August 1, 2016

လယ်ယာကဏ္ဍအမှန်တိုးတက်ဖွံ့ဖြိုးစေဖို့ဆိုရင် အဓိကကဏ္ဍကြီး(၆)ခု မူဝါဒသတ်မှတ် ပြဋ္ဌာန်းဖို့လိုပြီ

ခေတ်အဆက်ဆက် နှစ် ၆၀ ကျော် လယ်ယာကဏ္ဍခရီးသည် ဘာမျှသိသိသာသာ မထူးခြား။ လိမ်ဖည်လိမ် ဖည်နှင့် ဒုံရင်းဒုံရင်းကပင် မတက်နိုင်ခဲ့။ ဤသည်ကို လယ်သမားများဘ၀ ဆင်းရဲနွမ်းပါး၍ အောက်ဆုံးလှေကား ထစ်ကနေ ယနေ့ထိ မတက်နိုင်သေးသည်က သက်သေထူနေသည်။ မည်သူမျှ ငြင်းဆိုနိုင်မည်မဟုတ်ပေ။ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက “မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် ခါးတောင်းကျိုက်လွဲနေတာများတယ်”လို့ အခမ်း အနားတစ်ခုမှာ ပြောပါတယ်။ ဒါပေမယ့် တကယ် တန်းကျတော့ လယ်ယာကဏ္ဍဟာ ခါးတောင်းကျိုက်လွဲ နေတာ မဟုတ်ပါဘူး။ နဂိုကတည်းက ခါးတောင်းကျိုက် မပါတာပါ။ ဟောင်းလောင်းကြီးပါ။ ဒါကိုမြေလှန်ပြီး ပြောင်းလဲပစ်မှသာရပါလိမ့်မယ်။
လယ်ယာကဏ္ဍ တကယ်တိုးတက်ဖို့ဆိုရင် ကဏ္ဍအလိုက်မူဝါဒတွေ ပြတ်ပြတ်သားသား ချမှတ်ပြဋ္ဌာန်း သင့်ပြီ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ -

(၁) မြေယာမူဝါဒ (Land Policy)
(၂) သီးနှံမူဝါဒ (Crop Policy)
(၃) မျိုးစေ့မူဝါဒ (Seed Policy)
(၄) စိုက်ပျိုးရေးနည်းစနစ်မူဝါဒ (Agri Technology Policy)
(၅) စက်မှုလယ်ယာကူးပြောင်းရေး မူဝါဒ (Farm Mechanization Policy)
(၆) ၀ယ်ယူကြိတ်ခွဲသိုလှောင်ခြင်း မူဝါဒ (Marketing, Milling, Storage Policy)
တွေကို ရေးဆွဲပြီး ပြတ်ပြတ်သားသား ပြောင်းလဲခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း အရှေ့တောင်အာရှမှာ အဆိုပါနိုင်ငံတွေဟာ လယ်ယာကဏ္ဍ တစ်ရှိန်ထိုး တိုးတက်ဖွံ့ဖြိုးလာပြီး ကျွန်တော်တို့နိုင်ငံဟာ ခြေလှမ်း ၁၀၀ မက နောက်ကျကျန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မြေယာဥပဒေရှိတယ်။ ဒါမြေယာမူဝါဒ မဟုတ်ပါဘူး။ မြေယာမူဝါဒကို သက်သက်ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ သီးနှံစိုက်ပျိုးမြေတွေကို ဘယ်လိုခွဲဝေသတ်မှတ်သုံးစွဲမလဲ၊ မြေယာတွေကို မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းရမယ်၊ မြေယာတွေကို မြေဆီသြဇာထက်သန်အောင် ဘယ်လိုပြုပြင်ရမလဲ၊ မြေယာတွေကို ကောင်းမွန် အောင် ဘယ်လိုပြုပြင်ရမလဲ၊ လယ်ယာမြေတွေဟာ ရေသွင်းမြောင်းရှိရမယ်။ ရေနုတ်မြောင်းရှိရမယ်။ ကုန်ထုတ် လမ်းရှိရမယ်။ လယ်ယာမြေ မြေမျက်နှာပြင်တွေညီရမယ်။ စက်မှုလယ်ယာဝင်နိုင်အောင် ဟက်တာကွက်ကြီးတွေ ဖော်ထုတ်ရမယ်။ အထက်ဖော်ပြခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဆိုရင် လယ်ယာမြေမူဝါဒကို ရေးဆွဲပြီး ပြတ်ပြတ်သား သား ပြောင်းလဲခဲ့တာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း ဆန်တစ်တန် ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ၇၀၀ ရရှိပြီး ထောင်ထက်သွားခဲ့တာ လိုက်မမီတော့ပါဘူး။
ထိုင်းနိုင်ငံဟာ ဆွစ်ဘဏ်ကချေးငွေနဲ့ တစ်နိုင်ငံလုံးရဲ့ မြေယာပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့တယ်။ ဗီယက်နမ် နိုင်ငံဟာ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ တစ်နိုင်ငံလုံးရဲ့ မြေယာပြုပြင်မှုကို ထိုးဖောက်ခဲ့တာပါ။ အခြားနိုင်ငံတွေလည်း ချေးငွေ၊ ထောက်ပံ့ငွေတွေနဲ့ မြေယာပြုပြင်မှုကို ထူထောင်ခဲ့ကြတာ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာ ဒီလို ပြုပြင်ပြောင်းလဲ ရမယ်ဆိုတဲ့ မူဝါဒမရှိ။ နိုင်ငံတော်ကလည်း လုပ်ဖို့အစီအမံမရှိတဲ့အတွက် ဒုံရင်းပဲဖြစ်နေတာ ဖြစ်ပါတယ်။ လယ် သမားများကလည်း အရင်းအနှီးများတဲ့ အတွက် မြေယာပြုပြင်မှုကို အိပ်မက်တောင်မမက်ရဲကြပါဘူး။ ဒါကြောင့် မြန်မာ့လယ်ယာမြေဟာ ခေတ်မမီတော့ဘဲ ဗြုတ်စဗျင်းတောင်းနဲ့ အကျည်းတန်အရုပ်ဆိုးစွာ ရပ်တည်လာခဲ့တာ ယနေ့ထိတိုင်ပါပဲ။ ဒါကြောင့်လည်း တစ်ဧကပျမ်းမျှ စပါး အထွက်နှုန်းဟာလည်း တင်း ၇၀ က မတက်တော့ပါဘူး။
မြန်မာနိုင်ငံမှာ မျိုးစေ့ဥပဒေ (Seed Law) ဆိုတာရှိပါတယ်။ ဒါဟာလည်း ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် မျိုးစေ့မူဝါဒတော့ မဟုတ်ပါဘူး။ မျိုးစေ့မူဝါဒရေးဆွဲပြီး ပြတ်ပြတ်သားသား မြေလှန်ပြောင်း လဲပစ်ဖို့ အချိန်တန်နေပါပြီ။ မျိုးစေ့မူဝါဒမရှိတဲ့အတွက် ပြည်တွင်းစားသုံးမှု (Local Consumption) ဦးစားပေးလား၊ ပြည်ပပို့ကုန်နိုင်ငံအတွင်း အထွက်တိုးလား၊ အရည်အသွေးကောင်းလား၊ ဘာမှပြတ်ပြတ်သားသား မရှိပါဘူး။ Local လိုလို၊ Export လိုလို အထွက်တိုးလိုလိုနဲ့ ဘာမှထိထိရောက်ရောက် မရှိလှပါဘူး။ ပြတ်သားဖို့ လိုနေပါပြီ။
မြန်မာနိုင်ငံမှာ ဧည့်မထအုပ်စုဝင် စပါးအမျိုး ၃၀၀ လောက် ရှိပါတယ်။ ဒီဧည့်မထကိုပဲ အချို့ပြည်တွင်းသုံး၊ အချို့ သင့်တင့်တဲ့အရည်အသွေးဆိုရင် ပြည်ပပို့တဲ့စနစ် ကျင့်သုံးနေတာပါ။ ဧည့်မထ အုပ်စုဝင် စပါးမျိုးတွေစုဝယ်ပြီး စုကြိတ်၊ စုရောင်းတဲ့စနစ်ဟာ သီလရှင်ဆွမ်းခံရလာတဲ့ ဒါနဆန်နဲ့ မခြားပါဘူး။ ဆန်အရွယ် အမျိုးစုံနေတဲ့အတွက် ပြည်ပပို့ကုန်အဆင့် မီဖို့ခဲယဉ်းပါတယ်။ အဆင့်မီရင်လည်း ဆန်တစ်တန် ဒေါ်လာ ၂၅၀ ကနေ ဒေါ်လာ ၃၀၀ နဲ့ ခြေသလုံးဖက်ရောင်းနေရတဲ့အဆင့်က မတက်နိုင်တော့ပါဘူး။ ဒီနည်းစနစ်နဲ့ဆိုရင် မြန်မာနိုင်ငံဟာ ဆန်နဲ့စီးပွား မဖြစ်နိုင်ပါဘူး။ ထိုင်းနဲ့ ဗီယက်နမ်ဟာ ဆန်စပါးမူဝါဒ (Rice Policy) ပြတ်ပြတ်သားသားပြောင်းလဲခဲ့ပြီး ပြည်ပပို့ကုန် ဦးစားပေးဆောင်ရွက်ခဲ့ကြတာပါ။ မူဝါဒက အရည်အသွေးကောင်းပြီး ပြည်ပပို့ကုန်ဈေးရတဲ့ စပါးမျိုးပဲထုတ်၊ အဲဒီ စပါးမျိုးပဲစိုက်ဆိုပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ဆန်တစ်တန် ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ၇၀၀ ထိရပြီး ခေါင်းမော့ နေနိုင်တာပါပဲ။
ဗီယက်နမ်နိုင်ငံမှာ လာမယ့်နှစ် စပါးစိုက်ဧက လေးသိန်းလျှော့စိုက်မယ်လို့ ကြေညာထားပါတယ်။ ဒီဧက လေးသိန်းနေရာမှာ ဆန်ထက်အကျိုးရှိတဲ့ စိုက်ပျိုးရေးနဲ့ အကျိုးရှိတဲ့လုပ်ငန်းတွေလုပ်မယ်လို့ စီမံချက်ချထားတယ်လို့ ဆိုပါတယ်။ ဒါပြတ်ပြတ်သားသားပြောင်းလဲခဲ့တဲ့ မူဝါဒ (Policy) ပါပဲ။ မြန်မာနိုင်ငံမှာ ဆန်စပါး မူဝါဒမရှိတဲ့အတွက် ဟိုစပါးမျိုးကောင်းသလိုလို၊ ဒီစပါးမျိုးကောင်းသလိုလို လက်တည့်စမ်းလာကြတာ နှစ် ၆၀ ကျော်ခဲ့ပါပြီ။ ဆန်တစ် တန် ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ၇၀၀ ထိ တန်တဲ့စပါးမျိုး ထွက်လာသလားဆိုတော့ ဒီနေ့ထိ ထူးမခြားနားပါပဲ။ တော်လောက်ပါပြီ။
နှစ်တွေအတော်ကြာခဲ့ပြီး အချိန်တွေ တိုင်းပြည်အတွက် နှမြောစရာပါပဲ။ မြန်မာ့လယ်ယာကဏ္ဍဟာ ခေတ် အဆက်ဆက် မူဝါဒပြတ်ပြတ်သားသားမရှိဘဲ ငါးပွက်ရာ ငါးစာချ၊ သူ့စိတ်ကူးတည့်ရာ သူ့လုပ်စနစ်နဲ့ စခန်းသွား ခဲ့ကြတာများပါတယ်။ ရေရှည် တိုးတက်စေမယ့် တည်တံ့စေမယ့်စနစ်ကို မချမှတ်နိုင်ခဲ့ကြပါဘူး။ ခေတ်အဆက် ဆက်မှာ အမျိုးမျိုးကြုံခဲ့ရပါတယ်။ အပြီးသတ်ဆုံးခန်းတိုင်ထိ အောင်မြင်သွားခဲ့တဲ့ အစီအမံဆိုတာ မရှိသလောက် ပါပဲ။ ဒီလို နည်းနဲ့ ကျရှုံးခဲ့တဲ့အခြေအနေက များခဲ့ပါတယ်။ တစ်ခေတ်မှာ စပါးအထွက်တိုးဖို့ BAG (Blue Green Algae ) ဆိုတာ ပေါ်လာပါတယ်။ အဲဒီတုန်းက တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာ BAG မွေးဖို့ အုတ်ကန်တွေ အုံနဲ့ကျင်းနဲ့ လုပ်ခဲ့ကြရပါတယ်။ မွေးခဲ့ကြရပါတယ်။ ကုန်လိုက်တဲ့ပိုက်ဆံတွေပါပဲ။ ဒါပေမယ့် ကြာရှည်မခံပါဘူး။ ဒီအစီအမံဟာ လည်း ကျရှုံးသွားခဲ့ပါတယ်။ တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာတော့ BAG အုတ်ကန်တွေဟာ ဟာလာဟင်းလင်းကြီး ကျန် နေရစ်ခဲ့ပါတယ်။
နောက်ခေတ်တစ်ခေတ်မှာတော့ စပါး အထွက်တိုးဖို့ဆိုပြီး သစ်စိမ်းမြေသြဇာ အတွက် ညံပင်စိုက်ပျိုးရေး ပေါ်လာပြန်ပါ တယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ဒရယ်ဘိုရွာမှာ ညံပင် ၁၀ ဧက လာပြီး စမ်းသပ် စိုက်ပျိုးတယ်။ လယ်သမားတွေ အများကြီးစုပြီး ခေါ်ပြခဲ့ပါတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ လယ်သမား တွေဆီမှာ ဘာနည်းပညာမှ မကျန်ခဲ့ပါဘူး။ အဲဒီ ညံတောလည်း အဲဒီရွာမှာ ဒီနေ့ထိ ပေါ်မလာတော့ပါဘူး။ ကောင်း နိုးရာရာလုပ်တဲ့သဘောပါပဲ။ ဘာမူဝါဒမှ မရှိခဲ့ပါဘူး။
နောက်တစ်ခေတ်ကတော့ အီးအမ်ဘို ကာရှီ၊ အဇိုလာ မြေဆွေးတွေလုပ်ပြီး လယ်ထဲထည့်ရမယ်ဆိုတဲ့ ခေတ်ပေါ့။ မြန်မာပြည်အနှံ့ လယ်ဘေးတွေမှာ ကျွန်တော်တို့တတွေ လုပ်လိုက်ကြရတဲ့ မြေဆွေးပုံတွေ၊ အဇိုလာ မွေးမြူကန်တွေပေါ့။ ဒါဟာလည်း အကြာကြီးမခံပါဘူး။ တစ်နိုင်ငံလုံး လယ်သမားအားလုံး မလုပ်နိုင်တဲ့အတွက် နမူနာပြနဲ့ပဲ အဆုံးသတ်သွားတာပါပဲ။
ခုလည်း လာပြန်ပါပြီဗျာ။ စခါပဲရှိပါသေးတယ်။ “လယ်သမားကိုယ်ပိုင်မျိုး ကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ် ငန်း”တဲ့။ “ကန်ထရိုက်လယ်ယာစနစ်တဲ့”။ ဌာနပိုင်မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ခြံတွေမှာ ထုတ်တဲ့မျိုးတွေတောင် တစ်ခါတစ်လေ မသန့်လို့ဆိုပြီး အမြဲပြဿနာတက်ခဲ့ရတာ။ လယ်သမားကိုယ်တိုင် မျိုးသန့်ထုတ် စိုက်ခင်းဆိုရင် အလုပ်ဖြစ်မလားဗျာ။ မျိုးကောင်း မျိုးသန့်ထုတ်တယ်ဆိုတာ ပညာရှင်တွေနဲ့ နည်းပညာအဆင့်ဆင့်တွေနဲ့ လုပ်ရတဲ့ လုပ်ငန်းပဲ လွယ်လွယ်လုပ်လို့ရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်လုပ်ခဲ့ပြီးလို့ ကျရှုံးခဲ့ပြီးတဲ့ နည်းလမ်း ပါပဲ။ လယ်သမားရဲ့ဆန်္ဒ၊ စိတ်ဝင်စားမှု၊ ကျွမ်းကျင်မှုနဲ့ လုပ်ရတဲ့လုပ်ငန်းပါ။ လယ်သမားဆန္ဒမရှိ၊ စိတ်မ၀င်စား၊ မကျွမ်းကျင်တဲ့ တိုင်းဒေသ၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာအားလုံး ဘယ်လိုလွှမ်းခြုံမှုရှိနိုင်မလဲ။ တစ်နိုင်ငံလုံး လွှမ်းခြုံမှု မရှိနိုင်ရင် တစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးရှိဖို့ဆိုတာ စဉ်းစားစရာပေါ့ဗျာ။ လုပ်စရာမရှိ၊ ရှိတာလုပ်ကွာဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ကန်ထရိုက် လယ်ယာစနစ်လည်း အလားတူပါပဲ။ လယ်ယာကဏ္ဍတိုးတက်ဖို့ အဓိက ကျတဲ့ ရွေးချယ်မှုမဖြစ်နိုင်ပါဘူး။
ကန်ထရိုက်လယ်ယာစနစ် အောင်မြင်တဲ့နေရာလေးတစ်နေရာ လက်ညှိုးထိုးပြပြီး ဖွံ့ဖြိုးတိုးတက်ဖို့ နည်း လမ်းကောင်းပဲလို့ ရွေးချယ်မယ်ဆိုရင်တော့ ကန်ထရိုက် လယ်ယာစနစ်ကျရှုံးခဲ့တဲ့အဖြစ်အပျက်၊ အတွေ့အကြုံတွေ ဒုနဲ့ဒေးခံစားခဲ့ရပြီးပါပြီဗျာ။ ရင်ထဲမှာ အတွေ့အကြုံအပြည့်ပါပဲ။ လယ်ယာကဏ္ဍဖွံ့ဖြိုးဖို့အတွက် ကန်ထရိုက် လယ် ယာစနစ်ဟာ အဓိကအချက်ကြီးတော့ မဖြစ်နိုင်ပါဘူး။ သေးငယ်သော အချက်ကလေးတစ်ချက်အဖြစ်တော့ ရပ် တည်ကောင်းရပ်တည်နိုင်ပါလိမ့်မယ်ဗျာ။ ဒါဟာလည်း ဆေးမြီးတိုနဲ့ ကုစားတဲ့သဘောပါပဲ၊ လယ်ယာကဏ္ဍတစ်ခု လုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေရှည်တည်တံ့မယ့် လုပ်ငန်းစဉ်တော့ မဖြစ်နိုင်ပါဘူးဗျာ။
စိုက်ပျိုးရေးစနစ်နဲ့ပတ်သက်ပြီးလည်း ပြတ်သားတဲ့မူဝါဒ မရှိခဲ့ပါဘူး။ အထွက်တိုး (၁၀)ချက်လား။ GAP (၁၄)ချက်လား။ စနစ်တကျကြဲခင်းစနစ်လား။ ကောက်စိုက်စက်နဲ့လား။ လူနဲ့စိုက်စနစ်လား။ ရေမြေဒေသ၊ လုပ်သား ရရှိနိုင်မှု အပေါ်မူဝါဒပြတ်ပြတ်သားသားရှိသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို ကောင်းနိုးရာရာ မဖြစ်သင့်တော့ပါ။
ခေတ်အဆက်ဆက် ဖြတ်ကျော်ခဲ့ရပါတယ်။ စပါးစိုက်ဧကတိုးချဲ့ဖို့အတွက် စပါးလမိုင်းစနစ်၊ စပါးတစ်မိုး နှစ်သီးစနစ်များ လုပ်ခဲ့ကြရပါတယ်။ ယခုမူ ၎င်းစနစ်များ ပျောက်ကွယ်ခဲ့သည်မှာ နှစ် ဆယ်နှင့်ချီခဲ့ပြီ ဖြစ်ပါတယ်။ ပြီးတော့လည်း ကောက်ရိုးမီးစီမံချက်လိုပေါ်လာတဲ့ ခြံစည်းရိုး ကြက်ဆူ၊ မြေပြန့်ကော်ဖီ၊ ငရုတ်ကောင်းတွေလည်း ပိုက်ဆံဘီလီယံနဲ့ချီပြီး ကုန်ခဲ့တာပါပဲ။ ပြီးတော့လည်း စုံးစုံးမြုပ်သွားလိုက်တာ ပြန်ကိုမပေါ်လာတော့ပါဘူး။ ဒါတွေ ဟာလည်း မူဝါဒပြတ်ပြတ်သားသား မရှိလို့ပါပဲ။
မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းဆိုရင် ကုမ္ပဏီကြီးတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေပေးပြီး မျိုးစေ့ထုတ် ကုမ်္ပဏီကြီးတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးတဲ့မူဝါဒရှိရမှာပါပဲ။ အရည် အသွေးကောင်းတဲ့ မျိုးထုတ်၊ ဆန်တစ်တန် ဒေါ်လာ ၆၀၀၊ ဒေါ်လာ ၇၀၀ ထိ ရတဲ့မျိုးထုတ်။ ပြီးရင် လယ်သမားမျိုးဖြန့်ပေးပြီး စိုက်ပျိုး စေရမှာပေါ့ဗျာ။ ပြီးရင် ပြန်ဝယ်ပြီး ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းပေါ့။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ဒီလိုလုပ်ပြီး အောင်မြင်ချမ်းသာနေတာပဲဗျာ။ ဒါမှ လယ်သမားချမ်းသာမှာပေါ့ဗျာ။ ဧည့်မထမျိုးစုံ သီလရှင်ဒါနဆန်ဆိုရင်တော့ အောက် ခြေလှေကားထစ်ကနေ တက်နိုင်မှာ မဟုတ်ဘူးဗျာ။
လယ်ယာကဏ္ဍအမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုရင် ကဏ္ဍကြီးများအလိုက် မူဝါဒတွေချမှတ်ပြီး လုပ်ပိုင် ခွင့်၊ တွေးခေါ်ပိုင်ခွင့်ရှိတဲ့ တာဝန်ရှိပုဂ်္ဂိုလ်ကြီးတွေဟာ ယခင်ခေတ်အဆက်ဆက်က လုပ်ခဲ့တာတွေ၊ ဒုံရင်းဒုံရင်းတွေ၊ ငါးပွက်ရာငါးစာချတဲ့ အလုပ်တွေ၊ ကောင်းနိုးရာရာတွေ၊ ဆေးမြီးတိုနဲ့ ကုစားတာတွေ၊ ဟိုလိုလို ဒီလိုလိုတွေကို ဘူဒိုဇာနဲ့ အမြစ်ကပါ ပါအောင် လှန်ပစ်ပြီး နိုင်ငံတကာအဆင့်မီ အတွေးအခေါ်တွေ (International Idelogy) နဲ့ ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီလို့ အကြံပြုလိုက်ပါရစေဗျာ။ အစိုးရသစ်ရဲ့ ကြွေးကြော်သံကလည်း “ပြောင်းလဲချိန် တန်ပြီ” မဟုတ်လား။



အောင်ဆန်း (စိုက်ပျိုးရေး)
အတွဲ(၁၃)၊ အမှတ်(၁၅)

Popular Posts