လယ်တွင်းသားစောချစ်
ကျောင်း၏ ဘေးဘက်ရှိ ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက် လယ်ကွင်းများဆီ လှမ်းကြည့်သောအခါ ကောက်ရိတ်ပြီးသည့် ရိုးပြတ်ကွင်းပြင်ကြီးများကို မြင်နေရသည်။ လယ်ကန်သင်းများပေါ်မှာတော့ပေါက်ပင်များ ရဲရဲနီနီ ပွင့်နေကြသည်။ နွေဦးကာလ၏ လွမ်းဖွယ်ရှုခင်းများပင် ဖြစ်ပါ၏။
ကျောင်းပိတ်ရက် ရွာအပြန်
စာမေးပွဲများအားလုံး ပြီးသွားသောအခါ ဘကြီးမှုံနှင့် ဒေါ်ဒေါ်မြိုင်ကို ခွင့်တောင်းပြီး ဇာတိရွာသို့ ပြန်ခဲ့သည်။ လစဉ်လည်း လခထုတ်တိုင်း အမေကြီးနှင့် ဦးလေးကို ပြန်ကန်တော့ပါ၏။ သို့သော် တစ်ညအိပ်နှစ်ညအိပ်သာကြာသည်။ ကျောင်းတက်ရက်အမီ အမြန်ပြန်လာရ၏။
ယခုတစ်ခေါက်ကတော့ နွေရာသီ ကျောင်းနှစ်လပိတ်ရက်ဖြစ်၍ စိတ်အေးလက်အေးနှင့် အားပါးတရနေခွင့်ရမည်။ အနည်းဆုံးတစ်လကျော်အောင် နေနိုင်မည်။ အိတ်ကြီးနှစ်လုံးနှင့် ပြည့်ပြည့်စုံစုံထည့်သည်။ တီးနေကျ မယ်ဒလင်ကိုလည်း ကျောမှာလွယ်၍ သယ်ခဲ့သည်။
ကျောက်မီးမှ စဉ့်ကိုင်အထိ ကားနှစ်ဆင့်စီးရသည်။ စဉ့်ကိုင်မှ ဖလံဗိုလ်ရွာသို့ မြင်းလှည်းစီးရသည်။ ဖလံဗိုလ်ရွာမှ ကျွန်တော့်ဇာတိ ဝန်းသိုရွာသို့ ခြေကျင်လျှောက်ရသည်။ နှစ်မိုင်ခန့်ဝေးသည်။ ကိစ္စမရှိ။ လျှောက်နေကျလမ်း ခြေလှမ်းကမှန်နေသည်။
ရွာနှင့်နီးလာသည်နှင့် ရွာရှုခင်းအလှမှာ ဘယ်နှစ်ခါမြင်မြင် မရိုးနိုင်ပါ။ နှစ်သက်စရာ။ ညို့ညို့မှိုင်းနေသော သစ်ပင်အုပ်အုပ်ပေါ်မှာ အုန်းပင်မြင့်မြင့်ကြီးများက ယိမ်းနွဲ့လှုပ်ရှားနေသည်။ ရွာဦးမှာ ထုံးဖြူဖြူစေတီများနှင့်ပြသာဒ်ဘုံဆောင်များပါသော ရွာဦးကျောင်းကြီးက ရွာ၏ကျက်သရေကို ဆောင်နေသည်။ ရွာအဝင်မှာ ကုက္ကိုလ်ပင်တန်း ရှိသည်။ စာဥတို့ပျော်စံရာ ကုက္ကိုလ်ပင်ကြီးလည်း ရှိသည်။ ရွာကိုဝင်လိုက်သည်နှင့် ညာဘက်မှ ခြံကျယ်ကြီးမှာ ကျွန်တော်ငယ်စဉ်ကတည်းက ပျော်ရွှင်စွာနေခဲ့သော ခြံကြီးဖြစ်သည်။
ကျွန်တော်ရောက်သွားသည်နှင့် အမေကြီးနှင့် ဦးလေးတို့ပျော်နေကြသည်။ ခရီးရောက်မဆိုက်ပင် အမေကြီးနှင့် ဦးလေးကို ကန်တော့သည်။ ယခုတစ်ခေါက် အကြာကြီးနေရမည်မို့ အမေကြီးနှင့် ဦးလေးတို့ ဝမ်းသာနေကြသည်။
ကျွန်တော်ပြန်လာမည်ကို ကြိုသိထားကြ၍ ဦးလေးက သူ့ယာခင်းမှ ပြောင်းဖူးနုနုလေးများ ချိုးလာသည်။ အမေကြီးက ပြောင်းဖူးနုလေးများကို ဓားနှင့်ပါးပါးလှီးပြီး နွားနို့နှင့် ကြော်ထားသည်။ သန်းကြွယ်သူဌေးများကိုသနားသည်ဆိုသောဟင်း ဖြစ်သည်။ ဤမျှ ချိုဆိမ့်လတ်ဆတ် နူးညံ့သောအရသာကို သန်းကြွယ်သူဌေးများ စားရမည်မထင်ပေ။
ဤရွာထဲမှာပင် ကျွန်တော့်အမေအရင်းရှိပါသည်။ ကျွန်တော်တို့ရွာကျောင်းမှာပင် မူလတန်းကျောင်းအုပ်ဆရာ။ အဖေကြီးနေရာ အမွေဆက်ခံခြင်းဖြစ်ပါသည်။ အမေက နောက်အိမ်ထောင်နှင့်ပါ။ အဖေကွယ်လွန်ချိန်မှာ အမေက (၂၄) နှစ်သာ ရှိပါသေးသည်။ တစ်ပင်လဲမူ တစ်ပင်ထူသင့်သော အရွယ်ဖြစ်သည်။
ကျွန်တော်တို့အိမ်က ရွာတောင်ဖျားမှာ။ အမေတို့အိမ်က ရွာမြောက်ဖျားမှာ။ အမေ့အိမ်ကိုလည်း သွားပါသည်။ အမေ့ကိုလည်း ချစ်ပါသည်။ သို့သော် အမေကြီးကို ပိုချစ်သည်။
ငယ်စဉ် ငါးနှစ်သားကတည်းက အဖေကြီးနှင့် အမေကြီးက မွေးစား၍ အမေကြီးနှင့် အမေလို နေခဲ့ရသည်။ အဖေကြီးနှင့် အမေကြီးမှာလည်း သားမရှိ။ သမီးနှစ်ယောက်သာရှိသည်။ ထို့ကြောင့် ကျွန်တော့်ကို သားလို သဘောထားပြီး ချစ်ကြသည်။
အမေကြီးက အသေးစိတ်ဂရုစိုက်သည်။ ဆောင်းအခါများတွင် ခြုံစောင်များကို နေပူပူမှာ လှန်းပေးသည်။ ညနေ (၄) နာရီခန့်အပူဓာတ်မလျော့မီ အမေကြီးက စောင်ကို ခေါက်ထားသည်။ ည ကျွန်တော် အိပ်ရာဝင်မှစောင်ခေါက်ကို ဖြန့်ပြီး ခြုံပေးသည်။ စောင်နှင့်ထိလိုက်သည်နှင့် နွေးသွားသည်။ ဆောင်းညတိုင်း အမေကြီး၏ မေတ္တာစေတနာအနွေးဓာတ်ဖြစ်သည်။
ကျွန်တော့်အဝတ်ကလေးများကို ဖြူဖွေးနေအောင် လျှော်ပေးသည်။ ကျွန်တော် ကြိုက်သည့် သရေစာလေးများကို အမြဲတမ်းဝယ်ပေးထားသည်။ အချို့သောမုန့်များကို ကိုယ်တိုင်လုပ်ကျွေးသည်။
ရွာမှာ အမေကြီးအပြင် ချစ်စရာ ကျေးဇူးရှင်ဦးလေးရှိသေးသည်။ ဦးလေးက လယ်သမားအဖြစ် လယ်ယာလုပ်ငန်းများလုပ်ပြီး အိမ်ထောင်မိသားစုတာဝန်ထမ်းရရှာသည်။ ကျွန်တော်ကော ကူမည်ဆိုလျှင် မလိုက်ရ၊ မကူရ။ ပင်ပန်းတာဆို မလုပ်ရ။ သိပ်ကိုညှာသည်။ အဖေကြီးပြီးလျှင် ဦးလေးကို ချစ်ပါသည်။
ချစ်သော မိသားစုများနှင့် အတူနေရသော ရွာလေးမှာ ကျွန်တော့ဘဝအတွက် မြတ်နိုးစရာနှင့် မမေ့နိုင်စရာ။
ဤရွာကလေးတွင် ကျွန်တော်ငယ်စဉ်က ဆော့ကစားခဲ့ရသောခြံကျယ်ကြီးရှိသည်။ ခြံကျယ်ကြီးထဲမှာ စားပင်သီးပင်အမျိုးစုံရှိသည်။ ခြံကြီးဘေးမှာ တသွင်သွင်စီးဆင်းနေသော ရေမြောင်းရှိသည်။ ငယ်စဉ်က ထိုမြောင်းထဲမှာ သူငယ်ချင်းများနှင့်အတူ ရေချိုးရေကစားရသည်။
ကျွန်တော်တို့ ခြံစည်းရိုးမှာ ခွေးတောက်နွယ်ပင်ကြီးများ၊ ကင်ပွန်းချဉ်နွယ်ပင်ကြီးများ၊ ကင်းပုံပင်၊ နွားလျှာကြီးပင်၊ ဟင်းချိုချက်စရာ အပင်မျိုးစုံရှိသည်။ အမေကြီးခိုင်းလျှင် ကျွန်တော် ခဏနှင့် ခူးပေးနိုင်သည်။ ပြည်ပန်းညိုပင်၊ သင်္ဘောပင်၊ သင်္ဘောမယ်ဇလီပင်၊ မြင်းခွာရွက် အမျိုးစုံရှိသည်။ ကိုယ့်အိမ်အတွက်သာမက ခူးချင်၍ လာတောင်းလျှင် ခွင့်ပြုသည်။ တစ်ရွာလုံးမှာ အဖေကြီးတပည့်များချည်းဖြစ်သည်။
ကျွန်တော်ငယ်စဉ်က ကျွန်တော်တို့ ခြံထဲမှာ ကြောင်ဝန်ပိုက်၊ တောကြောင်၊ ငန်းတော်ကြားမြွေ၊ လင်းမြွေ၊ မြွေဟောက်၊ မြွေပါတို့ကို မကြာခဏတွေ့ရမြင်ရသည်။ ငှက်မျိုးစုံကိုလည်း နေ့စဉ်မြင်တွေ့နေရသည်။ ဘုတ်ငှက်၊ ဘောင်တုတ်ငှက်၊ ငူငှက်၊ စွေ့ငှက်၊ ဘွတ်ဖင်နီငှက်၊ မီးတောင်ပိုငှက်၊ ဆက်ရက်၊ နှံပြည်စုတ်၊ ပန်းရည်စုပ်၊ သစ်တောက်ငှက်၊ မယ်စက်ကော ကျောင်းဆောက်စို့ဟု အော်တတ်သော ကျောင်းဒကာငှက်အစုံရှိသည်။ စွေ့ငှက်၊ လင်းမြီးဆွဲငှက်၊ သပိတ်လွယ်ငှက်၊ ငှက်ခါး၊ ဘွတ်ဖင်နီတာတို့မှာ ခြံထဲမှာပင် သားပေါက်ကြသည်။ ကျွန်တော်တို့ မိသားစု ကောင်းစွာစောင့်ရှောက်ကြပါသည်။ (ယခုအခါ အများစု ပျောက်ကွယ်သွားကြပြီ။ မရှိကြတော့ပါ။ ပတ်ဝန်းကျင်ပျက်၍ ဂေဟစနစ်များလည်း ပျက်ကုန်ကြပြီ)
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)
No comments:
Post a Comment