆိုရင် အဲဒီကြက်ဖနဲ့စပ်ပြီး ပေါက်လာတဲ့ ကြက်ကလေးတွေက သူတို့အဖေ ကြက်ဖရဲ့ အရည်အချင်း ကောင်းတွေရော အမေကြက်မကြီးရဲ့ အရည်အချင်းတွေပါ ရလာလိမ့်မယ်”
“မင်းဟာက ကြည့်လည်းလုပ်ပါ ကိုအောင်ရယ်။ ကြက်တောင်မှ သန်း ခေါင်စာရင်းကောက်ပြီး မှတ်တမ်းလုပ် ထားရမည့်ပုံပေါက်နေပြီ”
ကိုညိုမောင်က ညည်းညဉ်းညူညူ ပြောလာသည်။
“ဟေ့ကောင် ညိုမောင်၊ မင်းက အဲဒါကြောင့် မကြီးပွားတာ။ မောင်အောင် ပြောတာဟုတ်သကွ။ ငါတို့အိမ်က ရွှေနီ ကြက်မကြီးဆို ဥဥလိုက်တာမှ ၁၃ လုံး၊ ၁၄ လုံး၊ အေး သားထိန်းကလည်း ကောင်းမှကောင်း၊ ခွေးတွေ ကြောင်တွေ မပြောနဲ့ လူတောင် သူ့ကလေးအုပ်နား ကပ်လို့မရဘူး။ အဲဒီကောင်မရဲ့ ကလေး တွေကလည်း သူ့အမေလိုပဲ ဥနှုန်းက လည်းကောင်း၊ ကလေးထိန်းလည်း ကောင်း၊ ဒို့အိမ်ကို ကောင်းကောင်းအကျိုး ပြုသွားတာ”
ဦးကြီးက သူ့ကြက်မကြီး ရွှေနီ ကောင်းကြောင်းကို ချီးမွမ်းခန်းဖွင့်နေ သည်။
“ဦးကြီး၊ အဲဒီရွှေနီမကြီး ချက်စား တော့လည်း ကောင်းမှကောင်းလား”
ကိုညိုမောင်က ဝင်၍ အရွှန်းဖောက် လိုက်သည်။
“ဘယ်လိုလုပ် ချက်စားရက်မလဲ ကွ။ အိမ်မှာ မွေးထားတာကို သုံးနှစ် ကျော်ပြီ။ အဲဒါမင်းတို့အရီးမှည့် ငါမရှိ တုန်း ဈေးသုံးလိုလို့ဆိုပြီး ရောင်းစား လိုက်တာ”
ဦးကြီးရွှေမောင်က သူ့ကြက်ရွှေနီမ အကြောင်း ပြောရင်းက မကျေမချမ်း ဖြစ်လာပြီး အရီးမှည့်ကို လှမ်းပြီး မျက် စောင်းထိုးလိုက်သည်။ အရီးမှည့်ကလည်း အကင်းပါးသူမို့၊ တစ်ဘက်လှည့်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးညှိ လိုက်သည်။
“အဲနောက်တစ်ခုက ကိုညိုမောင်တို့ တောကြက်မွေးတယ်ဆိုပြီး အစာမ ကျွေးဘဲနေလို့ မရဘူး။ ညနေအိပ်တန်း တက်ချိန်မှာတော့ မဖြစ်မနေ၊ ပြောင်းဖူး စေ့တို့ ပဲစေ့တို့ ကျွေးဖို့လိုတယ်။ အိမ်မှာ ငါးဟင်းချက်စားရင် အရိုးအရင်းတွေကို ကြောင်တွေ ခွေးတွေချည်းမကျွေးဘဲ ကိုယ့်ကြက်လည်း ကျွေးဖို့လိုတယ်။ အထူးသဖြင့် ကြက်မဥကာနီးအချိန်နှင့် ဥဥနေတဲ့အချိန်ပဲ။ အဲဒီအချိန်မှာ အစာ ကောင်းကောင်းမွန်မွန်စားရမှ အာဟာရ ပြည့်ဝမှ၊ အဲဒီဥကပေါက်လာတဲ့ ကြက် ကလေးတွေ ကျန်းမာသန်စွမ်းမှာ”
“အဲ ပြီးတော့ ကြက်မက ကြက် တင်းကနေ ထွက်တဲ့အချိန်၊ ကြက်မက ဝပ်နေရာကနေ နှစ်ရက်တစ်ကြိမ်၊ သုံး ရက်တစ်ကြိမ် ကြက်တင်းကနေ ထွက် တဲ့အချိန်မှာ လူက ဂရုစိုက်ပြီး အစာ ကောင်းကောင်းကျွေးဖို့လိုတယ်။ ခင်ဗျား မိန်းမမမြညွန့် ကိုယ်ဝန်ရှိတုန်းက ခင်ဗျား ဂရုစိုက်သလို ဥဥနေတဲ့ ကြက်မကို ဂရု စိုက်ရင်၊ အဲဒီကြက်မက ပေါက်တဲ့ ကြက် ကလေးတွေ ကျန်းမာသန်စွမ်းတာပေါ့ ဗျာ”
ကျွန်တော်က ကိုညိုမောင့် အမေးကို အရွှန်းဖောက်၍ ဖြေလိုက်ခြင်းဖြစ်သည်။
“ဒါနဲ့နေစမ်းပါဦး။ မင်းတို့ ကျောင်း တုန်းက အဲဒီလို အသေးစိတ်သင်တာ လား”
“အဲဒီလိုတော့ ဘယ်သင်ပါ့မလဲဗျာ။ အရေးကြီးတဲ့ နည်းစနစ်တွေပဲ သင်တာ ပေါ့။ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က မွေးမြူရေးဝါသနာပါတယ် လေ။ ကိုယ်တိုင်လည်း မွေးတယ်လေ။ ဒီတော့ အဲဒီကျွန်တော့်အတွေ့အကြုံတွေ က ပြန်ပြီး ပြောနိုင်တာပေါ့ဗျာ”
“နောက်တစ်ခါ ကြက်တင်းကို အေးပြီး မှောင်တဲ့နေရာလေးမှာ ထားပေး ရင် ပိုပြီး ကောင်းတယ်။ လူက ကြက် တင်းကို သွားပြီး မကိုင်ဖို့တော့ ခင်ဗျား သိပြီးသားပါ။ တချို့ကြက်မဆိုရင် လူသွားပြီးကိုင်ရင် ဆက်မဝပ်တော့ဘဲ တင်းပျက်သွားတတ်တယ်။ ဒါ့အပြင် ကြက် တင်းစလုပ်ပေးကတည်းက ကောက်ရိုး၊ မြက်ခြောက်၊ ထူထူထည့်ပြီး ဆေးရွက် ကြီးခံပေးထားရင် ကြက်သန်းတွေ၊ လှေး တွေမပွားတော့ဘဲ ကြက်မကြာကြာ ဝပ်ပြီး ကောင်းကောင်းပေါက်တာပေါ့။ အဲဒါဆိုရင် ပေါက်တဲ့ ကြက်ကလေး တွေက လုံးဝသန်သန်မာမာလေးတွေ ပေါက်မှာ”
“နောက်တစ်ခုက ခင်ဗျားပြောတဲ့ ကျီးတို့ စွန်တို့ ကြွက်တို့ ဆွဲတဲ့ကိစ္စ။ အဲဒါ ကတော့ ကြက်သားအုပ်မပေါက်လို့ ဥစုံ ရင် ကြက်တင်းထဲကချပြီး ဆောင်းနဲ့ အုပ်ထား အစာခွက်ရေခွက်ထည့်ပေးရ တာပေါ့။ တချို့ဥက တစ်ဝက်တစ်ပျက် တည်း ပေါက်ပြီး အထဲက ကြက်ကလေး အသက်ရှင်နေရင် ကျွန်တော်ငယ်ငယ် တုန်းက မီးလုံးကလေးနှင့် အပူပေးပြီး ဖောက်တာ။ အဲဒီကြက်ကလေးအသက် ရှင်လာရင် အရမ်းပျော်ဖို့ကောင်းတာ။ ကြက်မ ကြက်တင်းထဲက ထွက်ရင် အဲဒီ မှာရှိတဲ့ ဥခွံတွေ မြက်ခြောက်တွေ ကောက်ရိုးတွေ မီးရှို့ပစ်တာအကောင်း ဆုံးပဲ။ အဲဒီထဲမှာ ကြက်သန်းတွေ၊ လှေး တွေ၊ မွှားတွေ အများကြီး ပေါက်ဖွားနေ တာ”
“မင်းဟာက ဆောင်းနဲ့ပဲ အမြဲ အုပ်ထားတော့မှာလား။ မလွှတ်တော့ဘူး လား။ အဲဒါဆိုကြက်မကြီးယက်ကျွေးတဲ့ အစာ သူတို့ဘယ်လိုလုပ်စားတော့မလဲ”
ကျွန်တော်ပြောစကားချည်း နား ထောင်နေရ၍ ကိုညိုမောင်က ပြန်ပြီး မေးလိုက်ခြင်းဖြစ်သည်။
“လူစောင့်ကြည့်နေတဲ့အခါတော့ လွှတ်ပြီးပေးပေါ့။ လူစောင့်ကြည့်မနေနိုင် ရင်တော့ ကြက်ကလေးအသက် တစ်ပတ် သားလောက်အထိက ဆောင်းနဲ့အုပ်ထား ရင်တော့ အကောင်းဆုံးပဲ။ အရေးကြီး တာက ညဘက်ကြွက်ဆွဲတာကို ဂရုစိုက် ဖို့လိုတယ်”
“အေး ဒါတော့မှန်တယ်။ ပြီးခဲ့တဲ့ အသုတ်က ၁၂ လုံးဝပ်ပြီး ကိုးကောင် ပေါက်တာ။ လေးကောင် ကြွက်ဆွဲသွား တယ်။ ကြက်သားကဈေးကောင်းကာမှ ကြက်ပေါက်ကလေး ကြွက်ဆွဲသွားတော့ လူကို သေချင်စော်ကို နံပါရောကွာ”
ကျွန်တော့်စကားကို ကိုညိုမောင်က ဝင်ပြီး ထောက်ခံလိုက်သည်။
“ဒါတော့ ညဘက်ကြွက်မဆွဲအောင်၊ ကြက်သားအုပ်မနှင့် ကလေးတွေ တောင်း ထဲထည့်ပြီး အမြင့်မှာတင်ပြီးသိပ်ပေါ့။ ကြွက်မလာအောင် ကြောင်မွေးထား။ ကြောင်မစားအောင် ကြက်သားအုပ်မ တောင်းထဲထည့်၊ ဆောင်းနှင့်အုပ်။ ကဲ ဘာတတ်နိုင်သေးတုန်း”
“ကဲ ညိုမောင် လက်ဖက်သုပ်လေး မြည်းလိုက်ဦး။ မောင်အောင်လည်း ရေ နွေးကြမ်းသောက်ဖို့ ခဏနားဦး”
အရီးမှည့်၏ စကားလေးကြောင့် ကျွန်တော်တို့ စကားဝိုင်းတစ်ခန်းရပ်ဖြစ် ပါတော့သည်။
-
မောင်အောင်(မွေး/ကု)
အတွဲ(၁၅)၊ အမှတ်(၄)

Popular Posts