နေဝင်းလွင် (မွေး/ကု)
ဘဲမွေးမြူရေးလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင် ဘဲမွေးကြသော လုပ်ငန်းရှင်များအတွက် ဘဲမွေးမြူရာတွင် လိုက်နာသင့်သောအကြောင်းအရာများကို ဆွေးနွေးထားမှုများကို လေ့လာမှတ်သားနိုင်စေရန် တင်ပြလိုက်ရပါသည်။
![]() |
ဓာတ်ပုံ - thehindu |
မေး။ ဘဲတွေမွေးချင်တဲ့အခါမှာ ဘယ်နှကောင်နဲ့ စမွေးပြီး ဘယ်လိုမွေးရပါသလဲဆရာ။
ဖြေ။ ဘဲတွေစပြီးမွေးတဲ့ခါမှာ ဘဲသားပေါက်ကလေးတွေကို ကောင်ရေ ရာဂဏန်းနဲ့စပြီးမွေးနိုင်သလို ဘဲကြီးတွေမွေးမယ်ဆိုရင် ဘဲမကြီးငါးကောင်ကို ဘဲထီးကြီးတစ်ကောင်နဲ့ အချိုးကျထားပြီး မွေးလို့ရပါတယ်။ ဘဲတွေစမွေးမယ်ဆိုရင် ကောင်ရေ ၂၅ ကောင်လောက်ကစပြီး မွေးရင်ကောင်းပါတယ်။ ဘဲမ ငါးကောင်နဲ့ ဘဲထီးတစ်ကောင်မွေးထားရင် တစ်ပတ်မှာ ငါးလုံးကနေ ၁ဝ လုံးအထိ ရပါတယ်။ ဘဲမတွေဟာ အသက် ငါးလလောက် အရွယ်ကစပြီး ဥတတ်ကြပါတယ်။
မေး။ ဘဲမတွေ ဥဥတဲ့အခါ ဘယ်အချိန်မျိုးတွေမှာ အများဆုံး ဥတတ်ပါသလဲဆရာ။
ဖြေ။ ဘဲမတွေဟာ ဥဥတဲ့အခါ ညအချိန်နဲ့ နံနက်စောစောမှာ ဥတတ်ကြပါတယ်။ နံနက်ပိုင်းမှာ နံနက် ကိုးနာရီမထိုးခင်အထိ ဥဥတတ်လို့ ဘဲဥတွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် ဘဲတွေကို ခြံအပြင်လွှတ်တဲ့အခါ နံနက် ၁ဝ နာရီနောက်ပိုင်းမှာ လွှတ်ဖို့လိုပါတယ်။ ဘဲမတွေဟာ သူတို့ရတဲ့ဥရဲ့ ၉၅ ရာခိုင်နှုန်းကို နံနက်ပိုင်းမှာ ဘဲဥတတ်ကြပါတယ်။
မေး။ ဘဲတွေကို ကွင်းထဲလွတ်ကျောင်းပြီး ကျောင်းကျွေးတဲ့ အစာအပြင် အစာထပ်ပြီး သီးသန့်ကျွေးပေးဖို့ လိုအပ်ပါသလားဆရာ။
ဖြေ။ ဘဲတွေအတွက် နွေရာသီလိုကာလမျိုးတွေမှာ ကွင်းစာတွေ ရှားပါးလာတာမို့ ဖြည့်စွက်စာထပ်ကျွေးနိုင်ရင်တော့ ဘဲဥဥနှုန်း ကျဆင်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ဖြည့်စွက်စာအနေနဲ့ ကောက်ပဲသီးနှံလို အမာခဲလေးတွေကျွေးပေးရင် အစာအလေအလွင့် သက်သာပါတယ်။ ဖြည့်စွက်စာအပြင် မြက်နဲ့ တခြားအသီးအရွက်တွေကို နုတ်နုတ်စင်းပြီး တစ်နေ့မှာ နှစ်ကြိမ်ကျွေးပေးရင် ကောင်းပါတယ်။
မေး။ ဘဲတွေအတွက် ရေသောက်ဖို့၊ ရေကူးဖို့ရေကန်ငယ်လေးတွေ ဘဲခြံအနီးနားမှာ လုပ်ပေးဖို့လိုအပ်ပါသလားဆရာ။
ဖြေ။ လွှတ်ကျောင်းမွေးမြူတဲ့ဘဲတွေအတွက် သီးသန့်ထားပေးဖို့ ရေကန်ငယ်လေးတွေ မလိုအပ်ပေမယ့် ဘဲတွေ ရေသောက်ဖို့နဲ့ နှုတ်သီးဆေးဖို့ ရေကန်လေးတွေ လိုအပ်ပါတယ်။ ဘဲတွေဟာ အစာစားပြီးတာနဲ့ ရေထဲမှာ ခေါင်းတို့၊ နှုတ်သီးတို့ကို ဆေးပါတယ်။ အစာစားပြီး နှုတ်သီးမဆေးရရင် အစာခဲတွေ နှုတ်သီးနဲ့ မျက်စိတွေထဲမှာ ကပ်နေရင် မျက်လုံးကန်းတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကျယ် တစ်မီတာနဲ့အနက် သုည ဒသမ ၂၅ မီတာရှိတဲ့ ရေကန်ငယ်လေးတွေ လုပ်ပေးဖို့ လိုပါတယ်။ ရေကန်ငယ်လေးတွေကို အစာခွက်နဲ့ နီးတဲ့နေရာ၊ အရိပ်အောက်တွေမှာ ထားပေးဖို့လိုပါတယ်။
မေး။ ဘဲတွေမွေးတဲ့အခါ ဘဲတွေ ဥဥနှုန်းကျတတ်တာ ရှိပါသလားဆရာ။ ဥနှုန်းကျတတ်တာ ဘာ့ကြောင့်လဲဆိုတာ သိလိုပါတယ်။
ဖြေ။ ဘဲမတွေက နာမကျန်းဖြစ်တဲ့အခါကလွဲရင် ဥဥနှုန်း မကျတတ်ပါဘူး။ အခြားဥဥနှုန်းကျဆင်းရတဲ့အကြောင်းတွေကတော့ ဘဲကျောင်းတဲ့ခရီးအကွာအဝေးမတူရင်၊ ဘဲကျောင်းတဲ့သူကို အပြောင်းအလဲလုပ်လိုက်လို့ ဘဲတွေကို ခြိမ်းခြောက်ပြီး ဘဲကျောင်းရင် ဘဲဥနှုန်းကျတတ်ပါတယ်။ ဒါ့ကြောင့်လွှတ်ကျောင်းဘဲမွေးမြူရေးစနစ်မှာ နေ့စဉ်ဘဲကျောင်းတဲ့ ခရီးအကွာအဝေးမတူတာ၊ ဘဲတွေရဲ့ ပုံမှန်သွားနှုန်းတိုင်းသွားတာမဟုတ်ဘဲ အနှေးအမြန်ဖြစ်စေတာတို့ဟာ ဘဲတွေကို ဥဥနှုန်းကျစေတဲ့အချက်တွေပဲဖြစ်ပါတယမ်။
မေး။ ကျန်းမာရေးကောင်းမွန်တဲ့ ဘဲမတွေမှာ ဘယ်လိုအသွင်သဏ္ဌာန်လက္ခဏာတွေ ရှိပါသလဲဆရာ။
ဖြေ။ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ဘဲမတွေဟာ အလေးချိန်စီးပါတယ်။ မျက်လုံးတွေဟာ တောက်ပြောင်ပြီး အရေပြားဟာ ပျော့ပြောင်းရော့ရဲနေတတ်ပါတယ်။ စအိုနားတစ်ဝိုက်ကြီးပြီး ပျော့ပြောင်းစိုစွတ်၍ ပန်းရောင်တောက်နေတာကို တွေ့ရတတ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၄)
No comments:
Post a Comment