တပေါင်းလ၏ အပူချိန်သည် တစ်နေ့ တခြား ပူပြင်း၍ လာတော့၏။ စိမ်းလန်း ၍နေသော သစ်ရွက်အပေါင်းတို့သည် လည်း နေပူအရှိန်ကြောင့် ဝါကြန့်ကြန့် နီတျာတျာဖြစ်၍ ကြွေကျကုန်ပြီ။ အချို့ လည်း လေပြေလေညင်းတို့ကြောင့် မြေ သို့ခကြရလေပြီ။ အရွက်ကင်းမဲ့သော လက်ပံပင်၊ ကသစ်ပင်တို့တွင်ကား နီရဲ သောအပွင့်များကို မြင်ကြရကုန်၏။ ဆက်ရက်ငှက်များ အပျော်ကြူးနေကြ သည်ကိုလည်း မြင်တွေ့ရပေသည်။ ကလေးငယ်များ လက်ပံပွင့်လုကောက် နေသည်ကိုလည်း မြင်တွေ့ကြရပေ၏။ ထိုအခါ ဆရာမောင်တင်ထွေး လက်ပံ ပွင့်ခြောက်နှင့် ပုန်းရည်ချက် ငယ်ငယ်က စားရသည်ကို သတိရနေမိ၏။
အချိန်ကား နံနက် ၁၀ နာရီခန့် ဖြစ်၏။ အပူချိန်က ပြင်းလှ၏။ နွားများ ခွာနာလျှာနာဖြစ်သည့် သတင်းရလို့ ညောင် ဇင်ရွာသို့ ခရီးထွက်လာခြင်းဖြစ်သည်။ ဆေးလွယ်အိတ်ကိုလွယ်၊ ကျောပိုးအိတ် ကိုပိုးပြီး ချွေးတလုံးလုံးနှင့် သဲတောကန် ၍ လျှောက်လာခြင်းဖြစ်သည်။ အရိပ်ခိုဖို့ သစ်ပင်မရှိ၊ ရိုးတံပြိုင်းပြိုင်းနှင့် ဖြစ်နေကြ ပြီး အပင်ကြီး၍ အပွင့်နီဖြင့် ပြည့်လျှံ နေသည့် လက်ပံပင်ကြီးအခြေကို ထိုင်ပြီး ဆရာမောင်တင်ထွေး အမောဖြေနေ၏။ နောက်ထပ်နာရီဝက်လောက်လျှောက်မှ ညောင်ဇင်ရွာသို့ရောက်မည်။
ညောင်ဇင်ရွာသည် အိမ် ၂၀၀ ကျော် ရှိသည်။ တောင်သူ ၁၃၀ ခန့်ဖြစ်၍ ကျန် သူများမှာ ယာလုပ်သားများဖြစ်ကြ၏။ တချို့လည်း ဆိတ်၊ ဝက်၊ ကြက်မွေးမြူ ကြသည်။ နွားများ ခွာနာလျှာနာဖြစ် လျှင် လုပ်ငန်းခွင်ဝင်နိုင်တော့မည်မဟုတ်။ အညာဒေသစိုက်ချိန်မရောက်မီ မိုးမကျခင် ထဲက ယာထွန်၊ ယာရှင်းလုပ်ရသော အချိန်ဖြစ်၍ လုပ်အားတွေ ဆုံးရှုံးတော့ မည်။ စနစ်တကျဆေးမကုဘဲ ခွာနာ ဖြစ်သောနွားများ သဲပူနစ်ကြပေလိမ့်မည်။ ခွာများရောင်လာပြီး အနာပိုဆိုးလာမည်။ ခွာကျွတ်မည်။ အခိုင်းပျက်မည်။ ပြီးလျှင် ခွာများ ရှည်ထွက်လာမည်။ အမွေးစောင်း မည်။ အမောမလုံ၊ အားပြတ်ဖြစ်လာကြ မည်။ သို့အတွက် စိတ်ပူ၍ ဆရာမောင် တင်ထွေး ညောင်ဇင်ရွာသို့ နေပူပူသဲထူထူ ကြားမှ ရောက်လာခြင်းဖြစ်သည်။
ညောင်ဇင်ရွာသို့ ရောက်ပြီး ဥက္ကဋ္ဌ အိမ်တွင် ခွာနာလျှာနာဖြစ်သော နွား စာရင်းကောက်သောအခါ ခိုင်းနွားကြီး အကောင် ၅၀ လောက်ဖြစ်နေ၏။ ခွာနာ လျှာနာရောဂါဖြစ်တာ လေးငါးရက်ရှိ သွားပြီ။ ထင်တဲ့အတိုင်း ဆေးမြီးတိုနှင့် ကုကြ၏။ ဥက္ကဋ္ဌအိမ်ရောက်တော့ ဖင်နွေးအောင်မထိုင်လိုက်ရဘဲ ရောက် မဆိုက် စာရင်းကောက်ပြီး ရောဂါဖြစ် သော နွားပိုင်ရှင်များ ဥက္ကဋ္ဌအိမ် ခေါ်ခိုင်း လိုက်၏။ ဆေးထည့်ရန် ပုလင်းခွံများ လည်း တစ်ပါတည်း ယူလာရန် မှာလိုက် ၏။ ဆေးပေးဖို့ ခေါ်လိုက်တော့ ရွာ သားများ သူ့ထက်ငါ အရင်ဦးအောင် လာကြ၏။ တချို့က ပုလင်းကြီးကြီး၊ တချို့က ပုလင်းငယ်ငယ်၊ တချို့က နို့ဆီ ဘူး အသီးသီးယူလာကြ၏။ ဤသည်ကို ကြည့်ခြင်းဖြင့် လူတွေရဲ့ လောဘကို ဆရာမောင်တင်ထွေး သိလိုက်ရ၏။ ဆေး များများလိုချင်သောသူများက ပုလင်း ကြီးကြီးယူလာခြင်းဖြစ်သည်။
ဆရာမောင်တင်ထွေး ခွာနာလျှာနာ အကြောင်း အရင်ရှင်းပြ၏။ ကူးစက်ရောဂါ ဖြစ်၍ အပြင်မလွှတ်ဘဲ အိမ်တွင် ရောဂါ ဖြစ်သော နွားများသီးသန့်ထားရန်၊ ခွာများ သဲပူမနစ်ရန် မှာကြား၏။ သဲပူနစ်လျှင် ခွာကျွတ်ခြင်းရောဂါ မပျောက်နိုင်ကြောင်း ကို ရှင်းလင်းပြောကြား၏။ ခွာနာအတွက် ဆေးကတ္တရာလိမ်းပေးခြင်း၊ လျှာနာ အတွက် ဖန်ရည်ဆေးရန် ကျောက်ချဉ် တစ်ကျပ်သား၊ ရေငှက်ပျောဖူးတစ် ပုလင်းနှင့် ဖျော်၍ တစ်နေ့လျှင် သုံးလေး ကြိမ်ဆေးပေးရန် မှာကြားနေ၏။
ခွာနာလျှာနာရောဂါသည် ခိုင်းနွား ကြီးများတွင် အသက်မသေသော်လည်း လုပ်အားဆုံးရှုံးသော ရောဂါဖြစ်သည်။ ခိုင်းနွားများ ခွာရှည်လာခြင်း၊ အမွေး စောင်းခြင်း၊ ခိုင်းစေချိန် မောပန်းနေခြင်း၊ နို့စားနွားမများနို့ထွက်နှုန်းလျော့ခြင်း အပြင် နွားမများသားလျှောခြင်း၊ နွားငယ် များ သေဆုံးသည်အထိ ဖြစ်နိုင်ခြင်းတို့ ကြောင့် စီးပွားရေးအရ ထိခိုက်မှုများ စွာ ရနိုင်ပါသည်။
ခွာနာလျှာနာရောဂါဖြစ်နေသော တိရစ္ဆာန်များ၏ တံတွေး၊ နှာရည်၊ ဆီး၊ ဝမ်း၊ နို့ရည်၊ အနာဖေး၊ အနာသားနံရည် များမှ တစ်ဆင့်လည်းကောင်း၊ ရောဂါပိုး ရှိသော အစာ၊ ရေတို့မှလည်းကောင်း၊ ပြင်ပဧည့်သည်၊ ယာဉ်ပစ္စည်းများ၊ တွား သွားတိရစ္ဆာန်များမှ သယ်ဆောင်၍ လည်းကောင်း၊ တစ်ဆင့်ကူးစက်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းဖြင့်လည်း ကူးစက် နိုင်ပါသည်။ ရောဂါမဖြစ်သော နွားများ ကြိုတင်ကာကွယ်ဆေးထိုးရန် စီမံရမည်။ ကာကွယ်ဆေးကိုလည်း ပထမအကြိမ် ထိုးပေးပြီး နှစ်ပတ်မှ လေးပတ်အတွင်း ဒုတိယအကြိမ်ထိုးပေးခြင်းဖြင့် ခြောက်လ တစ်ကြိမ်ထိုးရန်လည်း ရှင်းပြခဲ့သည်။
ဆရာမောင်တင်ထွေးအဖို့တော့ ဒီလ အလုပ်ရှုပ်သွားပြီ။ ခွာနာလျှာနာရောဂါ ဖြစ်နေကြောင်း၊ ရွာနီးချူးစပ်အကြောင်း ကြားရတော့မည်။ ညောင်ဇင်ရွာသို့ရောဂါ ပြတ်စဲသည့် အဆင့်ရောက်အောင် နှစ်ကြိမ်၊ သုံးကြိမ်သွားရတော့မည်။ ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးသည် အဖိုးအခ အထိုက်အလျောက်ရှိ၍ ကျွဲ၊ နွားပိုင်ရှင်များ ကို ရှင်းပြရဦးမည်။ ရေခဲဖြင့် သယ်ယူရ သဖြင့် ကရိကထများဦးမည်။ တိရစ္ဆာန် ဆေးကုဆရာဝန်များ အောက်ဘရိတ် (ကူးစက်ရောဂါကျရောက်ခြင်း)ဖြစ်လျှင် ပင်ပန်းလှသည်။
ခွာနာလျှာနာရောဂါများ မကူးစက် နိုင်ရန်အတွက် ဆရာမောင်တင်ထွေး တောင်သူများကို အကြံပြုခဲ့သည်။ ရောဂါ ဖြစ်သော နွားများကို စောနိုင်သမျှ သီးခြား ခွဲထားရန်၊ စားကျက်သို့ လွှတ်မကျောင်း ဘဲ အစာခွက်၊ ရေခွက်သီးခြားထားရှိရန်၊ ရောဂါဖြစ်သော တိရစ္ဆာန်တံတွေး၊ ဆီး၊ နှာရည်၊ ဝမ်းစသည်များ သီးခြားပုံပြီး ထုံးဖြူးထားခြင်းနှင့် ပတ်ဝန်းကျင် ထုံးဖြူးထားရန်၊ နွားကို သီးခြားပြုစုပြီး ခြောက်သွေ့သောနေရာတွင် ထားရှိရန်၊ ပေးထားသော ဆေးကတ္တရာ၊ ကျောက် ချဉ်များ မှာကြားထားသည့်အတိုင်း စနစ် တကျ ဖန်ရည်ဆေး၊ လိမ်းပေးရန်နှင့် ကာကွယ်ဆေးကို ခြောက်လတစ်ကြိမ် ရောဂါမဖြစ်ခင် ကြိုတင်ထိုးရန်ဖြစ်သည်။
ရောဂါဖြစ်သော နွားများကိုဖော်ပြပါ ပေးထားသော ဆေးကတ္တရာ၊ ကျောက် ချဉ်မရှိပါက မြန်မာတိုင်းရင်းဆေးများဖြင့် ကုသရန်လည်း မှာကြားခဲ့သည်။ လျှာကို ဆားရည်ဖြင့် လေးငါးကြိမ်ဆေးပြီး တောစံပယ်မြစ်သွေး၍ လိမ်းခြင်း၊ ပျား ရည်နှင့် ငှက်ပျောသီးဖျော်၍ လိမ်းခြင်း၊ ခွာကို အရက် သို့မဟုတ် တမာခေါက်၊ ထန်းခေါက်၊ ရှားခေါက်တို့ ပြုတ်ထား သော အရည်နှင့် ဖန်ဆေးပြီး ရေနံချေး နှစ်ဇွန်း၊ ဒုတ္ထာပြာ တစ်မတ်သားဖျော်၍ ခွာနာတွင် ထည့်ပေးခြင်း၊ တာပင်တိုင်ဆီ တစ်ဆ၊ ဆီငါးဆ သို့မဟုတ် ကန့်မှုန့် နှင့် အုန်းဆီဖျော်၍ ထည့်ပေးခြင်းဖြင့် ကုသနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ခွာနာ လျှာနာရောဂါသည် ရာသီ အကူးအပြောင်း(နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီစသည်များ)နှင့် စွတ်စိုသည့် ရာသီဥတု(မိုးရာသီ)တို့တွင် ဖြစ်တတ်၍ အထူးသတိထားရန် လိုအပ် ပြီး ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက် စသည့် သတ္တဝါများ ကူးစက်ဖြစ်ပွားလွယ်သည်။
ကျွဲ၊ နွားများ ခွာနာလျှာနာရောဂါ ဝင်ရောက်ပါက တိုက်ရိုက်ထိခိုက်ခြင်း အပြင် လယ်ယာလုပ်ငန်းခွင်အတွက် သွယ်ဝိုက်သောနည်းဖြင့်လည်း ထိခိုက် ဆုံးရှုံးနိုင်ခြင်းတို့ကြောင့် လူတစ်ဦးအတွက် သာမက တိုင်းပြည်တစ်ခုလုံး၏ စီးပွား ရေးအတွက် အရေးကြီးသည့် ရောဂါတစ်ခု ဖြစ်ကြောင်း သတိပြုရပါမည်။ ရောဂါ စတင်ဖြစ်သည်ဟု သံသယရှိပါက ဌာန သို့ သတင်းပေးရန်နှင့် ရောဂါထိန်းချုပ် နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ရာသီမရွေးဖြစ်တတ်သော၊ အထူး သဖြင့် နွေအကုန် မိုးအကူးမှာ ဖြစ်လေ့ ရှိသော ခွာနာလျှာနာရောဂါအကြောင်း ညောင်ဇင်ကျေးရွာတောင်သူများ အသိ ကြွယ်သွားသဖြင့် နေပူပူသဲထူထူအပြန် လမ်းမှာဖြင့် ဆရာမောင်တင်ထွေး မမော ပန်းဘဲ ပီတိတွေလွှမ်း၍ နေပါတော့သည်။
ထွန်းထွန်း(တိုက်ကြီး)
အတွဲ(၁၅)၊ အမှတ်(၃)
အတွဲ(၁၅)၊ အမှတ်(၃)