ကိုရွှေငါး (ဓနုဖြူ)
သားငါးကဏ္ဍအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို တိုးတက်စေရန်အတွက် ပြည်တွင်းစားသုံးမှုသာမက ပြည်ပစျေးကွက်သို့ တင်ပို့နိုင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ငါးမွေးမြူရေးလုပ်ငန်းများကို တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်သော အရင်းအနှီးနည်းပညာများ အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နေချိန်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများနှင့် နှစ်စဉ်နှစ်တိုင်း အပူချိန်လွန်ကဲမှုကြောင့် ငါးမွေးကန်ရှိငါးများ သေဆုံးမှုများကြောင်း တွေ့ရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တောကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၃၈ ရှိ ငါးမွေးကန် ၃၆၇ ဧကများတွင် ငါးမွေးမြူခြင်းနှင့်ပတ်သက်၍ ဦးစိုးမင်းဦးက ပြောကြားရာတွင် ‘‘ဒီလိုပူတဲ့အချိန်မှာ ငါးအသေအပျောက် နှစ်စဉ်နှစ်တိုင်းရှိပါတယ်။ ကျွန်တော်တို့လည်း ငါးမွေးကန် ငါးအထွက်နှုန်း မလျော့နည်းရလေအောင် ငါးမွေးပညာရှင်တွေ၊ ငါးလုပ်ငန်းအဖွဲ့တွေဆီက ပညာတွေယူ၊ ငါးမွေးမြူရေးဆိုင်ရာ စာအုပ်တွေလေ့လာပြီး အစာစိမ်းကို အစာနှင့် ဆေးရော၍ အစာတောင့်ပြုလုပ်ပြီး ကျွေးကြည့်တာ ဒီနှစ်ငါးအသေအပျောက်မရှိပါဘူး’’ဟု ပြောကြားခဲ့သည်။
![]() |
ဓာတ်ပုံ - bp.blogspot.com |
အစာနှင့် အစာစိမ်းကို ရောစပ်ပြီး ကျွေးမွေးခြင်းနှင့်ပတ်သက်၍ ဦးဇော်ဦးက ပြောကြားရာတွင် ‘‘ဗေဒါတွေကို တရုတ်နီအင်ဂျင်မြင်းကောင်ရေ ၃၆ ကောင်ဖြင့် တပ်ဆင်ထားသော ကြိတ်စက်နဲ့ စဉ်းပါတယ်။ စဉ်းပြီးသော ဗေဒါကုန်ချိန် ငါးပိသာခန့်နှင့် ကစေးပါ ဆေးတစ်ထုပ်၊ ဖွဲနု ၁၅ ပိဿာခန့်ရောစပ်ပြီး နောက်တစ်ကြိမ်စက်ဖြင့် ပြန်လည်ကြိတ်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် မြေပေါ်တွင် အလျား ၇ ပေ × အနံ ၅ ပေ၊ အကျယ်အနက်သုံးပေခန့် တူးပြီး အောက်ခြေကို ပလတ်စတစ်ခင်း၍ ကြိတ်ပြီးသား ဗေဒါများကို ဖြန့်ပြီး အပေါ်မှ ပလတ်စတစ်အုပ်ထားရပါတယ်။ ပရိုတင်းဓာတ်တက်လာအောင် အချဉ်ဖောက်ခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၇၂ နာရီ၊ အများဆုံး ငါးရက်ထားပါတယ်။ တတိယအဆင့်အနေဖြင့် မြင်းကောင်ရေ ၃၃ ကောင်အားရှိ အစာမွှေစက်သို့ နူးနပ်နေသော ဗေဒါ ရှစ်ပိဿာမှ ၁၅ ပိဿာကို ဖွဲနု ၁၅ ပိဿာ၊ ပဲဖတ် နှစ်ပိဿာ၊ ငါးခြောက် တစ်ပိဿာ ရောမွှေပြီး အစာတောင့်အဖြစ် ပြုလုပ်၍ ငါးများကို နေ့စဉ်ကျွေးမွေးပါတယ်’’ဟု ပြောကြားခဲ့သည်။
ဗေဒါအစာစိမ်းနှင့် ရောနှောကျွေးမွေးခြင်းဖြင့် ရေသြဇာဓာတ်ကြွယ်ဝပြီး ရေသန့်လာခြင်း၊ ငါးများ အစာစိမ်းစားခြင်းဖြင့် အပူဒဏ်ခံနိုင်ပြီး အသေအပျောက် နည်းပါးခြင်း၊ ယခုအချိန်မှာ ဖွဲနု၊ ပဲဖတ်စရိတ် ကြီးမြင့်ခြင်းကြောင့် အစာစရိတ် ၄ဝ ရာခိုင်နှုန်း သက်သာခြင်း၊ ငါးအထွက်နှုန်း ကောင်းပြီး အမြတ်များများရရှိခြင်းကြောင့်ငါးမွေးမြူရေးလုပ်ကိုင်နေကြသော တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်ပါတယ်။ အဆင့်မြင့်အစာတောင့်များ စရိတ်ကြီးမြင့်ပြီး စျေးကွက်တွင် ငါးစျေးနှုန်းလျော့၍ အရင်းအနှီးများပြီး အကျိုးအမြတ်နည်းပါးမှုကြောင့် စီးပွားရေးတွက်ခြေမကိုက် အခက်အခဲဖြစ်နေကြသော မွေးမြူရေးလုပ်ငန်းရှင်များအတွက် အစာစရိတ်ကုန်ကျမှုသက်သာသော အစာစိမ်း(ဗေဒါ)ကျွေးခြင်းနှင့်ပတ်သက်၍ ဓနုဖြူမြို့နယ် တောင်ကြီးကျေးရွာသို့ လာရောက်လေ့လာနိုင်ပါရန် ဖိတ်ခေါ်လိုက်ရပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၃)
No comments:
Post a Comment