ဆွေးနွေးမေးမြန်းသူ - အောင်ရဲကျော်(အညာမြေ)
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဖားမွေးမြူရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း တခြားမွေးမြူရေးလုပ်ငန်းများပါ တွဲဖက်လုပ်ကိုင်ဆောင်ရွက်ခဲ့၍ စီးပွားရေးတိုးတက်အောင်မြင်လာပြီး ကျေးလက်နေပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သော မွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းဆောင်အား ဒို့ကျေးရွာဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြလိုက်ရပါသည်။
မေး။ မင်္ဂလာပါ အစ်ကို၊ အစ်ကို ဖားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပုံအကြောင်း ပြောပြပေးပါဦး။
ဖြေ။ ဟုတ်ကဲ့။ ကျွန်တော် ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ နှစ် ၃ဝ ရှိပါပြီ။ ကျွန်တော် စတင်ဆောင်ရွက်ခဲ့စဉ်က ဖားမွေးမြူရေးလုပ်ငန်းကို စတင်စမ်းသပ်ပြီး ဆောင်ရွက်ခဲ့တာပါ။
မေး။ ဖားမျိုးတွေကို ဘယ်ကနေယူပြီး ဘယ်နှကောင်လောက်နဲ့ စတင်မွေးမြူပါသလဲ။
ဖြေ။ ဖားမွေးမြူရေးလုပ်ငန်းစတော့ ဖားတွေကို မွေးမြူရေးဌာနက တရုတ်ဖားအမျိုးအစား၊ မြန်မာအခေါ်တော့ စားဖားလို့တော့ ခေါ်တာပေါ့နော်။ အကောင် ၅ဝဝ လောက်ကနေ စပြီး စမ်းသပ်မွေးမြူကြည့်တာပါ။ နောက်ပိုင်း လူသိများလာတော့ မျိုးဖားတွေကို သားဖောက်ပြီး အကောင်ရေတိုးပွားအောင် ဆောင်ရွက်ခဲ့တာပါ။ အခု အကောင်ရေ ၅ဝဝဝ လောက်ရှိပါတယ်။ အသားစားအပြင် မျိုးဖားများပါ သားဖောက်ပြီး အနီးဝန်းကျင်ကျေးရွာများကိုပါ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။
မေး။ ဖားတွေ ဘယ်လိုပြုစုပြီး ဘယ်လိုအစာတွေ ကျွေးရသလဲ။
ဖြေ။ တကူးတကတော့ ပြုစုနေရတာမျိုး မရှိပါဘူး။ ပေ ၂ဝ × ပေ ၅ဝ အကျယ် ရှိတဲ့ ကန်နှစ်ကန်ထဲမှာထည့်ပြီး အချိန်မှန်မှန် အစာကျွေးရုံပါပဲ။ အစာအနေဖြင့် ဒိန်းမတ်ကလာတဲ့ Aller Aqua အစာကို တစ်နေ့သုံးကြိမ်ကျွေးပါတယ်။
မေး။ ဖားတွေကို ဘယ်လိုဖြန့်ဖြူး ရောင်းချပါသလဲ။
ဖြေ။ အသားစားဖား ဝယ်ယူမယ်ဆိုလျှင်တော့ တစ်ပိသာ ၅ဝဝဝ ကျပ်၊ မျိုးဖားဝယ်ယူမယ်ဆိုလျှင် ခြေလက်အစုံပေါက်ပြီး ဖားငယ်တစ်ကောင်လျှင် ရှစ်ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးပါတယ်။
မေး။ တခြားဖားမွေးမြူရေးလုပ်တဲ့သူတွေရော ရှိလား။
ဖြေ။ များများစားစားတော့ မရှိပါဘူး။ တစ်ဦးစနှစ်ဦးစလောက်ပဲ ရှိတာပါ။ အဲဒီ တစ်ဦးစနှစ်ဦးစကလည်း လုပ်ငန်းကြီး မဟုတ်ဘူး။ မိသားစုစားဖို့လောက်ပဲ မွေးကြတာပါ။ ကျွန်တော့်ဆီမှာလည်း လာပြီး ဝယ်ယူကြတာ များပါတယ်။
မေး။ ဖားက တစ်နှစ်ပတ်လုံး ရောင်းချတာမျိုးရှိလား။
ဖြေ။ အဲဒီလောက်ကြီးတော့ မရောင်းဘူး။ တစ်ရာသီလောက်ပဲ ရောင်းရတာ။ အခုလို မိုးရာသီလောက်ပဲ ရောင်းရတာများတယ်။ တခြားရာသီတွေမှာ သိပ်ပြီး မရောင်းရဘူး။
မေး။ ဖားမွေးမြူရေးအပြင် တခြားမွေးမြူရေးလုပ်ငန်းတွေလည်း တွဲဖက်ပြီးလုပ်တယ်လို့ သိရပါတယ်။ တခြားမွေးမြူရေးအကြောင်းလေးတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ဟုတ်ကဲ့။ ပထမဦးဆုံးလုပ်တာကတော့ ဖားမွေးမြူရေးလုပ်ငန်းပါ။ နောက်ပိုင်း ဖားမွေးမြူရေးအပြင် တခြားမွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်လျှင် အဆင်ပြေနိုင်တယ်ဆိုတာကို အမြင်ကျယ်လာတဲ့အတွက် တခြားငါးမွေးမြူရေးနဲ့ ပုစွန်မွေးမြူရေး၊ ဇီဝစိုးငှက်မွေးမြူရေးတွေကို လုပ်ငန်းတိုးချဲ့ခဲ့တာ လေးနှစ်ငါးနှစ်လောက်တော့ ရှိပါပြီ။
မေး။ ငါးမွေးမြူရေးဆိုတော့ ဘယ်လိုငါးမျိုးတွေ မွေးမြူသလဲ။
ဖြေ။ ငါးတန်ငါးမျိုးနဲ့ ငါးမြစ်ချင်းငါးမျိုးတွေကို အဓိကမွေးမြူပါတယ်။
![]() |
ဓာတ်ပုံ - ရဲသူရအောင် |
မေး။ ငါးမွေးမြူရေးလုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲနဲ့ အလုပ်သမားအခြေအနေ၊ အကျိုးအမြတ် ဘယ်လိုရှိသလဲ ပြောပြပေးပါဦး။
ဖြေ။ ငါးမွေးမြူရေးနှင့်ပတ်သက်လို့ကတော့ မွေးမြူတဲ့နည်းစနစ်က အခက်အခဲမရှိပါဘူး။ ငါးမွေးမြူရေးဌာနက နည်းစနစ်တွေ အကုန်သင်ပြပေးပါတယ်။ ကျွန်တော့်သားကလည်း မွေးမြူရေးဌာနက သင်ပြပေးတဲ့ နည်းစနစ်တွေကို လေ့လာသင်ယူပြီး လက်တွေ့အကောင်အထည်ဖော် အသုံးချနိုင်တဲ့အတွက် အောင်မြင်မှုရရှိပါတယ်။ အလုပ်သမားအနေနဲ့ လူဦးရေ ၃ဝ ကျော်လောက်ခန့် ထားရပါတယ်။ သူတို့ရဲ့ နေထိုင်စားသောက်ရေးအတွက် စီစဉ်ပေးရပါတယ်။ ယောက်ျားလေးဆိုလျှင် လစားအနေနဲ့ တစ်လနှစ်သိန်း၊ မိန်းကလေးဆိုလျှင် တစ်လ တစ်သိန်းခွဲ၊ တစ်သိန်း အသီးသီးပေးရပါတယ်။ အကျိုးမြတ်အနေနဲ့ကတော့ တစ်နှစ်ပျမ်းမျှစုစုပေါင်း သိန်း ၂ဝဝဝ ဝန်းကျင်လောက်ရပါတယ်။
မေး။ ငါးသားပေါက်တွေကို အဓိကဘယ်ကိုတင်ပို့ရသလဲ။
ဖြေ။ အဓိကကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေကို အများဆုံး တင်ပို့ရောင်းချရပါတယ်။ အနီးဝန်းကျင် မွေးမြူရေးသမားတွေလည်း လာရောက်ဝယ်ယူတာ များပါတယ်။ ကျွန်တော်က ဒိုင်သဘောမျိုးပေါ့။
မေး။ ပုစွန်သားဖောက်လုပ်ငန်းလည်းရှိတယ်လို့ သိရပါတယ်။ အနည်းငယ်ပြောပြပေးပါဦး။
ဖြေ။ ပုစွန်သားဖောက်တဲ့လုပ်ငန်းကတော့ အခုမှစပြီး မွေးမြူရေးပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ပုစွန်၊ ငါးသားဖောက်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ငါးကန်တွေ၊ ပုစွန်ကန်တွေ တိုးချဲ့ပြင်ဆင်ထားပြီးပါပြီ။
မေး။ ဖား၊ ငါး၊ ပုစွန်မွေးမြူရေးအပြင် ဇီဝစိုးငှက်သိုက်တွေကလည်း အကျိုးဖြစ်ထွန်းမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြောပြပေးပါဦး။
ဖြေ။ အဲဒါကတော့ ကျွန်တော့်ကုသိုလ်ကံလို့ ပြောရမှာပေါ့နော်။ ဒီဇီဝစိုးငှက်တွေဟာ များသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင် အများဆုံးတွေ့ရှိရတဲ့ ငှက်မျိုးတွေပါ။ ဒီဘက်မှာ ရှားရှားပါးပါးရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဇီဝစိုးငှက်တွေက ပျံလွှားငှက်မျိုးနဲ့ ဆင်တူပါတယ်။ ကျွန်တော့်အိမ်မှာ တစ်ကောင်နှစ်ကောင်ခန့် စရောက်လာတာပါ။ နောက်ပိုင်း အသိုက်ကလေးတွေလုပ်တာတွေ့ရတော့ ထူးဆန်းတယ်ဆိုပြီး တတ်သိနားလည်တဲ့ ပညာရှင်တွေကိုခေါ်ပြီး ပြသကြည့်ရာမှ ဇီဝစိုးငှက်သိုက်တွေဖြစ်နေတယ်ဆိုတာ သိရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကြီးကို ဇီဝစိုးငှက်တွေ များများလာနိုင်အောင် လိုအပ်တဲ့ပစ္စည်းကိရိယာတွေနဲ့ ပြင်ဆင်ပြီး ဇီဝစိုးငှက်တွေလာအောင် ဖန်တီးခဲ့ပါတယ်။ အခုဆိုရင် ငှက်အကောင်ရေ ၂ဝဝဝ ကျော်၊ ၃ဝဝဝ လောက်ရှိမယ်လို့ ထင်ပါတယ်။ ဇီဝစိုးငှက်သိုက်ဟာ အင်မတန်အဖိုးတန်ပြီး ဆေးဖက်ဝင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း ဇီဝစိုးငှက်သိုက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနိုင်အောင် ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် ဖားမွေးမြူရေး၊ ငါးမွေးမြူရေးလုပ်ငန်းကရတဲ့ အကျိုးအမြတ်ကလေးတွေကိုစုပြီး ဒီဇီဝစိုးငှက်တွေနားခိုနိုင်မယ့် အိမ်ကြီးကို ဆောက်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အဲဒီအိမ်ကိုဆောက်လုပ်တာ စုစုပေါင်း ခန့်မှန်းသိန်း ၃ဝဝ ကျော်လောက် ကုန်သွားတယ်။ အထဲမှာ ဇီဝစိုးငှက်ခေါ်တဲ့ စပီကာတွေလည်း အလုံး ၃ဝဝ ကျော်လောက်တပ်ဆင်ထားပါတယ်။ ဇီဝစိုးငှက်တွေရောက်လာတာ အခုဆိုလျှင် သုံးလေးနှစ်လောက်ရှိပြီလို့ ကျွန်တော်ထင်တယ်။ တဖြည်းဖြည်းနဲ့ အကောင်ရေ တိုးပွားလာတာလည်း တွေ့ရတယ်။ ပညာရှင်တွေပြောကြားချက်အရတော့ ဇီဝစိုးငှက်တွေဟာ မတ်လမှ မေလအထိ သားပေါက်ကြတယ်လို့ သိရတယ်။ အစပထမကတော့ ဇီဝစိုးငှက်သိုက်က တစ်လပျမ်းမျှ ၁ဝ ကျပ်သား ၂ဝ ကျပ်သားလောက်ပဲရတယ်။ အခုဆိုရင် တစ်လပျမ်းမျှ ၈ဝ ကျပ်သားလောက်ရရှိပါတယ်။ ဇီဝစိုးငှက်သိုက်အကြမ်း (မသန့်စင်ဘဲ) တစ်ကျပ်သားကို ကျပ် ၃၆ဝဝဝဝ ဝန်းကျင်လောက် ရောင်းရတယ်။ သန့်စင်ပြီးလျှင်တော့ စျေးတစ်မျိုးရောင်းရတယ်။ ကျွန်တော်ကတော့ အကြမ်းပဲရောင်းတယ်။ အခုဆိုလျှင် တစ်လပျမ်းမျှ သိန်း ၂ဝဝ ကျော် လောက်ရတယ်။
မေး။ ဇီဝစိုးငှက်သိုက်တွေကို ဘယ်ကနေ အများဆုံးလာဝယ်သလဲ။ တစ်ခါဝယ်လျှင် ဘယ်လောက် ရောင်းရသလဲ။
ဖြေ။ အဓိက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးစတဲ့ မြို့ကြီးတွေကပဲ လာရောက်ဝယ်ယူကြပါတယ်။ နောက်ပိုင်းပုံမှန်ယူတဲ့နေရာတွေကို မြို့အရောက် ပို့ဆောင်ပေးပါတယ်။ အခု တစ်လပျမ်းမျှ ၈ဝ ကျပ်သားလောက်ပဲ ပုံမှန်ရတော့ မှာယူတဲ့မြို့တွေကို မျှပြီးပို့ပေးနေရပါတယ်။
မေး။ အစ်ကို့အနေနဲ့ တခြားအကြံပြုစရာများရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ကျွန်တော့်အနေနဲ့ကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ယူဆချက်ပေ့ါနော်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုသလို မည်သည့်အလုပ်မျိုးမဆို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ သမာအာဇီဝကျကျ ဆောင်ရွက်မည်ဆိုလျှင် ဂုဏ်ရှိပါတယ်။ ကျွန်တော်ကတော့ အလုပ်ကို တစ်ခုတည်း တစ်သမတ်တည်းမလုပ်ဘူး။ အလုပ်အခြေအနေကိုကြည့်ပြီး အမြဲပြောင်းလဲလုပ်တယ်။ ဒီတစ်ခု မကောင်းရင် နောက်တစ်ခု ဘာလုပ်ရလျှင် ကောင်းမလဲဆိုတာ အမြဲတွေးတယ်။ ဘယ်လိုအလုပ်မျိုးဟာ ရေရှည်အကျိုးရှိတယ်။ ရေတိုအကျိုးရှိတယ်ဆိုတာကိုလည်း အမြဲတွေးပြီးလုပ်တယ်။ ထို့အတူ ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင်များလည်း အတွေးသစ်၊ အကြံသစ်တွေနဲ့ တီထွင်ဖန်တီးပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)
No comments:
Post a Comment