သို့သော် လူ့ဘောင်အဖွဲ့အစည်းတွင် မညီမျှမှုများဟူသည် ရှိ၏။ ထိုမညီမျှမှု များမှ ကင်းလွတ်ပြီး လူ့အသိုင်းအဝိုင်း တစ်ရပ်လုံး အလွန်အကျွံဆင်းရဲခြင်းမရှိမှ ငတ်မွတ်ခြင်းဘေးမှ ချမ်းသာရာ ရကြ မည်ဖြစ်သည်။ နောက်တစ်ချက်မှာလည်း စပါးဆန်ရေထွက်ဖို့၊ လုံလောက်စွာထွက် ဖို့ လိုလိမ့်မည်။ ပိုက်ဆံရှိလျက် စပါး ဆန်ရေ အထွက်နည်းလျှင်၊ ရှားပါးလျှင် ငတ်နိုင်၏။
ကိုယ်တွေ့ကိုဖော်ပြရလျှင် ၁၉၆၇-၁၉၆၈ ခုနှစ် ကျွန်တော် နမ္မတူ-ဘော် တွင်းမိုင်းမှာ အလုပ်လုပ်နေစဉ်ကဖြစ် သည်။ ဇနီးသည်က ဘော်တွင်း အလယ် တန်းကျောင်းမှာ ကျောင်းအုပ်၊ သမီးလေး နှစ်ယောက်ရပြီ။ တစ်နေ့တွင် အိမ်မှာ စားရင်းသောက်ရင်း စုမိသော မများ လှသည့်ဆန် ပိုးထိုးသည်ကိုတွေ့သဖြင့် သူက နွားစာအဖြစ် နွားနို့သည် ဂေါ်ရခါး မိသားစုကို ရောင်းလိုက်သည်။ နောက်နေ့ တွင် တစ်နေ့တစ်မိသားစု ဆန်တစ်ပြည် နှုန်း ထုတ်ပေးနေသော သမဝါယမဆိုင်သို့ အိမ်ဖော်မလေးအား တန်းစီဝယ်ယူစေ သည်။ သူဝယ်လာသောဆန်က ပွဆုပ် ဆုပ် ညစ်ပုပ်ပုပ်နှင့်၊ စားနေကျ ဧည့်မထ ဆန်နှင့်မတူ။ ချက်သောအခါ အကျက် မြန်၏။ စားသောအခါ အနံ့တော့မရှိ၊ ဖွယ်တယ်တယ်နှင့်၊ ဆန်အရသာမပေါ်။ ဘာဆန်ခေါ်သလဲမေးကြည့်သောအခါ ဝက်ပင်စားရန်ငြင်းဆန်သည့် "ပြုပ်ဆန်'' တဲ့။ အချို့ကပြောသည် ''ပုပ်ဆန်''တဲ့။ ထမင်းကြမ်းကျန်လျှင် မာတောင့်ခဲနေ ၏။ လက်ထဲမှာရှိသမျှငွေဖြင့် အခြားဆန် ဘယ်မှာမှရှာမရ။ နမ္မတူမပါ၊ ဘော်တွင်း-ကျားစခန်းရှိ အရာရှိ ၂၅ ဦး၊ အလုပ်သမား ၂၅၀၀ ဦးခန့်နှင့် မိသားစုဝင် လူဦးရေ တစ်သောင်းခန့် ဒါကိုပဲ သုံးလေးလ စားခဲ့ ရသည်။ ပြုပ်ဆန်သာမရလျှင် အငတ်ကြီး ငတ်ရမည့်ကိန်း။
အီသီယိုးပီးယားနှင့် အာဖရိက ဆဟာ ရဒေသတွင် ကြားရဖူးသည့် အငတ်ဘေး ကြီးမျိုးတော့မဟုတ်၊ မြန်မာပြည်မှာ ငတ်၍ သေသူမရှိသော်လည်း ထမင်းနပ် မှန်အောင် မစားရသူများ၊ အာဟာရ အနည်းနှင့်အများဆိုသလို ချို့တဲ့နေသူများ၊ ယနေ့ထက်တိုင် ရှိနေသည်။ သည်လို ကိစ္စ ဘေးဥပဒ်များမှ ကင်းဝေးနိုင်ဖို့ တစ်ချက်နှင့်တစ်ချက် အချင်းချင်း တည်မှီ နေသည့် ကျန် ၁၅ ရပ်သော ပန်းတိုင်များ ကိုလည်း လှမ်းကိုင်ပြီးသား ဖြစ်ရပေ လိမ့်မည်။
အငတ်ဘေးကို အဆုံးသတ်ရေး
''ဆင်းရဲမွဲတေခြင်း(ယင်း၏ နောက် ဆက်တွဲ ငတ်မွတ်ခေါင်းပါးခြင်း) ဘေး ဒုက္ခမှ ကင်းဝေးခြင်း၊ ဤကမ္ဘာဂြိုလ် သန့် ရှင်းကျန်းမာခြင်း၊ စစ်မဲ့ငြိမ်းချမ်းခြင်း၊ အားလုံးတူမျှစွာ ပါဝင်ခွင့်ရှိသော လူ့ဘောင် လူ့အရပ်ဖြစ်ခြင်းစသည့် အကြောင်း အချက်တို့သည် အားလုံးအတွက် ဘ၀ အာမခံချက်ပေးနိုင်သော အခြေခံအုတ် မြစ်များဖြစ်သည်''ဟု ကမ္ဘာ့ကုလသမဂ္ဂ၏ လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယာ ဂူတားရက်စ်က ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက်များ ၂၀၁၇ အစီရင်ခံစာ (2017 SDG Report)တွင် ဥဒါန်းကြူး အမှာစကားပါးထားသည်။
အစီရင်ခံစာပါ ရည်မှန်းချက် (၂)၏ ခေါင်းစီးအရှည်ကြီးမှာ ''အငတ်ဘေး အဆုံးသတ်ရေး၊ အစာရေစာ ပြည့်ဝလုံခြုံ ရေး၊ အာဟာရပိုမိုကောင်းမွန်ရေး၊ စိုက် ပျိုးမွေးမြူရေးအလုပ်များ ရေရှည် ဖွံ့ဖြိုးအောင် မြှင့်တင်ရေး''ဟူ၏။
ရည်မှန်းချက်(၂)က ညွှန်းဆိုသည်မှာ လူသား၏ အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်သည့် အာဟာရဓာတ် အပြည့်အဝပါပြီး ကျန်းမာရေးကို အထောက်အကူပြုသော အစားအစာများကို လူတိုင်း လက်လှမ်း မီရရှိနိုင်ရေး ဖြစ်သည်။ အငတ်ပြဿနာ ဖြေရှင်းရေးဆိုသည်မှာ အစာရေစာထုတ် လုပ်မှု ပိုမိုတိုးတက်လာရုံမျှဖြင့် မလုံ လောက်ချေ။ ချောမွေ့စွာအလုပ်လုပ်နေ သော ဈေးကွက်များ၊ ပိုင်ဆိုင်မှုအငယ်စား တောင်သူများအတွက် ဝင်ငွေတိုးပွားရေး၊ နည်းပညာနှင့် စိုက်ပျိုးလုပ်ကိုင်ရန်မြေ တူမျှစွာ လက်လှမ်းမီရေး၊ တိုးချဲ့ရင်းနှီး မြှုပ်နှံမှုပြုနိုင်ရေးစသည့် အချက်များသည် ကြံ့ခိုင်ရှင်သန်ပြီး ထုတ်လုပ်အားကောင်း ကောင်းဖြင့် အစာရေစာ ပြည့်စုံလုံခြုံရေး ကို စွမ်းဆောင်ပေးသော တောင်သူလုပ် ငန်းများတွင် အရေးပါလှပေသည်။
၂၀၁၇ ခုနှစ် အက်စ်ဒီဂျီအစီရင်ခံစာပါ အငတ်ဘေးမှကင်းဝေးရေးဆိုင်ရာ အခြေ အနေအရပ်ရပ်မှာ ကမ္ဘာနှင့်အဝန်း အာဟာရ ပြည့်စုံမှု မရှိသူတို့၏ အချိုးအစား ၂၀၀၀-၂၀၀၂ တွင် ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄-၂၀၁၆ တွင် ၁၁ ရာခိုင်နှုန်းသို့ ကျဆင်း ခဲ့သည်။ လူဦးရေအားဖြင့် ၂၀၁၄-၂၀၁၆ နှစ်များအတွင်း ရှိခဲ့သော ကမ္ဘာတစ်ဝန်း လုံး အာဟာရမပြည့်စုံသူ ၇၉၃ သန်း ဖြစ်ပြီး ယင်းကိန်းဂဏန်းသည် ၂၀၀၀-၂၀၀၂ အတွင်းက သန်းပေါင်း ၉၃၀ ရှိခဲ့ရာမှ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
၂၀၁၄-၂၀၁၆ နှစ်များတွင် အာရှတိုက် တောင်ပိုင်းနှင့် ဆဟာရကန္တာရတစ်ပိုင်း ဖြစ်သော အာဖရိကတိုက်တွင် အာဟာရ ပြည့်ဝစွာ မစားသောက်နိုင်သူဦးရေမှာ ကမ္ဘာ့လူဦးရေ ၏ ၆၃ ရာခိုင်နှုန်းရှိသည်။
၂၀၁၆ ခုနှစ်တွင် မှန်းခြေအားဖြင့် ၁၅၅ သန်းမျှသော အသက်ငါးနှစ်အောက် ကလေးသူငယ်များသည် ကြီးထွားနှုန်း နှေးကြသည် (ယင်းတို့အသက်အရွယ် တွင်ရှိရမည့် အရပ်ထက် ပုကြသည်)။ ၅၂ သန်းသည် ကိုယ်အလေးချိန် တုံ့ဆိုင်း နေကြသည်။ (သူတို့၏ အရပ်အမြင့် အတွက် ရှိရမည့် ကိုယ်အလေး ချိန်ထက် ယုတ်လျော့နေသည်)။ ကမ္ဘာနှင့်အဝန်း အရပ်ပုနှုန်း ၂၀၀၀ ပြည့်နှစ် တွင် ၃၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေအဖွဲ့ (OECD)၏ ဖွံ့ဖြိုးမှုအကူ အညီပေးရေးကော်မတီ(DAC)က အပိုင်း လိုက်ခွဲဝေပေးသော အထောက်အပံ့ဝေစု ၁၉၈၀ ပြည့်နှစ်မျာ၏ အလည်ပိုင်းတွင် လယ်ယာကဏ္ဍအတွက် ၂၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၇ ရာခိုင်နှုန်း သို့ ကျဆင်းသွားခဲ့သည်။
မည်သူတွေ အငတ်ဘေး ပိုကြုံရတတ် သနည်း
ရာသီဥတုဒဏ်၊ ရောဂါဘယဒဏ်၊ စစ်မက်ဖြစ်ပွားမှုဒဏ်၊ လူမှုရေးခွဲခြား ဆက်ဆံမှုဒဏ်ခံရနိုင်ဖွယ် အများဆုံးရှိသူ များရှိသည်။ ထို ထိလွယ်ရှလွယ်ဖြစ်သူ များတွင် ကလေးသူငယ်များ၊ လူငယ်များ၊ အိုကြီးရင့်မ ဘိုးဘွားအရွယ် ရှိသူများ၊ ကိုယ်လက်အင်္ဂါ ချည့်နဲ့ချို့တဲ့၍ မသန် စွမ်းသူများ၊ အနာရောဂါစွဲကပ်ထား သူများ၊ ခေတ်နောက်ကျကျန်ခဲ့သူ တိုင်း ရင်းသားများ၊ နိုင်ငံတွင်း စစ်ရှောင်စစ်ပြေး ဒုက္ခသည်များ၊ ပြည်ပမှ ဝင်ရောက်ခိုလှုံ လာသူများပါဝင်သည်။ ယင်းတို့၏ စာရင်း နှင့် အခြေအနေကို တိတိကျကျ မသိရှိ ခြင်းသည် ယင်းတို့၏ ဆင်းရဲပင်ပန်းမှု အခြေအနေကို ပိုဆိုးစေသည်။ အစာရေစာ ပြတ်တောက်ကာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြုံရပြီဆိုလျှင် လူမှုအသိုင်းအဝိုင်းက မကူလျှင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ကုန်၏။
သာမန်အားဖြင့် မြန်မာပြည်သည် ဆန်ရေစပါး အလွန်ပေါများသော နိုင်ငံ ဖြစ်၏။ ပွင့်လင်းလွတ်လပ်ပြီး လက်ဝါး ကြီးအုပ် ပိုင်ဆိုင်ရောင်းဝယ်မှုမရှိသော စီးပွားကုန်သွယ်စနစ်တွင် လူ့သဘာဝ အရောင်းလိုက်-အဝယ်လိုက် (Supply and Demand Principle) သဘော အတိုင်း ကုန်စည်နှင့်ငွေ စီးဆင်းလှုပ်ရှား မည်ဆိုလျှင်၊ ဤသဘောသဘာဝ၏ လက်တွေ့လုပ်ငန်းများကို လှည့်ပတ်ကစား ပြတ်တောက်စေခြင်း မရှိလျှင် ငွေကြေး ဖောင်းပွမှုမရှိ (သို့မဟုတ် နည်းပါး)၊ အလုပ်လက်မဲ့နည်းပါး၊ ကုန်စည်များ လည်း ပြည်သူ့လက်ဝယ်သို့ လိုသလောက် ရောက်နေမည်ဖြစ်၍ ပြည်သူအများ ဆင်းရဲစရာမရှိ၊ ငတ်စရာ ပြတ်စရာ အကြောင်းမရှိချေ။ မြန်မာပြည်လို စိုက် ပျိုးမြေကလည်းပေါ၊ သာမန်အားဖြင့် မိုးရေနှင့် ဆည်ရေလည်း ပေါပေါများများ ရနိုင်သောနိုင်ငံတွင် အထက်တစ်နေရာ တွင် ဆိုခဲ့သလို အငတ်ဘေးကြုံစရာ မဆို ထားဘိ၊ အလွန်အမင်း ဆင်းရဲစရာပင် မရှိချေ။
ဘာတွေရှောင်၊ ဘာတွေဆောင်ရမည်နည်း
စိုက်ပျိုးမြေပေါသော မြန်မာနိုင်ငံ လူဦးရေ တိုးလာသည်နှင့်အမျှ ဘာ့ကြောင့် စိုက်ပျိုးမြေ မတိုးနိုင်ရသနည်း။ စာရင်း ဇယားလည်း အတိအကျမရှိ၊ တိုးသည် လည်းမသိ၊ လျော့သည်လည်းမသိ။ အတိ အကျ မသိခြင်းကို ပြောခြင်းပါ။ စင်စစ် ယုတ်လျော့ကုန်တာ သေချာသည်၊ ကိန်း ဂဏန်းပြန်တမ်းရှိဖို့၊ ပြည်သူတို့ သိဖို့ ကောင်းသည်။
စိုက်ပျိုးမြေ ယုတ်လျော့သွားတာ သေချာသည်ဟု ဘာ့ကြောင့်ပြောနိုင် သနည်း။ လယ်မြေယာမြေ၊ ဥယျာဉ်ခြံမြေ တွေ ခရိုနီလက်ထဲ၊ မဆိုင်သည့် လူတွေ လက်ထဲရောက်၊ အသုံးချခြင်းက မထိ ရောက်၊ ဘာအလုပ်မှမဖြစ်။ အချို့များဆို သိမ်းသည့်အကြောင်းကိုက လယ်စိုက်ရန် တဲ့၊ အကွက်ရိုက်ရောင်းစားရန်တဲ့၊ အချို့ က မြေသိမ်းခံလယ်သမားကိုပင် သီးစား ချလိုက်သေး၏။ စီးပွားတိုးတက်ဖွံဖြိုး ရေး၊ သီးနှံအထွက်တိုးရေး၊ စားရေရိက္ခာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါလားမသိ။ စိုက်ပျိုးမြေဧရိယာ လျော့ကျ စေသော၊ ဆုတ်ယုတ်စေသော အလုပ်မှန် သမျှကို သေချာပေါက် ရှောင်ကြဉ်ကြရ လိမ့်မည်။ လုပ်ပြီးခဲ့သည့် အမှားများ ကိုလည်း အလျင်အမြန် ပြန်လည်ပြုပြင် ရေး လွှတ်တော်များနှင့် အစိုးရတို့က အမြန်လုပ်ဖို့လိုသည်။
စိုက်ပျိုးမြေဆုံးရှုံးရခြင်းနှင့် သီးနှံ အထွက်ထိခိုက်ခြင်း၏ အကြောင်းရင်း အချို့ဖြစ်သော ရေကြီးရေလျှံခြင်း၊ မြစ် အထက်ပိုင်း ကျောက်မျက်၊ ရွှေလုပ်ငန်း စသည်တို့ကြောင့်လည်းကောင်း၊ သစ် တောပြုန်းတီးမှုကြောင့်လည်းကောင်း မြစ်အလယ်အကြေပိုင်း မြစ်ချောင်းများ တွင် သဲနုန်းပို့ချမှု အထူးများခြင်းကြောင့် မြစ်ချောင်းကြမ်းပြင် မြင့်တက်သဖြင့် ဧရာဝတီ၊ ချင်းတွင်းစသော မြစ်ကြီးများ ၏ ကမ်းနဖူးများ ပြိုပျက်ပြီး အိမ်ခြေယာ မြေ၊ လယ်မြေများ ပျက်စီးဆုံးရှုံးခြင်း စသော သဘာဝနှင့် လူ့ဒဏ်ကြောင့်ဖြစ် သည့် ဘေးရန်များမှ ကြိုတင်ကာကွယ် ထိန်းသိမ်းခြင်းစသော အလုပ်များကို နိုင်နိုင်နင်းနင်း လုပ်ကိုင်ခြင်း၊ လယ်ယာ မြေနယ်များတွင် ရေစီးရေလာပျက်ယွင်း မှုများကို မလုပ်ခြင်း၊ ဖြစ်ခဲ့လျှင်လည်း အမြန်ဖြေရှင်းပေးခြင်းစသော အလုပ် များကို အစိုးရက ဦးစီးဦးရွက်ပြုကာ စီမံခန့်ခွဲ လုပ်ဆောင်ရပါလိမ့်မည်။
လယ်ယာစီးပွား စီမံခန့်ခွဲမှုကို ခေတ်မီ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရေး ဟူသည် လယ်သမားတို့၏ ပုဂ္ဂလိကလုပ် အား၊ လူနှင့်မြေသယံဇာတ၏ ထုတ်လုပ်မှု စွမ်းအား (Productivity of Men and Land)ကို တိုးတက်အောင် စီမံကြံဆောင် လုံးပန်းနိုင်ပါမှ တန်ကာကျမည်၊ သည် အလုပ်တွင် အစိုးရက လယ်သမားအား များစွာ ကူညီပံ့ပိုးရလိမ့်မည်။
လယ်ယာသမားအား သူ့လုပ်ငန်း အတွက် အလွန်နည်းသော အတိုးနှုန်းများ နှင့် ရေတိုရေရှည် ငွေချေးယူပိုင်ခွင့် ရှိစေရမည်။ ပုဂ္ဂလိကပိုင် မိုက်ကရိုဘဏ်များကို
အစိုးရဘဏ်နှင့် အာမခံလုပ်ငန်းအား ကောင်းစွာယှဉ်ပြိုင်ခွင့်ပေးရမည်၊ အားပေး ရမည်။ လယ်သမား၏ အသိအတတ်ပညာ
ပိုင်းကို မြှင့်တင်ပေးရမည်။ မသိနား မလည်သူအဖြစ် အစိုးရက အမြတ်မထုတ် ရ၊ မည်သည့်ခရိုနီနှင့် အခြားမည်သည့် စီးပွားရေးသမားမျှလည်း လယ်သမား အပေါ် လည်ပင်းနင်းအမြတ်မထုတ်စေရ၊ သည်အရေး အလေးထား ဥပဒေပြုကာ အစိုးရနှင့် တရားစီရင်ရေးအပိုင်းများ (Government and Judiciary)က ဦးစီးကွပ်ကဲ မျှမျှတတ စီမံလုပ်ဆောင် ကြရလိမ့်မည်။ မြန်မာပြည်သူတို့ အငတ် ဘေး၊ အာဟာရချို့တဲ့သည့်ဘေးတို့မှ ကင်းဝေးစေရန်ဖြစ်သည်။ မြန်မာပြည်သူ အပေါင်း ကောင်းကျိုးချမ်းသာအဖြာဖြာ ပြည့်စုံလျှက် အငတ်ဘေးမှ ဝေးဝေးရှောင် အောင်နိုင်ကြပါစေ။
-
ညီညီ(ဘော်တွင်း)
အတွဲ(၁၅)၊ အမှတ်(၄)
အစိုးရဘဏ်နှင့် အာမခံလုပ်ငန်းအား ကောင်းစွာယှဉ်ပြိုင်ခွင့်ပေးရမည်၊ အားပေး ရမည်။ လယ်သမား၏ အသိအတတ်ပညာ
ပိုင်းကို မြှင့်တင်ပေးရမည်။ မသိနား မလည်သူအဖြစ် အစိုးရက အမြတ်မထုတ် ရ၊ မည်သည့်ခရိုနီနှင့် အခြားမည်သည့် စီးပွားရေးသမားမျှလည်း လယ်သမား အပေါ် လည်ပင်းနင်းအမြတ်မထုတ်စေရ၊ သည်အရေး အလေးထား ဥပဒေပြုကာ အစိုးရနှင့် တရားစီရင်ရေးအပိုင်းများ (Government and Judiciary)က ဦးစီးကွပ်ကဲ မျှမျှတတ စီမံလုပ်ဆောင် ကြရလိမ့်မည်။ မြန်မာပြည်သူတို့ အငတ် ဘေး၊ အာဟာရချို့တဲ့သည့်ဘေးတို့မှ ကင်းဝေးစေရန်ဖြစ်သည်။ မြန်မာပြည်သူ အပေါင်း ကောင်းကျိုးချမ်းသာအဖြာဖြာ ပြည့်စုံလျှက် အငတ်ဘေးမှ ဝေးဝေးရှောင် အောင်နိုင်ကြပါစေ။
-
ညီညီ(ဘော်တွင်း)
အတွဲ(၁၅)၊ အမှတ်(၄)