November 8, 2020

ဒုတိယအရွယ် (၃၈)

လယ်တွင်းသားစောချစ်

        ကျောင်းအုပ်ဆရာကြီးက မီးရထားလက်မှတ်ဝယ်ယူခွင့်စာရွက်ကို ကျွန်တော့်ထံလှမ်းပေးပါသည်။ ဤစာရွက်ကိုပြပြီး မန္တလေးဘူတာကြီးမှာ လက်မှတ်ဝယ်ယူရမည်ဖြစ်သည်။

        ‘‘အခုဆရာနဲ့တွေ့ပြီးတာနဲ့ ရွာလူကြီး ဦးညိုတုတ်ကို ခေါ်ပြီး ပြောပြရမှာပဲ။ သူတို့လည်း နှုတ်ဆက်ပွဲလေးလုပ်ချင်မှာပဲ ထင်တယ်’’

        ‘‘ဆရာကြီးနှုတ်ဆက်ပွဲလုပ်ရင် ကျွန်တော် တစ်ခုတောင်းဆိုပါရစေ။ ကျွန်တော့်ကို ဘာလက်ဆောင်မှ မပေးပါနဲ့။ ဘယ်သူမှ အကုန်အကျမရှိစေချင်လို့ပါ’’

        ဆရာကြီးက ကျွန်တော့်ကို ကြည့်ပြီး ပြုံးသည်။

        ‘‘ကျွန်တော်ပြောပြပါမယ်။ အချိန်ကိုတော့ မနက်ဖြန် ၁၀ နာရီလောက် ကောင်းမလား’’

        ‘‘ကောင်းပါတယ် ဆရာကြီး’’

        ‘‘ရွာလူကြီးမိဘတွေ နဲ့ ၁၀ နာရီ နှုတ်ဆက်ပြီး ကျွန်တော်က နေ့ခင်း ၁ နာရီ ကလေးတွေနဲ့လည်း နှုတ်ဆက်ပွဲလေး လုပ်ပေးချင်သေးတယ်’’ 

        ကျွန်တော့်ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရသည်။ 

        ‘‘ကလေးတွေတော့ စိတ်မကောင်းဖြစ်ကြမှာပဲ။ ဒီနေ့ အသိမပေးချင်သေးဘူး ဆရာ။ မနက်ဖြန် လူကြီးတွေနဲ့ နှုတ်ဆက်ပွဲလုပ်မှပဲ သိပါစေတော့’’

        ‘‘ဟုတ်ကဲ့ မပြောပါဘူး ဆရာကြီး’’



        ထိုနေ့ကနေ့ခင်း နားနေခန်းမှာ စုစားသောအခါ ဆရာ၊ ဆရာမများအားလုံးကို ဆရာကြီးက အသိပေးလိုက်သည်။ အမြော်အမြင်ရှိသော ဆရာကြီးက ထမင်းစားပြီးမှပြော၍ တော်သေးသည်။ အားလုံး စိတ်မကောင်းဖြစ် ကြသည်။ ကျွန်တော့်သူငယ်ချင်းလုပ်အားပေးဆရာကိုလူအေးမှာ အခံစားရဆုံး ဖြစ်နေသည်။

        ထိုထမင်းစားချိန်၌ပင် နားနေခန်းတွင် ရွာလူကြီးဦးညိုတုတ်နှင့် တွေ့ဆုံ၍ ဆရာကြီးက ပြောပြလိုက်သည်။ ဦးညိုတုတ် စိတ်မကောင်းစွာနှင့် ပြန်သွားပါသည်။

လူကြီးများနှင့် နှုတ်ဆက်ခြင်း

        တိုးချဲ့ဆောင်အသစ်မှ ကျောင်းသားငယ်များကို ကျောင်း၏ နောက်ဘက်မှ သစ်ပင်ရိပ်တွင် ပြောင်းရွှေ့သင်ကြားစေပြီး ရွာလူကြီးများ၊ မိဘများနှင့် နှုတ်ဆက်ပွဲပြုလုပ်သည်။ မြို့နယ်ပညာရေးမှူးနှင့်တကွ ကျောက်မီးကျောင်းနှင့် ဆက်နွယ်နေသည့် မူလတန်းကျောင်းအုပ်ကြီးများကိုလည်း ဖိတ်ကြားသည်။

        ရှေးဦးစွာ ရွာလူကြီး ဦးညိုတုတ်က နှုတ်ဆက်စကားပြောသည်။ အလယ်တန်းကျောင်းဖွင့်ခွင့်ရသည်အထိ ရွာလူကြီးများ၊ မိဘများမှ ကျောင်းကို စိတ်ဝင်စားခြင်းမရှိကြောင်း၊ ပညာရေးဌာနမှ သူ့ဘာသာလုပ်သွားမှာလို့ ထင်နေကြကြောင်း၊ ကျောင်း၏ အခြေအနေကိုလည်း ဘာမှမသိကြောင်း၊ ဘယ်သူမှ စိတ်မဝင်စားကြောင်း၊ ဆရာရောက်လာမှ အားလုံးနိုးနိုးကြားကြား ဖြစ်လာပြီး အလယ်တန်းကျောင်း ပီပီသသဖြစ်လာဖို့ ပါဝင်ကြိုးစားကြတာဖြစ်ကြောင်း၊ တစ်နှစ်မရှိပါဘူး။ ခုနှစ်လလောက်ပဲကြာပါတယ်။ အဆောင်တွေလည်း ပြည့်စုံပြီ။ ကလေးတွေ ထိုင်ခုံ၊ စာရေးခုံများနှင့် ပြည့်စုံသော အလယ်တန်းကျောင်းဖြစ်လာကြောင်း၊ ကျောင်းအုပ်ဆရာကြီးလည်း ရောက်လာလို့ ခုဆိုရင် အလယ်တန်းကျောင်းဖွင့်ပွဲလုပ်ပြီးပြီဖြစ်ကြောင်း ပြောပြသည်။

        ‘‘ဒီအချိန်မှာ ဆရာကပြောင်းရမယ်ဆိုတော့ ကျွန်တော်တို့ အတော်အားပျက်ပါတယ်။ မနေ့တစ်နေ့ကပဲ ညစ်ပတ်နေလို့ လက်သမားတွေ မပြင်ချင်ဘူးဆိုတဲ့ အိမ်သာတွေ၊ ဆရာနဲ့အတူရှင်းအောင် ရေဆေးပေးသေးတယ်’’

        ဦးညိုတုတ်ဆက်မပြောနိုင်တော့ပါ။ ပါးပေါ်မှာ မျက်ရည်များကျလာ၍ ကျောင်းအုပ်ကြီးက အထိုင်ခိုင်းလိုက်သည်။

        ကျောင်းအုပ်ကြီးကတော့ တိုင်းပညာဝန်နှင့် ခရိုင်ပညာဝန်က ချီးကျူးစကားပြောလွှတ်လိုက်၍ ဆရာ့ကို မတွေ့ခင်ကပင် သိနေကြောင်း၊ တကယ်တွေ့ရသည့်အခါ သူတို့ပြောသည်ထက်ပိုပြီး ချစ်ခင်လေးစားစရာ ကောင်းကြောင်းပြောပါသည်။

        မြို့ပိုင်ကြီးကလည်း ခဏသာတွေ့ရသော်လည်း ညီအစ်ကိုနှယ် ချစ်ခင်ရင်းနှီးရကြောင်း၊ ဘယ်ကိုပဲရောက်ရောက် အကောင်းဆုံးဖြစ်အောင် လုပ်မည့်သူဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောပါသည်။ မြို့နယ်ပညာရေးမှူးက ကျောက်မီးရွာ၊ ကျောက်မီးကျောင်းအတွက် ဆုံးရှုံးမှုဖြစ်သလို ပုသိမ်ကြီးမြို့နယ်အတွက် ဆုံးရှုံးမှုလည်းဖြစ်ကြောင်း၊ သို့သော် ရာထူးတာဝန်နှင့် ပြောင်းရ၍ ဝမ်းသာကြောင်း ပြောပါသည်။

        ဦးသေးတာကိုလည်း နှုတ်ဆက်စကား အပြောခိုင်းကြ၍ ဦးသေးတာပြောပါသည်။ သို့သော် ဆုံးအောင် မပြောနိုင်ဘဲ ထိုင်လိုက်ရပါသည်။ မဟာသဘောကိုလည်း အပြောခိုင်းကြသည်။ မဟာသဘောကတော့ လက်တခါခါ ခေါင်းတခါခါနှင့် ငြင်းပါသည်။ ကျွန်တော့်လက်ကို လာကိုင်ပြီး နှုတ်ဆက်ပါသည်။ မဟာသဘောကို ကြည့်၍ စိတ်မကောင်းဖြစ်ရသည်။

        နှုတ်ဆက်ပွဲပြီးသောအခါ လက်သစ်မူလတန်းကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းနှင့် ဘကြီးမှုံအိမ်မှာ တွေ့ပါသည်။ ကျွန်တော်က ညနေပြန်ရမည့်ပစ္စည်းများ ပြန်သိမ်းခြင်းဖြစ်သည်။

        ဆရာကြီးဦးသိန်းထွန်းမှာ မကျေမနပ် ဖြစ်နေပါသည်။

        ‘‘ဒီမှာဗျ ခင်ဗျားပြောင်းမယ့်ကိစ္စကို ဒီလောက်ဝမ်းပန်းတနည်းဖြစ်နေကြတာ ကျွန်တော်ဖြင့် လုံးဝနားမလည်ဘူး။ ရွာလူကြီးဦးညိုတုတ်ကလည်း စကားတောင်ပြီးအောင် မပြောနိုင်ဘူး။ ငိုပြီး ထိုင်သွားရတယ်။ ကျွန်တော်ဒီလူကို အရင်က အထင်ကြီးထားတာတွေ သွားရော။ တစ်ယောက်ပြီး တစ်ယောက် ချီးကျူးကြ၊ ဝမ်းနည်းကြနဲ့ ကျွန်တော် ခင်ဗျားကို ဒီရွာ ဒီကျောင်းမှာ ခဏလေးနေရမယ်ဆိုတာ သိပုံရပါတယ်။ အဲဒီတော့ ခဏနေရတုန်းမှာ အကောင်းဆုံး နေပြသွားမယ် ဆုံးဖြတ်ပြီး နေတာလည်း ဖြစ်နိုင်တာပဲ’’

        ထိုစကားကိုတော့ ကျွန်တော်က ဖြတ်ပြောပြီး ရှင်းပြလိုက်ပါသည်။

        ‘‘ဆရာကြီးပြောသလိုဆိုလျှင် ဒီရွာမှာခဏနေရတာပဲဆိုပြီး နေချင်သလို နေသွားလျှင်လည်း ရမှာပေါ့’’

ဆက်လက်ဖော်ပြပါမည်

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၂၃)

No comments:

Popular Posts