ပျိုးခင်းစိမ်းလဲ့၊
ယိမ်းနွဲ့ဝေဖြာ
ပျိုးသက်လသား၊
ပင်ပွားများမှာ
စိုက်ကွက်ညီညာ၊
ပြုပြင်ကာထား
ငန်းတက်တန်းစီ၊
ကောက်ချက်ညီ
မဒီပျိုများ၊
ဝင့်ကြွားသည်နှင့်လေး။
လှပါးကွက်ကျား၊
ပါးမှာထူထူ
ထမီတိုဝတ်၊
မိုးစွတ်ပျိုဖြူ
ဝါးခမောက်ကူ၊
ညီတူစွာဆောင်း
တစ်ကွက်ပြီးလျှင်၊
တစ်ကွက်ဝင်
လုပ်ခွင်စုပေါင်း၊
အောင်ကြောင်းငယ်နှင့်လေး
မိုးလေကကောင်း၊
ညိမ့်ညောင်းသံလွင်
ကောက်စိုက်မတေး၊
လေသွေးရာနှင်
အုံးအင်အုံးအင်၊
လယ်ခွင်ကဖား
နေထွက်နေဝင်၊
ဇွဲမာန်ဆင်
လုပ်ခွင်မနား၊
စိုက်အားငယ်နှင့်လေး။
လယ်ရှင်အများ၊
စိတ်ထားဖြူစင်
ကောက်ညှင်းပေါင်းကျွေး၊
အားပေးသံလွင်
လက်ခုပ်သံစဉ်၊
လယ်ယာခွင်ထဲ
တွံတေးသိန်းတန်၊
သီချင်းသံ
နဘံပျံဝဲ၊
ခြိမ့်သဲသည်နှင့်လေး။
မိုးထဲလေထဲ၊
စိုရွှဲပျို့မျက်နှာ။
စုပေါင်းစိုက်ပွဲ၊
ဆင်နွှဲဒို့ကျေးရွာ။ ။
မင်းနွယ်အောင်(စုံနံ့သာမြိုင်)
အတွဲ(၁၃)၊ အမှတ်(၁၈)