ဒေါက်တာလွင်သန့်
ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆေးလိပ်ဘူးခွံမျက်နှာဖုံးတွင် ကင်ဆာအနာတွေ အရိုးခေါင်းပုံစံတွေ ပြသထားပြီး ဆေးလိပ်သောက်သုံးဝယ်ယူသူများကို သတိပေးထားတယ်။ ဘာလိုအပ်နေလဲဆိုတော့ ‘‘တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကလည်း ဆေးလိပ်ကိုယ်တိုင်သောက်သလို ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်’’ ဆိုသည့် စာသားထည့်ပေးစေချင်ပါတယ်။
![]() |
ဓာတ်ပုံ - indtvimg.com |
တိုက်ရိုက်ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းက ရှင်းတယ်။ မိမိကိုယ်တိုင်ကိုယ်ကျ သောက်သုံးပြီး ရှူရှိုက်နေသူဖြစ်တယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဆိုတာက မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း တစ်ပါးသူသောက်တဲ့ ဆေးလိပ်ငွေ့ကို မလွှဲသာမရှောင်သာရှူရှိုက်နေရခြင်းကို ဆိုလိုပါတယ်။ ဆေးလိပ်ကိုယ်တိုင်သောက်ပြီး ဆေးလိပ်အငွေ့ ရှူရှိုက်သူရော၊ သူတစ်ပါးဆေးလိပ်ငွေ့ရှူရှိုက်ရသူပါ ရောဂါပြိုင်တူရနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ရောဂါ၊ ခြေချောင်း၊ လက်ချောင်းထိပ် သွေးကြောပိတ်ရောဂါ၊ ခြေထောက်သွေးမလျှောက်ရောဂါတို့ဖြစ်တယ်။
ဆေးလိပ်သောက်သူ အမျိုးသမီးတွေမှာ မျိုးပွားအင်္ဂါဆိုင်ရာရောဂါရရှိခြင်း၊ မချိန်မတိုင်မီ ဓမ္မတာသွေးဆုံးခြင်း၊ သားပျက်ခြင်း၊ ပေါင်မပြည့် လမစေ့မွေးခြင်း၊ သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားခြင်းတို့ဖြစ်လာပါတယ်။ တစ်ဆင့်ခံ သောက်နေရသူတွေပါ ဖြစ်တတ်ပါတယ်။
ကျန်းမာရေးလိုက်စားသူတိုင်း ဆေးလိပ်ဖြတ်ဖို့လိုတယ်။ ဆေးလိပ်မသောက်ရနယ်မြေ တိုးချဲ့ပေးရမယ်။ ကျောင်း၊ စျေး၊ ဆေးရုံ၊ ဘူတာရုံ၊ ကားမှတ်တိုင်နှင့် လူစုလူဝေးတွေမှာ မသောက်သင့်ပါဘူး။ ဆေးလိပ်မှာ လူကို စွဲလမ်းစေတဲ့ နီကိုတင်း ခေါ် စိတ်ကိုစွဲလမ်းစေတဲ့ ဓာတုပစ္စည်းအပါအဝင် အမျိုးပေါင်း ၄ဝဝဝ ကျော်နဲ့ ကင်ဆာဖြစ်စေတဲ့ပစ္စည်း ၂၂ မျိုးပါဝင်တယ်။ နီကိုတင်းက စွဲလမ်းစေတယ်။
ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေက နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အခြားကင်ဆာတွေ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ လက်နဲ့ခြေထောက်ရှိ သွေးလွှတ်ကြောကြီးများပိတ်ခြင်း၊ ခြေချောင်းလက်ချောင်းပုပ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ကြောင့် လူစဉ်မမီခြင်း၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ မွေးကင်းစကလေး သေဆုံးခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ရရှိစေနိုင်ပါတယ်။
ဆေးလိပ်ဟာ အပိုကုန်ကျနေလို့ မိသားစုစားဝတ်နေရေးကျပ်တည်းခြင်း၊ အိမ်ထောင်ဦးစီးရာဂါရရင် မိသားစုမှာ ဆုံးရှုံးမှုကြီးစွာဖြစ်ခြင်း၊ ဆေးလိပ်မှ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားအထိ စွဲသွားပြီး လူမှုရေးဆုံးရှုံးမှုများ၊ ရာဇဝတ်မှုများထိ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ဟာ လူတို့ရဲ့ကာယ၊ ဉာဏစွမ်းအားထိခိုက်စေတယ်။ ဆေးရွက်စိုက်ခင်း၊ စီးကရက်စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းစတဲ့ လူမှုရေးဆိုးကျိုးတွေဖြစ်နိုင်လို့ဆေးလိပ်ကို ရှောင်ရှားသင့်ပါတယ်။
ဆေးလိပ်ကို ဘယ်အချိန်က စသောက်သောက် ဖြတ်လိုက်တဲ့ အချိန်မှစ၍ ကျန်းမာရေးကောင်းလာတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ စတဲ့ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပွားနိုင်မှုလျော့နည်းသွားတယ်။ လူ့သက်တမ်းစေ့နေနိုင်တယ်။ ဆေးလိပ်ကြောင့် ငွေကုန်ကျမှုနည်းလာတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားစေတယ်။
ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းရမယ်။ ဆေးလိပ်ဖြတ်တဲ့အချိန်ကစပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို ဆေးလိပ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာသင့်တယ်။ လျှော့သောက်ဖို့ မကြိုးစားဘဲ တိခနဲဖြတ်သင့်တယ်။ ဆေးလိပ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ ပတ်ဝန်းကျင်မှာ မရှိသင့်ပါ။ ဆေးလိပ်သောက်မယ့်နေရာတွေ မသွားသင့်ဘူး။ မိဘ၊ မိသားစု၊ အပေါင်းအသင်း ထောက်ခံမှု ရယူသင့်တယ်။
တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရသူဟာ ဆေးလိပ်ကိုယ်တိုင်မသောက်ပေမယ့် ကိုယ်တိုင်သောက်သူလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ကင်ဆာရောဂါ၊ ရင်ကျပ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ၊အသံအိုးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်တယ်။
![]() |
ဓာတ်ပုံ - myhealthtime.ie |
၁၉၉၂ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကာကွယ်မှုအဖွဲ့ FPA က အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သူနဲ့အတူနေ၊ တစ်ဆင့်ခံဆေးလိပ်ရှူရှိုက်သူ ၃ဝဝဝ ခန့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးရကြောင်း၊ ထပ်ဆင့်ဆေးလိပ်ငွေ့ကြောင့် ကလေး ၂၆ဝဝဝ၊ ရင်ကျပ်ရောဂါကြောင့် ၁၅ဝဝဝ ဆေးရုံတက်ရကြောင်းမွေးကင်းစကလေး ရုတ်တရက်သေဆုံးမှုများကြောင်း ထုတ်ပြန်ခဲ့လို့ ဆေးလိပ်ရှောင်ရမယ်။
ဆေးလိပ်ဟာ သွေးဆာနေတဲ့သွေးစုပ်ဖုတ်ကောင်လို လူအများအပြားရဲ့ အသွေးအသားကို ဝါးမျိုဖျက်ဆီးလျက်ရှိနေတယ်။ အသိတရားနဲ့ သတိထားနိုင်ဖို့ လိုပါပြီ။ ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နှစ်မှာ လေးသန်းကျော်ခန့်ရှိတယ်။ ယင်းနှုန်းအတိုင်းသာဆို သက္ကရာဇ် ၂ဝ၂ဝ ပြည့်နှစ်မှာ ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ် လူ ၁ဝ သန်းခန့် သေဆုံးကြရမှာဖြစ်တယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်သူတွေပါတယ်။
သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ရင် သွေးပေါင်ချိန်ထိန်းချုပ်ရခက်ခဲလို့ အသက်အန္တရာယ်ရှိပါတယ်။ ဆေးလိပ်ရဲ့အငွေ့က လူရဲ့ခန္ဓာကိုယ် အစွန်အဖျားတွေဖြစ်တဲ့ ခြေချောင်းထိပ်၊ လက်ချောင်းထိပ်တွေ၊ သွေးပို့လွှတ်နေတဲ့ သွေးကြောတွေ ပိတ်စေပါတယ်။
ဆေးလိပ်သောက်သုံးမှု၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရမှုတို့ကြောင့် အရွယ်သုံးပါး ကျန်းမာရေး အခက်ကြုံရတယ်။ ဆေးလိပ်သောက်သုံးလို့ရတဲ့ အသက်အန္တရာယ်တွေ၊ ဆေးလိပ်ငွေ့ရှူရသူတွေမှာလည်း ရရှိပါတယ်။ ဆေးလိပ်မှာ လူကို အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်းများဖြစ်တဲ့ နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အမိုးနီးယား၊ ဆာဖာဒိုင်အောက်ဆိုဒ်တို့မှာ အဆိပ်ပြင်းတဲ့ ဆိုင်ယာနိုက်ဓာတ်တို့ ပါဝင်တယ်။
ဆေးလိပ်ဖြတ်ဖို့လိုတယ်။ လူတစ်ဦးနဲ့တစ်ဦး ဆေးလိပ်ကမ်းတဲ့အလေ့အထ ရှောင်သင့်တယ်။ ရောဂါရလျှင် ငွေကုန်ကြေးကျများတယ်။ ဆေးလိပ်ဟာ ဘာတစ်ခုမျှ အကျိုးမပြုပါဘူး။ ဆေးလိပ်ကြောင့် ငွေကုန်များတယ်။ ရောဂါမျိုးစုံဝင်တယ်။ သက်တမ်းစေ့ မနေနိုင်ဘဲ အရွယ်မတိုင်မီ သေဆုံးကြရတယ်။
ဆေးလိပ်နဲ့ကွမ်း ကမ်းတဲ့ဓလေ့ဟာ ယနေ့မြန်မာ့ယဉ်ကျေးမှုကနေ ဖယ်ထုတ်သင့်ပြီပဲဖြစ်တယ်။ ဧည့်သည်လာလို့ ဆေးလိပ်၊ ကွမ်းယာ၊ ကွမ်းအစ်တည်တဲ့အကျင့် ဖျောက်သင့်ပါပြီ။ ကမ္ဘာတစ်လွှား ဆေးလိပ်ဆန့်ကျင်ရေးဆောင်ရွက်နေတဲ့နည်းတူ မြန်မာနိုင်ငံတွင်လည်း ‘‘ဆေးလိပ်ဆန့်ကျင်ရေး’’ ဆောင်ရွက်နေပါတယ်။ လူ့ဘောင်လောကကောင်းကျိုးပြုနိုင်ဖို့ ဆေးလိပ်၊ ကွမ်း၊ ဆေးငုံခြင်းတို့ ရှောင်ရှားသင့်သလို၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်နေရခြင်းကိုလည်း ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်သင့်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၂)
No comments:
Post a Comment