ကျေးလက်တောရွာလေးတစ်ခုမှာ ပိန်းပင်ကြီးတစ်ပင်ရဲ့
အရွက်တစ်ရွက်ဟာ အဲဒီပိန်းတောထဲမှာ အကြီး မားဆုံးပါပဲ။ အဲဒီပိန်းတောထဲမှာနေတဲ့ သတ္တ၀ါလေးတွေအတွက်
ပိန်းရွက်ကြီးဟာ ကုတင်တစ်ခုလို လဲလျောင်းနေ လို့လည်းရတယ်။ ထီးတစ်လက်လို အမိုးအကာအဖြစ်အနေနဲ့လည်း
အသုံးဝင်တယ်။ အဲဒီပိန်းပင်တွေဟာ ဘယ် တော့မှတစ်ပင်တည်းမပေါက်ဘူး။ အုပ်စုလိုက်အုပ်စု
လိုက်ပေါက်ကြတယ်။ နောက်အဲဒီပိန်းတောတွေကို အမှီပြုပြီး ခရုတွေနေထိုင်ကြတယ်။ အဲဒီထဲမှာ
ခရုအဖြူမျိုးတစ်မျိုးဟာ အရွယ်အစားကြီးပြီး ရှားပါးတယ်။ နောက်သူ့ရဲ့ အသားဟာ ကြီးကျယ်ခမ်းနားတဲ့
အခမ်းအနားတွေမှာ တော်ဝင်မင်းဆွေမင်းမျိုးတွေသာလျှင် စားသုံးနိုင်တဲ့ ခရု အမျိုးအစား
ဖြစ်တယ်။
အဲဒီခရုအဖြူတွေကလည်း
ပိန်းတောတွေထဲမှာနေပြီး ပိန်းပင်ရဲ့ အရွက်တွေကို သူတို့အစာအဖြစ်နဲ့ စားသုံး ကြတယ်။
ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ ဟာလည်း အဲဒီတိုင်းပြည်မှာ မကြာခဏ ကျင်းပလေ့ရှိတဲ့အတွက်
လူတွေဟာ ခရုဖြူမျိုးတွေကို တောတွေမှာလာပြီး ရှာဖွေလေ့ရှိကြတယ်။ ဒါ့ကြောင့် နှစ်အတော်ကြာသွားတဲ့အခါ
ပိန်းတောတွေမှာ ခရုအရေအတွက် အတော်နည်းသွားတယ်။ တချို့ခရုတွေကလည်း အသက်အရွယ်ကြောင့်
သေဆုံးကုန်တာတွေရှိတယ်။ ဒါပေမယ့် ခရုတွေစားသုံးတဲ့ ပိန်းပင်တွေကနေ တဖြည်းဖြည်းနဲ့ ပွားပွားလာတာ
ဧက များစွာကျယ်ဝန်းလာပါတယ်။ တောကြီးတစ်ခုလိုဖြစ်လာ တယ်။ အတော်ကြာတဲ့အခါ ဒေသတစ်ခုလုံးမှာ
အဲဒီလို ပိန်းပင်တွေပြည့်နှက်လာတယ်။ တစ်ချိန်တုန်းက အဲဒီတောဟာ ဥယျာဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုသာ
ဖြစ်ခဲ့ သော်လည်း ယခုအခါမှာတော့ ပန်းပင်သစ်ပင် အနည်းငယ်သာရှိပြီး ပိန်းပင်တွေသာများနေတော့တယ်။
ဟိုတုန်းက အလွန်နာမည်ကြီးခဲ့တဲ့ ခရုဖြူမျိုးကလည်း ပိန်တောတစ်တောလုံးမှာ နှစ်ကောင်ပဲကျန်တော့တယ်။
သူတို့ဟာ
အသက်ဘယ်လောက်တောင် ကြီးနေပြီလဲဆိုတာ သူတို့ဖာသာသူတို့တောင် မသိတော့ဘူး။ ဒါပေမယ့် သူတို့မှတ်မိတာတစ်ခုကတော့
ဒီနေရာတွေမှာ သူတို့လို ခရုမျိုးအများကြီးရှိခဲ့တယ်ဆိုတာပဲ မှတ်မိတော့ တယ်။ အဲဒီအချိန်တုန်းကဆိုရင်
သူတို့နေထိုင်တဲ့ ဥယျာဉ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ အိမ်အကြီးကြီး တစ်လုံးမှာ လူတွေအများကြီးစုပြီး
အခမ်းအနားတွေလုပ်တာကို ရှေးစကားအစဉ်အဆက် သူတို့ကြားခဲ့ရတယ်။ အဲဒီ အခမ်း အနားတွေမှာ
သူတို့ရဲ့ညီအစ်ကို မောင်နှမခရုဖြူတွေကို ရေထဲမှာထည့်ပြုတ်တယ်။ အဲဒီအခါ သူတို့ဟာ အမဲရောင်
ဖြစ်သွားတယ်။ အဲဒီအခါ သူတို့ကို ငွေပန်းကန်ပြားပေါ်မှာတင်တယ်။ အဲဒီ အထိတော့ သူတို့သိတယ်။
နောက်ပြီး ဘာဖြစ်သွားလဲဆိုတာတော့ သူတို့မသိတော့ဘူး။
ဒါပေမယ့်
သူတို့ဟာရေနွေးထဲမှာ ထည့်ပြုတ်ခံရပေမယ့် ငွေပန်းကန်ပြား ပေါ်အတင်ခံရတာကို သူတို့က ဂုဏ်ယူကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဖားပြုတ်တွေ၊ တီကောင်တွေ၊
မျှော့ တွေဆိုရင် ဘယ်အကောင်ကိုမှ ရှာဖွေခြင်းလည်းမခံရဘူး။ ငွေပန်းကန်ပြားနဲ့တင်ခံရတယ်
ဆိုတာလည်း ဘယ်အခါ တုန်းကမှ သတင်းမကြားမိဘူး။ သူတို့ခရုတွေသာ အတင်ခံရတယ်။ ဒါ့ကြောင့်
သူတို့စိတ်ထဲမှာ သူတို့ခရုတွေဟာ ကမ္ဘာပေါ်မှာ
အခမ်းနားဆုံးပါပဲလို့ထင်တယ်။ ဒီပိန်းတောကြီးရှိနေတာလည်း သူတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက်
ရှိနေတာ။ ဒီလိုကြီးမားကျယ်ပြန့်တဲ့ ဥယျာဉ်ကြီးရှိတာလည်း သူတို့ကြောင့်ရှိနေရတာလို့
ခရုတွေက သူတို့စိတ်ထဲမှာ ထင်ကြတယ်။ သူတို့ရဲ့ ဘ၀ကို ပြန်စဉ်းစားကြည့်ကြတော့ သူတို့အလွန်ပျော်ရွှင်စွာနေခဲ့ရတဲ့ဘ၀ကို
သတိရတယ်။ သူတို့ဟာ မိုးလုံနေလုံနေခဲ့ရတယ်။ အစားအစာကို ပေါစွာစားခဲ့ရတယ်။ ဒါတွေကိုပြန်သတိရတယ်။
ဒါပေမယ့်
သူတို့မှာကလေးမရှိဘူး။ ဒီအခါ သာမန်ခရုလေးတစ်ကောင်ကို မွေးစားပြီး သူတို့ရဲ့ကိုယ်ပိုင်
ကလေး တစ်ကောင်လိုစောင့်ရှောက်တယ်။ အဲဒီခရုလေးဟာ သာမန်ခရုလေးဖြစ်တဲ့အတွက် သူတို့လိုကြီးထွား
မလာဘူး။ ဒါပေမယ့် ခရုအဖေကြီးကလည်း အိုနေတော့ မျက်စိတောင်မမြင်တော့ဘူး။ သူ့ရဲ့ခရုသားလေး
အခွံကိုပဲ စမ်းသပ်ကြည့်ပြီး ဘယ်လောက်ကြီးပြီလဲဆိုတာ စမ်းသပ်ကြည့်ရတယ်။ အဲဒီလိုစမ်းသပ်ကြည့်ရင်း
သူတို့သားခရု လေးဟာ အရွယ်ရောက်လာပြီဆိုတာ အဘိုးကြီးအဘွားကြီး ခရုနှစ်ကောင်က သိလိုက်ကြတယ်။
တစ်နေ့တော့
အဲဒီမှာ မိုးကြီးလေကြီးကျပြီးတော့ မိုးတွေရွာတယ်။ အဲဒီတော့ ပိန်းရွက်တွေပေါ်မှာ မိုးစက်
လေးတွေကျတဲ့အသံဟာ ဒရမ်တီးသလို ကျယ်လောင်တယ်။ အဲဒီလို မိုးစက်မိုးပေါက်တွေကျလာတော့ ခရုအမေ
ကြီးကပြောတယ်။
“ဒီမိုးစက်တွေဟာ
ဟိုမိုးပေါ်က အဝေးကြီးကကျလာတာ။ ငါတို့မှာ ကောင်းမွန်တဲ့ကိုယ်ပိုင်အိမ်လေးတွေရှိ နေလို့သာ
လုံလုံခြုံခြုံနေရတာ။ ငါတို့မွေးထားတဲ့ခရုလေးဟာလည်း သူ့ရဲ့အခွံဟာမာနေပြီး သူ့အိမ်လေးကလည်း
တင့်တောင့်တင့်တယ်ဖြစ်နေပြီ။ ဒီကမ္ဘာလောကကြီးမှာ ငါတို့ဟာ ဒီလိုနေရတာ သိပ်ကံကောင်းတာပဲ။
ဒီလိုအခွင့် မရှိတဲ့ သတ္တ၀ါတွေဆိုရင် ဘယ်လိုနေကြမလဲ မသိဘူး။ ငါတို့ဟာမွေးကတည်းက အိမ်တွေပါလာခဲ့တာ။
နောက်ပြီး တော့ ဒီပိန်းတောကြီးက ငါတို့စားဖို့သောက်ဖို့ အတွက်ဖြစ်နေတာ။ ဒီပိန်းတောကြီး
ဘယ်လောက်ထိအောင် ကျယ်ပြန့်လဲဆိုတာ ငါတို့ကိုယ်တိုင်မသိဘူး” လို့ ခရုအမေကြီးကပြောတယ်။
အဲဒီအခါ ခရု အဖေကြီးက-
“ဒီပိန်းတောကြီးရဲ့အပြင်ဘက်မှာ
ဘာမှမရှိပါဘူးကွာ။ ငါတို့အခုနေရတဲ့
အိုးအိမ်ထက်ကောင်းတဲ့နေရာ ဘယ်မှာ မှမရှိဘူး။ ငါတို့တစ်ခြားဘာကိုမှ
တောင့်တနေစရာမလိုတော့ပါဘူး။ ငါတို့မှာ ပြည့်စုံနေပြီပဲ” လို့ပြောတယ်။ အဲဒီအခါ ခရုအမေကြီးက
“ဟုတ်တာပေါ့ရှင်။ ကျွန်မတို့ဟာ အိမ်တော်ကြီးမှာအပြုတ် ခံရပြီး ငွေလင်ပန်းပေါ်အတင်ခံရတဲ့
ဘ၀မျိုးရောက်ချင်လိုက်တာ။ ကျွန်မတို့ရဲ့ ရှေးကအဘိုးအဘွားတွေလိုပေါ့။ သိပ် ဂုဏ်ယူစရာကောင်းမှာပဲ”
လို့ပြောတယ်။ ခရုအဘိုးကြီးက-
“ဟာ အဲဒီအိမ်တော်ကြီး
မရှိတော့ဘူးနဲ့တူတယ်။ နှစ်တွေကကြာပြီဆိုတော့ တောပဲဖုံးသွားပြီလားမသိ တော့ဘူး။ အဲဒီမှာလူတွေလည်း
မရှိတော့ဘူး။ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်ချင်ဇောနဲ့၊ စိတ်ကူးယဉ်မနေစမ်းပါနဲ့။ ငါတို့မှာ
အကောင်လေးရှိသေးတာပဲ။ ဒီကောင်လေးကလည်းကွာ မကြီးနိုင်ဘူး” ဆိုပြီး ခရုအဖေကြီးက ပြန်ပြော
တယ်။ ဆက်ပြီးတော့ “ငါ့မှာသူကြီးလာနိုးနဲ့မျှော်လိုက်ရတာခေါင်းတွေတောင်ကိုက်လာပြီ” လို့
ပြောတော့ ခရုအမေ ကြီးက-
“ရှင်သူ့ကိုအပြစ်မတင်ပါနဲ့။
သူက အခုကောင်းကောင်းလေးသွားနိုင်လာနိုင်နေပြီ။ သူရှိလို့ကျွန်မတို့မိသားစု ပျော်နေရတာမဟုတ်လား။
ကျွန်မတို့ကလည်း သိပ်မကျန်တော့ဘူးလေ။ အဲဒီတော့ သူ့ကိုလည်း အိမ်ထောင်ချပေး ဖို့လိုနေပြီ။
ရှင်က ဒီပိန်းတောကြီးရဲ့ဖခင်ပဲ မဟုတ်ဘူးလား။ အဲဒီတော့ ကျွန်မတို့မျိုးနွယ်နဲ့ တူတဲ့သူကို
ရှာပါဦး” လို့ ပြောလိုက်တယ်။ အဲဒီအခါ အဖေကြီးက-
“ဒီမှာတော့
ခရုအမဲတွေပဲများတယ်။ နောက်တစ်ခါခရုတွေက အိမ်မပါဘူး။ ငါတို့သားနဲ့သင့်တော်တဲ့ ခရု တစ်ကောင်ကို
ရှာဖို့အတွက် ပုရွက်ဆိတ်တွေကို တာဝန်ပေးလိုက်တယ်။ သူတို့က ဟိုစပ်စပ်၊ ဒီစပ်စပ်သွားတာ
လာတာတအားမြန်တာပဲ။ နေရာတကာလည်း ရောက်တယ်။ အမြဲတမ်းအလုပ်များနေတာပဲ။ ငါတို့ရဲ့သားငယ်လေး
အတွက် အမျိုးသမီး ကောင်းတစ်ယောက်ရဖို့ သူတို့ရှာဖွေပေး နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”လို့
ပြောပြီး ပုရွက်ဆိတ်တွေကို တွေ့ပြီးရှာခိုင်းလိုက်တယ်။
ပုရွတ်ဆိတ်တစ်ကောင်က
“ဟာ ကျွန် တော်သိပြီ။ အချောဆုံး၊ အလှဆုံးသတို့ သမီးတစ်ယောက်ရှိတယ်။ ဒါပေမယ့် သူကသဘောတူပါ့မလားမသိဘူး။
သူကတော့ တို့ရဲ့ဘုရင်မပဲ” လို့ပြန်ပြောတယ်။ အဲဒီတော့ ခရုအဖေ ကြီးအမေကြီး ၀မ်းသာအားရနဲ့ “အဲဒါအရေးမကြီးပါဘူး၊ အရေးကြီးတာ
သူ့မှာအိမ်ပါလား” လို့မေးတော့ ပုရွက်ဆိတ် ကပြန်ဖြေတယ်။ “အိမ်တောင်မကဘူး၊ သူ့မှာရဲတိုက်တောင်ရှိတယ်။
ရဲတိုက်ကသိပ်လှတာပဲ။ အဲဒီမှာ ၀င်ဖို့ထွက်ဖို့အ ပေါက်ရှိတယ်” လို့ပုရွက်ဆိတ်တောင်ပို့ကို
ညွှန်းပြီးပြောတာပေါ့။ အဲဒီအခါ ခရုအမေကြီးက- “ကျေးဇူးတင်ပါတယ်
မောင်မင်းကြီးသားရယ်။ ငါတို့သားက ဒီပုရွက်ဆိတ်တောင်ပို့ထဲကိုတော့ ၀င်နိုင်မှာ မဟုတ်ဘူး။
အဲဒီတော့ ဒီထက်ကောင်းတဲ့ သတို့သမီးကို မင်းတို့မရှာနိုင်ဘူးဆိုရင် ငါဒီတာဝန်ကို မှက်ကိုပေးလိုက်
တော့မယ်။ ဒီကောင်တွေက နွေရောမိုးရောအဝေးကြီးကို ပျံသန်းနိုင်တယ်။ ဒို့ပိန်းတောကြီးရဲ့
အတွင်းအပြင် အခြေ အနေတွေအားလုံးကို သူတို့သိတယ်” ဆိုပြီး မှက်တွေကို တာဝန်ပေးပြန်တယ်။
အဲဒီအခါ မှက်တွေကပြောတယ်။ “ခရုအဖေကြီးသားအတွက် ဇနီးကောင်း တစ်ယောက်ကိုကျွန်တော်တို့မှာတွေ့ထားပြီ။
လူတစ်ယောက်ရဲ့ခြေလှမ်းနဲ့ သွားမယ်ဆိုရင် ခြေလှမ်းတစ်ရာလောက်ဝေးတဲ့နေရာမှာ ဘယ်ရီအသီးတွေသီးနေ
တဲ့ခြုံပုတ်တစ်ခုရှိတယ်။ အဲဒီ ထဲမှာ ကိုယ်ပိုင်အိမ်လေးရှိတဲ့ ခရုမလေးတစ် ကောင်ရှိတယ်။
အဲဒီခရုမလေးကတစ်ကောင်တည်းနေတယ်။ သူဟာ လက်ထပ် ထိမ်းမြားဖို့အတွက် အရွယ်ရောက်ပြီ” လို့
မှက်တွေကပြောတာပေါ့။ အဲဒီအခါ အဖေကြီးနဲ့ အမေကြီးက “ဟုတ်ပြီ၊ အဲဒါဆိုသူ့ကိုခေါ်လာခဲ့ပါ။
တို့ ခရုသားလေးမှာ ပိန်းတောကြီးတစ်တောလုံး ပိုင်ဆိုင်တယ်။ ခရုမလေးက တော့ ခြုံပုတ်လေးတစ်ခုပဲပိုင်ဆိုင်တာ”
လို့ပြောတယ်။
အဲဒါနဲ့
ခရုမလေးကို သူတို့ရှိတဲ့ ပိန်းတောကို ခေါ်လာတယ်။ လာဖို့အတွက် ရှစ်ရက်တိတိလမ်းခရီးမှာကြာ
ခဲ့တယ်။ ဒါပေမယ့် သူရောက်လာသောအခါမှာ ခရုအဖေကြီးနဲ့အမေကြီးနှစ်ယောက်စလုံးက လိုချင်တဲ့အချက်တွေနဲ့
ပြည့်စုံနေတာတွေ့ရတယ်။ ခရုသားလေးနဲ့ ခရုမလေးအတွက် လက်ထပ်မင်္ဂလာပွဲ တစ်ခုလုပ်တယ်။ လက်ထက်ပွဲမှာ
ပိုးစုန်းကြူးလေးတွေက သူတို့ရဲ့ အလင်းရောင်နဲ့အလင်းပေးတယ်။ ခရုအဘိုးကြီးနဲ့အဘွားကြီးက
သိပ်အိုနေပြီဖြစ်လို့ သိပ်ခမ်းခမ်းနားနားမလုပ်နိုင်တော့ပေမယ့် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပြီးသွားတယ်။
အဲဒီအခမ်းအနားမှာ ခရု အဖေကြီးကပဲ သြ၀ါဒစကားပြောရတယ်။ ဘာကြောင့်လဲဆိုတော့ ခရုအမေကြီးက
လှုပ်ရှားရတာများတော့ သိပ် စကားမပြောနိုင်တော့ဘူး။ အသက်က လည်းကြီးနေပြီဖြစ်တော့ အမေကြီးပဲ
ပြောရတာ။ အဲဒီ အခမ်းအနားမှာပဲ ခရု မောင်နှံတို့အတွက် ပိန်းတောတစ်တောလုံးကို လက်ဖွဲ့ပေးခဲ့တယ်။
ပြီးတော့ အဖေကြီးက ခါတိုင်းပြောနေကြစကား အတိုင်း-
“ဒီနေရာဟာ
ငါတို့ ခရုမိသားစုအတွက် နေဖို့အကောင်းဆုံးနေရာပဲဖြစ်တယ်။ တို့ဒီနေရာမှာပါ အဘိုးအဘွား
တွေနဲ့ ကိုယ့်သိက္ခာတွေကို စောင့်ထိန်းပြီးနေကြပါ။ ပြီးတော့ တိုးပွားအောင်ဆောင်ရွက်ကြပါ။
နောင်တို့ရဲ့မျိုးဆက် တွေထဲက သားသမီးတွေဟာ အိမ်တော်ကြီးပေါ်ရောက်ပြီး ငွေပန်းကန်ပြားပေါ်မှာ
အတင်ခံရတဲ့အထိရောက်အောင် ကြိုးစားပေါ့” လို့ ပြောရင်းနဲ့ အမေကြီးက သူ့စကားကို နိဂုံးချုပ်လိုက်တယ်။
အဲဒီလိုပြောပြီးတော့
ခရုအဖေကြီးနဲ့ အမေကြီးဟာ သူတို့ရဲ့အိမ်ထဲကိုပြန်ဝင်သွားပြီး ဘယ်တော့မှပြန်ထွက် မလာတော့ဘဲ
သူတို့ထာဝရအိပ်ပျော်သွားကြတယ်။ အခုအခါမှာတော့ ငယ်ရွယ်တဲ့ ခရုမောင်နှံတို့ဟာ ဒီပိန်းတောကို
အုပ်ချုပ်နေကြပြီး သူတို့ရဲ့မျိုးဆက်သစ်တွေကလည်း ထပ်ပြီးပွားလာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့
အဖိုးအဖွားတွေ ပြောခဲ့တဲ့ ငွေပန်းကန်ပြားပေါ် ရောက်ဖို့တော့ မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်တော်ကြီးကလည်း ပျက်စီးသွားပြီ။ အဲဒီမှာလည်း
လူတွေမနေကြတော့ဘူး။ မိုးတွေကလည်း တဖွဲဖွဲရွာချလာပြီး ပိန်းရွက်တွေပေါ်မှာ လည်း ဒရမ်တွေတီးနေကြပြီ။
နေရောင်ထွက် လာတဲ့အခါကျတော့ ဒီပိန်းတောကြီးတစ်ခုလုံးဟာ မြကမ္ဗလာအလား စိမ်းလန်းစိုနေတော့တယ်။
ခရုမိသားစုမျိုး ဆက်တွေအားလုံးကလည်း ပျော်ရွှင်စွာနဲ့ နေသွားကြတာပေါ့။
ဒီပုံပြင်လေးမှာ
ကြွယ်ဝချမ်းသာမှုဆိုတာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် တွက်ချက်ပြီး ပြောဆိုနေကြတာဖြစ် တယ်။
ခရုလည်း ခရုအတိုင်းအတာနဲ့ လူလည်းလူ့အတိုင်းအတာနဲ့ တွက်ပြီးပြောတယ်။ မိသားစု ပျော်ရွှင်မှုအတွက်
ကိုယ့်မျိုးရိုးစဉ်ဆက်၊ မိသားစု အစဉ်အဆက်အတွက် အမွေကောင်းတွေပေးထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ
သိထား ရမယ်ဆိုတဲ့ သင်ခန်းစာလေးပါပဲကွယ်။
တက္ကသိုလ်မလေးခိုင်
အတွဲ(၁၃)၊ အမှတ်(၁၅)