September 8, 2020

မွေးမြူရေးလုပ်ငန်းရှင်များ အကျိုးအမြတ်ရရှိစေနိုင်မည့် ငါး ပုစွန်မွေးမြူရေးစနစ်အကြောင်း တစေ့တစောင်း

မှူးဝတ်ရည်ဇော် (ပြည်)

        မြန်မာနိုင်ငံတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသော မွေးမြူရေးလုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင် မွေးမြူကြသော ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ အကျိုးအမြတ်ရရှိစေရန်နှင့် ငါး၊ ပုစွန်မွေးမြူခြင်းနှင့်ပတ်သက်၍ နည်းစနစ်များကို လေ့လာသိရှိနိုင်စေရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မေး။    ငါးကန်က ငါး၊ ပုစွန်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချသင့်လဲဆရာ။

ဖြေ။    မွေးမြူရေးလုပ်ငန်းများတွင် ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီများ အသုံးပြုထားတဲ့ ပစ္စည်းကိရိယာများကို အသုံးမပြုမိစေရန် အထူးသတိထားပြီး မသုံးစွဲမိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ငါး၊ ပုစွန်သေဆုံးမှု လျှော့ချနိုင်မှာဖြစ်ပါတယ်။

မေး။    သဘာဝချောင်း၊ မြောင်း၊ ကန်တွေကို တာပေါင်ပိတ်ပြီး မွေးမြူတဲ့စနစ်ကလေး သိပါရစေ။

ဖြေ။    ရေချို၊ ရေငန် (ငါး၊ ပုစွန်) မွေးမြူရာမှာ ဒေသအခေါ် ကာရီလို့ခေါ်တဲ့ သဘာဝမြစ်ချောင်းတာပေါင်တွေကိုပိတ်ဆို့ပြီး မွေးမြူတဲ့စနစ်နဲ့ လယ်ကန်သင်းတွေကို ပေါင်မြှင့်တင်ပြီးမွေးမြူတဲ့စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

မေး။    မွေးမြူရေးကန်တွေမှာ ငါး၊ ပုစွန် သေဆုံးမှုတွေ ကြုံတွေ့နေရပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ဖြေ။    ဒီရေအတက်အကျကို မူတည်ပြီး ရေသွင်းရေထုတ် ပြုလုပ်ပြီး သဘာဝကရလာတဲ့ ငါး၊ ပုစွန်တွေကို မွေးမြူကြတာပါ။ ဒီသဘာဝမွေးမြူရေးစနစ်မှာ အသုံးပြုထားတဲ့ ရေဟာ နုန်းမြေနဲ့ ရွှံ့စေးမြေတွေ အနည်ထိုင်မှု များလာတာနဲ့အမျှ သဘာဝကျကျ မွေးမြူရေးဖြစ်ဖို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ အကြောင်းကတော့ နုန်းမြေနဲ့ ရွှံ့စေးမြေတွေ အနည်ထိုင်မှုများပြားလာတာနဲ့အမျှ ရေရဲ့ အချဉ်ငန်ဓာတ်ဟာ တဖြည်းဖြည်းထိန်းညှိမှု ပြောင်းလဲလာသလို အောက်စီဂျင်ရရှိမှုကလည်း တဖြည်းဖြည်းနည်းပါးလာပါတယ်။ အောက်စီဂျင်နည်းလာတာကြောင့် ကန်ထဲက ငါး၊ ပုစွန်တွေ သေဆုံးနိုင်ပါတယ်။ ဒီစနစ်ကတော့ လွယ်ကူသက်သာတဲ့နည်းစနစ်ဖြစ်သလို ကုန်ကျစရိတ်လည်း သက်သာလှပါတယ်။

        မြန်မာနိုင်ငံက မွေးမြူရေးငါးကန်တွေဟာ အကျယ်အဝန်း ငါးဧကလောက်ကျယ်ဝန်းပြီး ငါးကန်ထဲမှာ ငါးကောင်ရေ ၁၂ဝ ခန့်ကို မွေးမြူနေတာကို တွေ့ရပါတယ်။ ရေလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ဗီယက်နမ်လို နိုင်ငံမျိုးမှာ ကန်သေးသေးနဲ့ အကောင်ရေများများ မွေးမြူတဲ့နည်းကို ကျင့်သုံးနေပြီဖြစ်တာကြောင့် ကုန်ကျစရိတ်နည်းပြီး အမြတ်ပိုရတဲ့ အခြေအနေရှိနေပါတယ်။

ဓာတ်ပုံ - moigovnews.blogspot.com
မေး။    လယ်ကန်သင်းများ မြှင့်တင်မွေးမြူနည်းအတွက် အဓိကအချက်များကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။    ဒီနည်းကတော့ ကန်ပေါင်ကို အမြင့် တစ်ပေခွဲမှ နှစ်ပေအထိ မြှင့်တင်ပြီး မွေးမြူကြပါတယ်။ မွေးမြူရာမှာလည်း လယ်ကန်သင်းများ အတွင်း/အပြင် ပေါင်းမြက်များ ကင်းစင်အောင်ပြုလုပ်ပြီး မြေပြင်ပေါ်မှာ ထုံး၊ ပဲမှော်၊ ကြိတ်ဖတ်ချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများ ထည့်သွင်း၍ မြေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ ၄င်းဖြည့်စွက်စာထည့်ပြီးနောက် ရေသွင်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း ထပ်မံပြီး အဏုဇီဝဖျော်ရည်များ ဖြည့်သွင်းကာ စတင်မွေးမြူနိုင်ပါတယ်။ အဏုဇီဝဖြင့် ရောစပ်ထားသောစပ်စာ (ဥပမာ-ပဲမှော်၊ဖွဲနု၊ ဆန်ကွဲ)ကို ကာလသက်တမ်းအရ အနည်းအများ အချိန်အဆဖြင့် အစာကျွေးပေးပါ။

မေး။    အောက်စီဂျင်ကို ဘယ်လိုပြန်ဖြည့်ပေးရမလဲဆရာ။

ဖြေ။    ရေဂါလန် ၅ဝဝဝ တွင် ထုံးတစ်အိတ်နှုန်း၊ အဏုဇီဝဖြည့်သွင်းစာ နှစ်အိတ်ထည့်ပေးပါ။ တိုင်းတာနည်းမှာ တုတ်ချောင်းအရှည် သို့မဟုတ် ဝါးလုံးရှည်ပေါ်တွင် အဖြူရောင်အမှတ်များ ပြုလုပ်ထားပါ။ ပြီးလျှင် ရေထဲသို့ ထိုးချပါ။ နေရောင်ရရှိနေချိန်မှာ အဖြူရောင်အမှတ်အသား ထင်ရှားစွာ မြင်နိုင်အောင် အပိုင်းနဲ့ မမြင်နိုင်တဲ့ နေရာအပိုင်းသို့ ရောက်ရှိပါက ၄င်းအမှတ်အသား မှတ်သားခြင်းဖြင့် ရေကြည်ရေနောက်ကို တိုင်းတာနိုင်ပါတယ်။ ဥပမာ- ရေရဲ့အနက်ပမာဏမှာ ၁ဝ ပေရှိတယ် ဆိုပါစို့။ မမြင်နိုင်သောအနက်ဟာ ရှစ်ပေရှိမယ်ဆိုရင်ရေကြည် (အောက်စီဂျင်) ရရှိနိုင်တဲ့ အနက်ဟာ နှစ်ပေရှိပါတယ်။ အထက်ပါနည်းနဲ့ ရေနဲ့အောက်စီဂျင်ရရှိမှုကို တိုင်းတာနိုင်ပါတယ်။

မေး။    ငါးခူ၊ ငါးကြင်းမွေးမြူရေးမှာ သတိထားရမယ့်အချက်တွေကိုလည်း သိပါရစေ။

ဖြေ။    တစ်ဧကထက်မကြီးတဲ့ ကန်နဲ့ မွေးသင့်တယ်။ သဘာဝနည်းထက် ငါးမျိုးစပ်ပြီး မျိုးဖောက်မွေးသင့်ပါတယ်။ ငါးစာအတွက် ရေပေါ်စာကို အကျင့်ရအောင် ကျွေးသင့်ပါတယ်။ ရေကြီးခြင်းကဲ့သို့ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါးကန်ပေါင်ကို အမြင့် ငါးပေအထိ ထားသင့်ပါတယ်။ အကောင်ရေများများမွေးတဲ့စနစ် ကျင့်သုံးသင့်ပါတယ်။ တစ်ဧက တစ်ကန်အတွင်း ငါးကောင်ရေ တစ်သိန်းနှစ်သောင်းထိ မွေးနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာစေရန် တာလပတ်ခင်းပြီး မွေးမြူနိုင်ပါတယ်။

မေး။    ငွေမြန်မြန်ပေါ်တဲ့ငါးကို အစားထိုးမွေးမြူမယ်ဆိုရင် ဘယ်လိုငါးမျိုးတွေ မွေးမြူသင့်သလဲ။

ဖြေ။    တစ်နှစ်ခွဲ၊ နှစ်နှစ်မွေးရပြီး နှစ်နှစ်ကျော်မှ ငွေပေါ်တဲ့ငါးမြစ်ချင်း၊ ငါးကြင်းအစား သုံးလကနေ ခြောက်လအတွင်း ငွေမြန်မြန်ပေါ်တဲ့ ငါးခူ၊ ငါးရံ့၊ ငါးပြေမနဲ့ ငါးရှဉ့်တို့ကို အစားထိုးမွေးမြူသင့်ပါတယ်။

မေး။    ဖော်ပြပါငါးတွေမွေးမြူခြင်းအတွက် အားသာချက်တွေက ဘယ်လိုရှိပါသလဲ။

ဖြေ။    တစ်ဧကခန့်သာရှိတဲ့ ကန်သေးသေးနဲ့ မွေးမြူနိုင်ခြင်း၊ ကန်မတူးနိုင်သူတွေအတွက် တာလပတ်ခင်းကာ မွေးမြူနိုင်ခြင်း၊ ကုန်ကျစရိတ်နည်းသွားခြင်း၊ ငွေမြန်မြန်ပေါ်ခြင်း၊ ရာသီဥတုအန္တရာယ် ကျရောက်ပါက ကန်သေးတဲ့အတွက် ငါးများမထွက်သွားအောင် စီမံခန့်ခွဲရလွယ်ကူခြင်းတို့ ဖြစ်ပါတယ်။ ထို့ပြင် လယ်သမားကိုယ်တိုင် သားဖောက်ပြီး မွေးမြူနိုင်ခြင်း၊ စပါးစိုက်တဲ့လယ်ထဲမှာပဲ မွေးမြူနိုင်ခြင်း၊ လယ်ကို ဒုက္ခပေးတဲ့ခရုတွေကိုဖမ်းပြီး ငါးရှဉ့်စာအဖြစ် ပြန်လည်အသုံးပြုနိုင်တဲ့အတွက် လယ်အတွက် ကောင်းရုံတင်မကဘဲ ငါးရှဉ့်စာအတွက်သီးသန့်ငွေကုန်ကြေးကျ မရှိခြင်း စတဲ့အားသာချက်တွေ ရှိပါတယ်။

မေး။    ပုံမှန်မဟုတ်တဲ့ ငါးဖမ်းစနစ်တွေကို ဘယ်လိုရှောင်ကြဉ်သင့်ပါသလဲ။

ဖြေ။    မျိုးပွားမှုကို အနှောင့်အယှက်ပေးစေတဲ့ ရှော့တိုက်နည်းနဲ့ ငါးဖမ်းတာကိုလုံးဝရှောင်ကြဉ်ပါ။ ငါးမျိုးရေရှည်တည်တံ့မှုကို ဒုက္ခပေးရာရောက်တဲ့ ပိုက်ကွန်သေးဖြင့်ငါးဖမ်းမှုကို ရှောင်ကြဉ်ပါ။ ငါးရှဉ့်ဖမ်းရာမှာ အနံ့ပြင်းတဲ့ ရှန်ပူ (ခေါင်းလျှော်ရည်)၊ ပရုတ်လုံးဖမ်းဆီးမှုကို ရှောင်ကြဉ်ရပါမယ်။ ယင်းသို့ ဖမ်းဆီးလျှင် လအနည်းငယ်အတွင်း ငါးသေတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၄)

No comments:

Popular Posts