October 22, 2020

တင်းတိပ်ကင်းစင်သော အလှတရားနှင့် အမျိုးသမီးများ

ယမင်းညို

ဓာတ်ပုံ - cosmopolitanme

        ပါးပြင်ပေါ်တွင် အညိုရောင်အစက်ငယ်အဖြစ် တွေ့ရသောတင်းတိပ်များသည် အမျိုးသမီးထု၏ အလှတရားကို ပျက်စီးစေသောအရာများ ဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အသားဖြူသူတို့သည် အသားညိုသူတို့ထက် မယ်လနင်ဓာတ်နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။ သဘာဝပစ္စည်းများကိုအသုံးပြု၍ တင်းတိပ် (အညိုရောင်အစက်ငယ်များ)ကို ဖယ်ရှားပစ်နိုင်ပါသည်။


ဓာတ်ပုံ - fixcart

        စတော်ဘယ်ရီသီး သုံးလုံး၊ လေးလုံးခန့်ကို ရေများများနှင့်ဆေးပြီး ရေအနည်းငယ်ရောကာ ကြိတ်ချေပါ။ ရလာသောအရည်များကို တင်းတိပ်များအပေါ် လိမ်းပေးထားပြီး ခြောက်သွေ့သောအခါ ရေနှင့်သန့်စင်ပေးရပါမည်။ အဆိုပါနည်းအတိုင်း သခွားသီးနှင့် ဆီးသီးကိုလည်း အသုံးပြုနိုင်ပါသည်။


ဓာတ်ပုံ - fixcart
        ကြက်သွန်နီဥကို အသုံးပြု၍လည်း တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပါသည်။ ကြက်သွန်နီဥအကြီးတစ်လုံးကို ထက်ခြမ်းခွဲပြီးလျှင် တင်းတိပ်နေရာများပေါ် တစ်နေ့လျှင် နှစ်ကြိမ်ခန့် ပွတ်တိုက်ပေးရပါမည်။ နေ့စဉ်ပွတ်တိုက်ပေးပါက အရောင်မှိန်လာစေရုံသာမက အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာသော အစက်အပြောက်များကိုပါ လျော့ပါးစေနိုင်ပါသည်။

ဓာတ်ပုံ - ebayimg

    
    ရှောက်သီးသည် အသားဖြူစေသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။ ရှောက်ရည်ကို တင်းတိပ်နှင့် အစက်အပြောက်များအပေါ် ၁၀ မိနစ်ခန့် ဂွမ်းဖြင့် ခပ်ပါးပါးလိမ်းပေးပါ။ ပြီးလျှင် ရေဖြင့် သန့်စင်ပေးပါ။

        အထက်ပါနည်းလမ်းများကို တစ်ကြိမ်တစ်ခါသာ အသုံးပြုပါက ပျောက်ကင်းနိုင်မည်မဟုတ်ကြောင်း တွေ့ရသည်။ ပြင်းထန်သော ရာသီဥတုကြောင့်လည်း တင်းတိပ်များကို ပိုမိုများပြားလာစေနိုင်သောကြောင့် နေ့စဉ်မှန်မှန် သဘာဝနည်းများကို အသုံးပြုခြင်းဖြင့် တင်းတိပ်ကင်းစင်သော အသားအရည်ကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။

ဒို့‌ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)

No comments:

Popular Posts