February 16, 2018

တစ်မျိုးသားလုံး တစ်စိတ်တစ်ဝမ်းတည်း လက်တွဲဖော်ဆောင်

မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အစဉ်တစိုက် ဦးတည်ကြိုးပမ်းနေသည့် နိုင်ငံဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်နိုင်စေရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နယ်မြေဒေသအသီးသီး ငြိမ်းချမ်းရေးရရှိရေးအတွက် ယနေ့နိုင်ငံတော်က ဦးစားပေးဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိစဉ်ကပင် တိုင်းပြည်ပြန်လည်တူထောင်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့ ဆောင်ရွက်နိုင်မှု အားနည်းခဲ့သည်။ လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၀ ကျော်ကြာရှိခဲ့သည့် ယနေ့ထက်တိုင် တိုင်းပြည်ငြိမ်းချမ်းရေးကို ခက်ခဲစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ တိုင်းပြည်တိုးတက်ရေးဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူများအကြား မတူကွဲပြားမှုများကို ဘေးဖယ်ထား၍ တူညီသည်များကို စုစည်းကာ ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ကြရမည်။ မတူညီသော်လည်း ပေါင်းစည်းဆောင်ရွက်နိုင်ခြင်းများရှိပါက ပေါင်းစည်းဆောင်ရွက်ကြခြင်းဖြင့် ပြည်သူတို့မျှော်မှန်းသည့် တည်ငြိမ်အေးချမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံသားတို့၏ လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲဖြစ်တည်လျက်ရှိနေသည်။ ငြိမ်းချမ်းရေးရှိမှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် စွမ်းအင်လုံလောက်စွာ ရရှိရေးတို့ကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေး အလျင်အမြန် အောင်မြင်ဖွံ့ဖြိုးလာမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်အား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေး ဖော်ဆောင်ခြင်းနှင့်အတူ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်း ချီတက်ကြရာတွင် နိုင်ငံတော်နှင့်အတူ နိုင်ငံသားပြည်သူများအနေဖြင့် စည်းလုံးမှုအင်အား၊ ညီညွတ်မှုစွမ်းအားတို့ဖြင့် တက်ညီလက်ညီလက်တွဲဖော်ဆောင်ကြရမည်။ နိုင်ငံတည်တံ့ခိုင်မြဲစေရန်၊ ပြည်ထောင်စုကြီးကို နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ခိုင်မာအောင် ထားခဲ့စေရန်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြရမည်။ လူတစ်ဦးနှင့်တစ်ဦး၊ အစုအဖွဲ့ တစ်ခုနှင့်တစ်ခု အမြင်ချင်းမတူကြသော်လည်း၊ မတူကွဲပြားမှုများအား ဘေးဖယ်၍ ညီညွတ်မှုကို ထူထောင်နိုင်ခြင်းသည် တကယ့်စစ်မှန်သော ဒီမိုကရေစီစိတ်ဓာတ် ဖော်ညွှန်းနိုင်ခြင်းပင်ဖြစ်သည်။ ယင်းသို့ ဖော်ဆောင်မှုသည် ဒီမိုကရေစီစနစ်၏ အခြေခံအချက်ပင်ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သော ညီညွတ်ခြင်း၊ စည်းလုံးခြင်းကိုအခြေခံ၍ တစ်မျိုးသားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းလက်တွဲဆောင်ရွက်လျှင် ရည်မှန်းထားသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်လာပြီး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်းနှင့်အတူ တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားရေးဘ၀များလည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
၁၃၇၉ ခု၊ တပေါင်းလဆန်း ၁ ရက်။ စာတည်းမှူး
အတွဲ(၁၅)၊ အမှတ်(၄)

Popular Posts