နွေပြည့်စုံ
မြန်မာ့ရေမြေသဘာဝအရ ကျေးလက်ဒေသတွင် နေထိုင်သည့် တောင်သူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အတွေ့အကြုံများနှင့်အတူ ပညာရှင်များ၏ တွေ့ရှိချက်များကို ပေါင်းစပ်လုပ်ဆောင်မှသာလျှင် အောင်မြင်သော ကျေးလက်စီးပွားရေးကို ရရှိနိုင်မည်ဖြစ်သည်။
ကျေးလက်နေတောင်သူများအနေဖြင့် အောင်မြင်သော စီးပွားရေးကို ရေရှည်တည်ထောင်နိုင်ရန် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်လုပ်ငန်းများကို တိုးချဲ့နိုင်ရပါမည်။ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းတွင် တစ်အိမ်ထောင်လျှင် ကြက် သို့မဟုတ် ဘဲခုနစ်ကောင်ခန့် မွေးမြူနိုင်ပါသည်။ ထိုအထဲတွင် အမ ငါးကောင်နှင့် အထီးနှစ်ကောင် ပါဝင်သင့်သည်။ ထိုအမများထံမှ ပေါက်ဖွားလာသော မိသားစုအုပ် တစ်အုပ်၊ နှစ်အုပ်သည် အမြဲရှိနေနိုင်သည်။
မွေးမြူရေးလုပ်ငန်းတွင် ဘဲသည် ကြက်ထက် ဥသက်တမ်းကြာရှည်သည်။ ကြက်၏ ဥသက်တမ်းမှာ နှစ်နှစ်ကျော်သာ ဖြစ်သော်လည်း ဘဲ၏ဥသက်တမ်းမှာ လေးနှစ်၊ ငါးနှစ်ကျော်အထိ ရှိနိုင်သည်။ ဘဲပေါက်ကလေးများသည် ကြက်ပေါက်ကလေးများထက် ကြံ့ခိုင်သန်စွမ်းသည်။ ဘဲသည် ကြက်ကဲ့သို့ ရောဂါဝေဒနာမများလှချေ။ ဘဲသည် ကြက်ထက် နှစ်ဆ၊ သုံးဆခန့် အကောင်ကြီးထွားသည်။ မျိုးဥလိုလျှင် ဘဲမ နှစ်ကောင်မှ သုံးကောင်အတွက် ဘဲထီးတစ်ကောင် ထားပေးရသည်။
ဘဲသည် ဝပ်လေ့မရှိသဖြင့် အကောင်ဖောက်လိုက ကြက်မကြီးကို အဝပ်ခိုင်းရသည်။ ဘဲစတင်ဥသည့်ရက်မှ ၁ဝ ရက်အတွင်းရရှိသောဥကို အကောင်ဖောက်ရသည်။ လေးပတ်ရှိလျှင် အကောင်ပေါက်လာသည်။ တစ်ပတ်ခန့်သာ ကြက်မကြီးနှင့် ဘဲကလေးများ အတူနေပြီး တစ်ပတ်ကျော်လျှင် သဘာဝချင်းမတူသဖြင့် တဖြည်းဖြည်းနေထိုင်ကျက်စားမှု ကွဲသွားသည်။
![]() |
ဓာတ်ပုံ - alamy.com |
ဘဲများသည် ရေအိုင်လိုအပ်သည်။ ဘဲသည် လသာသောညများတွင် နေ့စဉ်ဥသည်ဟု ယူဆကြသည်။ ဘဲမများသည် နေရာမရွေး ဥတတ်ကြသည်။ ဘဲခြံကို နေ့စဉ် သန့်ရှင်းပေးရသည်။ ရေကောင်းရေသန့်ကို တိုက်သင့်သည်။ ဘဲပေါက်ကလေးများကို မိုးရာသီတွင် ရေချပေးရန် မလိုသော်လည်း နွေရာသီတွင် တစ်ပတ်သားအရွယ်မှာလည်းကောင်း၊ ဆောင်းရာသီတွင် နှစ်ပတ်သားအရွယ်မှာလည်းကောင်း ရေချပေးရသည်။
ဘဲကလေးများကို သုံးပတ်သားအရွယ်အထိ ဆန်ကွဲတစ်ပြည်နှင့် ပုစွန်ခြောက်မှော် ငါးကျပ်သားခန့်ရောပြီး ကြာကြာရေစိမ်၍ ဆယ်ပြီးကျွေးရသည်။ တစ်နေ့လျှင် ငါးကြိမ်ခန့် ကျွေးရသည်။ လေးပတ်သားအရွယ်မှစ၍ ရေမှော်နှင့် ဖွဲနုကို ရောထည့်၍ ကျွေးရသည်။ ဘဲပေါက်ကလေးများကို ကျွေးသည့်အစာခွက်သည် တစ်လက်မထက်ပို၍ မနက်သင့်ပေ။ ဘဲအကြီးများကို ဝဖြိုးစေရန် မှောင်ရိပ်ကျသောနေရာတွင် ထားရှိပြီး မွေးရသည်။ ဆူဖြိုးစေသော အကောင်းဆုံးအစာမှာစပါးပြုတ်၊ ပဲပြုတ်တို့ဖြစ်သည်။ ဘဲတစ်ကောင်သည် တစ်နှစ်လျှင် စပါးတစ်တင်း (၄၆ ပေါင်) ကုန်သည်။ ထို့ပြင် ခရု၊ ပုစွန်မှော်များကို ကျွေးပေးခြင်းဖြင့် ဘဲမွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁)
No comments:
Post a Comment