September 4, 2020

နှမ်းရိုးကို မီးမရှို့ပါနဲ့ အကျိုးရှိရှိသုံးပါ

မောင်ငြိမ်းအောင် (တန့်ဆည်)

        ပြီးခဲ့တဲ့အပတ်ထဲက မကွေးတိုင်းဒေသကြီးဘက်ကို ခရီးထွက်ခဲ့ရင်း လမ်းခရီးတစ်နေရာရောက်တော့ လယ်ကွင်းထဲမှာ နှမ်းရိုးကို မီးရှို့နေတာ တွေ့ရပါတယ်။ စိုက်ပျိုးရေးသမားပီပီ မီးရှို့နေတဲ့နေရာ အရောက်သွားကြည့်မိပါတယ်။ မီးရှို့နေတဲ့ လယ်သမားကြီးကိုလည်း တွေ့ပါတယ်။ စာရေးသူက နှမ်းရိုးကို မီးမရှို့ဘဲ လယ်ကွက်ထဲဒီအတိုင်း ထည့်လို့မရဘူးလားလို့ မေးတော့ ‘‘ရတော့ရတာပေ့ါဆရာ၊ ဒါပေမဲ့ နှမ်းရိုးကို လယ်ကွက်ထဲ လိုက်ထည့်နေရတာ ပင်ပန်းတာပေ့ါ။ နှမ်းရိုးပြာဆိုတော့ အလွယ်လေးဖြန့်လိုက်ရုံပဲလို့ ပြန်ဖြေပါတယ်။

        တောင်သူလယ်သမားကြီးက ‘‘ဒါနဲ့နေပါဦး။ ဆရာကြီးက ဘယ်ကတုန်း၊ ဘာကိစ္စတုန်း’’လို့ မေးတော့ စာရေးသူက ပြန်ဖြေလိုက်တော့မှ ‘‘သြော် ဆရာကြီးက စိုက်ပျိုးရေးပညာရှင်ကြီးကိုး။ ကဲ ဆရာကြီးက ဘာဖြစ်လို့ နှမ်းရိုးကို မီးမရှို့စေချင်တာလဲ။ အကျိုးအကြောင်းလေး ရှင်းပြပါဦး’’လို့ဆိုတော့ -

        ‘‘နှမ်းရိုးတွေက မြေကြီးထဲ ထယ်ထိုးထွန်မွှေမြှုပ်ပေးလိုက်ရင် ဆွေးလွယ်တယ်ဗျ။ မြေဆီလွှာကို ပြုပြင်ရာမှာလည်း အကောင်းဆုံးဗျ။ မြေဆီလွှာကိုလည်း အာဟာရဓာတ်တွေနဲ့ ပြည့်စုံစေတယ်လို့ မြေဆီလွှာပညာရှင်တစ်ဦးက ဆိုထားတယ်ဗျ။ 

        တောင်သူတွေက နှမ်းရိုးကို မီးရှို့ပစ်ကြတယ်။ စပါးစိုက်ပျိုးတဲ့အခါ တောင်သူလယ်သမားအများစုက ယူရီးယားတစ်မျိုးပဲ ထည့်တယ်။ ဖော့စဖရပ်တို့၊ ပိုတက်စီယမ်တို့ မထည့်ကြဘူး။ ကြာလာတော့ မြေဆီလွှာမှာ အာဟာရဓာတ်တွေ ချို့တဲ့လာတယ်။ မြေလည်းပျက်လာတယ်။ နှမ်းရိုးကို ထည့်ရင် နိုက်ထရိုဂျင်ဓာတ်၊ ဖော့စဖရပ်ဓာတ်တို့ရသလို၊ အဓိက ပိုတက်စီယမ်ဓာတ်လည်းရတယ်။ စပါးအထွက်လည်းတိုးတာကို တွေ့ရတယ်လို့ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆိုထားပါတယ်။

        စပါးခင်းထဲကို နှမ်းရိုးထည့်ရင် စပါးအထွက်နှုန်း ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းထိ စပါးအထွက်တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စိမ့်ဆွဲမြေ၊ ဒုံပေါက်မြေတွေကို ပြုပြင်ဖို့ ခက်ခဲနေရင် သီးနှံတစ်ရာသီလှပ်ထားပြီး နှမ်းရိုးရသမျှ နှစ်နှစ် သုံးနှစ် ဆက်တိုက်ထည့်ပေးရင် မြေပြန်ကောင်းလာတယ်လို့လည်း ဆိုပါတယ်။ နှမ်းရိုးမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါတဲ့အတွက် မြေကြီးထဲထည့်ပြီး နှမ်းရိုးမဆွေးမြည့်မီကဘဲ နှမ်းရိုးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ရဲ့ ၄ဝ ရာခိုင်နှုန်းကို စပါးပင်ကရတဲ့အတွက် စပါးအထွက်တိုးစေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - bnionline.net


        စပါးခင်းထဲမှာ နှမ်းရိုးတစ်တန် မြေဆွေးဖြစ်သွားစေလျှင် နှမ်းရိုးမှာ ယူရီးယား ၂၅ ပေါင်၊ ပိုတက်စီယမ် ၃၅ ပေါင်နဲ့ညီမျှတဲ့ဓာတ်တွေ ရရှိနိုင်တယ်။ နှမ်းရိုးမှာ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနဲ့ ကာဗွန်နိုက်ထရိုဂျင် ၃၇ ဒသမ ၁ ရာခိုင်နှုန်းပါဝင်တယ်လို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။ နှမ်းရိုးကို မီးရှို့လိုက်ရင် ပါဝင်တဲ့ဓာတ်တွေ ဆုံးရှုံးသွားတယ်ဗျ။

        နှမ်းစိုက်ခင်းတစ်ဧကကို ရိတ်သိမ်းရင် နှမ်းရိုး ၁ ဒသမ ၅ တန်ကျော် ရရှိနိုင်တယ်။ စပါးခင်းတစ်ဧကအတွက် လုံလောက်တယ်။ ဒါ့ကြောင့် နှမ်းရိုးကို မီးမရှို့ဘဲ လယ်ထဲကို ထည့်ပေးမယ်ဆိုရင် အကျိုးကျေးဇူးတွေရမှာ သေချာတယ်ဗျာ’’

        ‘‘ဟုတ်ပြီဆရာ။ ကျွန်တော် နှမ်းရိုးကို မီးမရှို့တော့ဘဲ ဆရာပေးတဲ့ နည်းအတိုင်း လယ်ထဲထည့်တော့မယ်ဆရာ’’

        ‘‘ကောင်းလိုက်တာဗျာ ကျွန်တော်လည်း ခရီးဆက်လိုက်ဦးမယ်နော်’’

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၅)

No comments:

Popular Posts