September 10, 2020

ကွမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေမည့် နည်းလမ်းများ

ညွန့်ဝင်း (နတ်တလင်း)

        ကွမ်းစိုက်ပျိုးမည်ဆိုလျှင် ပထမဦးစွာ စိုက်ပျိုးမည့်မြေကို ရွေးချယ်ပြုပြင်တတ်ဖို့ လိုပါသည်။ ကွမ်းစိုက်မည့်မြေကွက်ကို အခြားသီးနှံများ စိုက်ထားသည့်မြေကွက်မဖြစ်သင့်ပါ။ ကွမ်းမစိုက်မီ မြေကွက်ကို ထယ်ရေးနက်နက်ထိုး၍ မွှေနှောက်ထွန်ယက်ကာ နေပူလှန်းထားရမည်။ ချက်ချင်းမစိုက်သေးဘဲ မြေကို အနားပေးနှပ်ထားရသည်။ ကွမ်းနှင့် အခြားသီးနှံပင်များ စိုက်ပြီးသည့်မြေကွက်ကို မရွေးချယ်သင့်။ ထိုမြေကွက်မျိုးတွင် မှိုနှင့် ဘက်တီးရီးယားရောဂါများ ရှိနေတတ်သည်။ မြေကွက်ကို မြေညီညာအောင်(ရေမဝပ်စေရန်)ညှိ၍ ပြုပြင်ရသည်။ ခြရှိသောမြေဖြစ်လျှင် မြေပြင်စဉ်၌ ဖျူဟာရန် 3G ပိုးသတ်ဆေးခဲကလေးများ ထည့်မွှေရမည်။ အပင်ခြစားခြင်း၊ ကွမ်းတိုင်ခြစားခြင်း ကင်းဝေးရန်ဖြစ်သည်။ ကွမ်းစိုက်ကျင်းထဲသို့ ဘက်တီးရီးယားသတ်ဆေးတစ်မျိုးမျိုး ထည့်ပေးရမည်။ ပိုတက်စီယမ်၊ ဂျစ်ပဆင်များလည်း အချိုးမျှတစွာ ထည့်ပေးခိုင်းသည်။

        စိုက်ပျိုးမည့်ကွမ်းမျိုး ရွေးချယ်ရာ၌ ရောဂါကင်းသောမျိုးကို ရွေးချယ်ရမည်။ သက်တမ်းမကြာသေးသော စိုက်ခင်း(တစ်နှစ်သား)မှ မျိုးသန့်ရလျှင် ပိုကောင်းသည်။ ရောဂါအနည်းငယ်ပါသော ကွမ်းမျိုးကို စျေးချိုချိုနှင့် ဝယ်ရလျှင်လည်း မစိုက်သင့်ပါ။ တစ်ခင်းလုံး ရောဂါကူးစက်ပြီး ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်သည်။

        ကွမ်းခြံတွင် အသုံးပြုမည့် တိုင်(ဝါး)များ၊ အမိုး၊ အကာများကို ပစ္စည်းအသစ်များသာ သုံးရသည်။ ခြံဟောင်းမှ သုံးစွဲပြီး ဝါးနှင့် အမိုးအကာများကိုသုံးလျှင် မှိုဘက်တီးရီးယားရောဂါများ ပါလာပြီး ကွမ်းခင်းပျက်စီးမည်ဖြစ်သည်။

        ကွမ်းစိုက်ခင်းသန့်ရှင်းရေးကို ဂရုစိုက်ရမည်။ ပေါင်းမြက်၊ အမှိုက်သရိုက် ကင်းစင်အောင် ထားရမည်။ ပေါင်းမြက်ရှိလျှင် စုပ်စားပိုးနှင့် ရောဂါများ ခိုအောင်းနေနိုင်သည်။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားရမည်။

ဓာတ်ပုံ - RFA

        ကွမ်းပင်သက်တမ်းနုစဉ် (အပင်ငယ်ငယ်)၌ အပင်အလျင်အမြန်ဖြစ်စေရန် ဆန္ဒဖြင့် မြေသြဇာများ၊ အားဆေးများ မကျွေးသင့်၊ မပက်ဖျန်းသင့်ပါ။ မြေသြဇာနှင့် အားဆေးများကြောင့် အပင်ဖြစ်မြန်သော ကွမ်းခင်းသည် အရိုးပွကာ ရောဂါမြန်မြန်ဝင်၍ ကွမ်းသက်တမ်းတိုစေသည်။ ထို့ကြောင့် မလိုအပ်ဘဲ အစာအာဟာရများ အလွန်အမင်း မကျွေးသင့်ပါ။

        ကွမ်းပင်သက်တမ်း ခြောက်လရလျှင် မြေသစ်ကျွေးပေးနိုင်သည်။ ခြောက်လလျှင်တစ်ကြိမ် မြေသစ်ကျွေးပေး(ဖုံးပေး)နိုင်ပြီး အပင်တိုင်း အမြစ်များကို ညီညာစွာ ဖုံးအုပ်နိုင်အောင် ကျွေးပေးရမည်။ ကွမ်းပင်သည် ပူနွေးစွတ်စိုသောရာသီဥတုကို နှစ်သက်ပြီး ရေငန်ကို မကြိုက်ပါ။ အစိုဓာတ်များလွန်းခြင်း၊ ခြောက်လွန်းခြင်းကိုလည်း မကြိုက်ပါ။ အစိုဓာတ်နည်းလျှင် ကွမ်းဖြစ်ထွန်းမှုနည်းပြီး အစိုဓာတ်များလျှင် ရောဂါဝင်နိုင်သည်။ ထို့ကြောင့် မိုးရာသီတွင် မိုးမည်မျှရွာသည်ဖြစ်စေ စိုက်ခင်းအတွင်း ရေမဝပ်ဘဲ ရေတန်းထွက်နိုင်အောင် ရေနုတ်မြောင်းများ စနစ်တကျပြုလုပ်ထားရမည်။ အပူချိန် အနည်းအများကိုကြည့်၍ ကွမ်းပင်၌ ရောဂါ (ဥပမာ အရွက်၌ ဆီစွန်းကွက် စတွေ့ခြင်း)ဖြစ်ဖြစ်ချင်း ထိသေနှင့် ပင်လုံးပျံ့ ဘက်တီးရီးယားသတ်ဆေးကို သုံးစွဲနှိမ်နင်းရမည်။ ဆေးဝါးလွဲမှားစွာ အသုံးပြုမိခြင်း၊ ဆေးဝါးမသုံးခြင်းတို့ကြောင့် ရောဂါဆိုးရွားကာ ကွမ်းပင်ရိုးမည်းဆစ်ပြုတ်အဆင့်ရောက်မှ ကုသနှိမ်နင်းလျှင် မရတော့ပေ။ ရိုးမည်းဆစ်ပြုတ်ရောဂါသတ်ဆေး ယခုအထိ မပေါ်သေးပါ။

        ကွမ်းပင်များ၌ စုပ်စားပိုးမကျရောက်အောင်လည်း ဂရုစိုက်ရမည်။ စုပ်စားပိုးသည် နွေရာသီတွင် ဆိုးဆိုးရွားရွားကျတတ်သည်။ သဘာဝတမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးများကို ရေနှင့် ရောစပ်ပက်ဖျန်းပေးနိုင်သည်။ မနိုင်ပါက စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ပြီး ထိရောက်သည့် ပိုးသတ်ဆေးကို မှန်ကန်တိကျစွာသုံးစွဲနှိမ်နင်းပါ။ စုပ်စားပိုးများကို မနှိမ်နင်းနိုင်လျှင် ကွမ်းရွက်များ တွန့်ခြင်း၊ အရွက်ဖားပြုတ်ကျောထခြင်းများဖြစ်ကာ ရောင်းတန်းမဝင်တော့ပေ။

        အချုပ်အားဖြင့် တင်ပြရလျှင် ကွမ်းပင်အောင်မြင်ဖြစ်ထွန်းရန် မြေ၊ မျိုးပြည့်စုံကောင်းမွန်ရန် လိုအပ်သကဲ့သို့ မိမိ၏ စိုက်ခင်းအနေအထားကိုကြည့်၍ လိုအပ်သလို ပြုစုစောင့်ရှောက်ပေးတတ်ရန်လိုသည်။ မိမိကွမ်းပင်၏ လိုအပ်ချက်အတိုင်း အနာနှင့်ဆေးကိုက်အောင် ပေးတတ်ရမည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ကွမ်းများကို စီးပွားဖြစ်စိုက်ပျိုးနေကြရာ၌ တစ်နေရာနှင့်တစ်နေရာ ရေ၊ မြေ၊ ရာသီဥတု၊ မျိုး၊ နည်းစနစ်များ မတူညီကြပါ။ သို့သော် ကိုယ့်ဒေသ၊ ကိုယ့်အရပ်နှင့် ကိုက်ညီမည့် နည်းစနစ်၊ မျိုးနှင့် စိုက်ပျိုးရေးသုတများကို လေ့လာလျက် စိုက်ပျိုးသွားကြမည်ဆိုလျှင် အောင်မြင်သောကွမ်းစိုက်ခင်း ဖြစ်လာမည်ဖြစ်သည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၈)

No comments:

Popular Posts