လယ်တွင်းသားစောချစ်
စျေးကောက်နှင့် စာကြည့်စင်
ကျောက်မီးရွာ ကျောက်မီးကျောင်းသို့ရောက်ရသည်မှာ ကျွန်တော့်အတွက် အဆိုးထဲမှ အကောင်းများစွာ တွေ့နေရသည်။
တကယ်တော့ ကျွန်တော့်ဘဝတစ်ဆစ်ချိုးပြောင်းပြီး မမျှော်လင့်ဘဲ ရောက်လာရခြင်းဖြစ်သည်။
ကျွန်တော်ဖြစ်ချင်သည်က တက္ကသိုလ်ဆရာ အားကျသူက တက္ကသိုလ်ဆရာဖြစ်ရုံမက အောင်မြင်သော စာရေးဆရာပါဖြစ်သည့် တက္ကသိုလ်ဘုန်းနိုင်။
သို့သော် ကျွန်တော့်ရည်ရွယ်ချက်များ လေစုန်ရေစုန်မျောပြီး ပျောက်ကွယ်သွားသည်။
တက္ကသိုလ်ဆရာဘဝ မရောက်ခဲ့ရပါ။ မပြည့်စုံသော ကျောက်မီးအလယ်တန်းကျောင်းမှာ အလယ်တန်းပြဆရာဖြစ်ခဲ့သည်။
တကယ့် ရုန်းကန်ရသောဘဝထဲရောက်ပြီး ဆင်းရဲပင်ပန်းစွာ လှုပ်ရှားခဲ့ရသည်။ သို့သော် ကြည်နူးစရာကောင်းပါသည်။ ပျော်စရာကောင်းပါသည်။ ကျွန်တော်တက္ကသိုလ်ဘဝ အပေါ်လမ်းမှာ လျှောက်ခွင့်မရသော်လည်း ကျောက်မီးရွာဘဝလမ်းမှာ ရွာသားများနှင့်အတူ လျှောက်လှမ်းခဲ့ရသည်။
ရွာလူကြီးများ၊ ရွာမိရွာဖများ၊ ကျောင်းသားမိဘများက ကျွန်တော့်ကို ရင်းနှီးကြသည်။ ခင်မင်နှစ်သက်ကြသည်။ ကျွန်တော်ကလည်း သူတို့ကို ချစ်ခင်လေးစားသည်။ ကျောင်းအတွက် ကျွန်တော်ဖြစ်ချင်သော ဆန္ဒများကို ဝိုင်းဝန်းပံ့ပိုးကူညီကြသည်။
လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့် တွဲဖက်ညီညီ ချစ်ကြည်ရင်းနှီးရသည်က ပျော်စရာအတော်ကောင်းပြီး ကြည်နူးစရာအကောင်းဆုံး ဖြစ်သည်။
တစ်နေ့တွင် နေ့ခင်းမှာ ကျောင်းစျေးဆိုင်တန်းလေးကို ကျွန်တော်လိုက်ကြည့်သည်။ ကလေးများနှင့် မသင့်တော်သော အစားအစာများ မရောင်းရန်၊ ကလေးများ အကျင့်စာရိတ္တပျက်စေမည့် ကံစမ်းမဲများ မရောင်းရန်ဖြစ်သည်။
‘‘ဆရာကြီး...ကျွန်မတို့ စျေးရောင်းနေတာကြာပြီ။ ဘယ်သူမှလည်း စျေးကောက် မပေးကြဘူး။ ကျောင်းရန်ပုံငွေအတွက် စျေးကောက်ပေးချင်ပါတယ်’’
စျေးသည် ဒေါ်အေးကြွယ်က ပြော၍ ကျွန်တော်ပြုံးမိသည်။
ကျောင်းစျေးဆိုင်တန်းမှာ စျေးဆိုင်များရှိပါလျက် စျေးကောက်ကောက်ရန် တစ်ခါမျှ မစဉ်းစားမိပါ။
‘‘ဟုတ်တာပေါ့... ကောင်းတာပေါ့.. စျေးသည်တွေက အကြံပေးတာဆိုတော့ ပိုကောင်းတာပေ့ါ’’
ကျွန်တော် ဝမ်းသာအားရပြောမိသည်။
‘‘ပေးမယ်...ဆရာကြီး... ပျံကျစျေးသည်တွေကိုတော့ လာမရောင်းစေနဲ့’’
အငယ်ဆုံးစျေးသည်မထူးက လှမ်းအော်၍ ပြုံးမိရပြန်သည်။
‘‘ပျံကျစျေးသည်တွေက ဘာဖြစ်လို့လဲ မထူးရဲ့’’
‘‘သူတို့က စျေးကောက်ပေးမှာ မဟုတ်ဘူးဆရာကြီး’’
စာရင်းတွက်ကြည့်ကြတော့ ဆိုင်ဆောက်ရောင်းရသည်က ခြောက်ဦးတည်း ရှိပါသည်။ ပျံကျစျေးသည် ဆိုသည်မှာ ရေခဲချောင်းသည်၊ ပူစီပေါင်းသည်၊ အရုပ်သည်များ ဖြစ်သည်။
တစ်နေ့စျေးကောက်ဖိုးကို စျေးသည်များပင် ညှိနှိုင်းသတ်မှတ်ခိုင်းပါသည်။ ဆိုင်နှင့် စျေးရောင်းသူများ ပြားငါးဆယ်၊ ပျံကျရောင်းသူများ နှစ်ဆယ့်ငါးပြား သတ်မှတ်ပါသည်။ ပျံကျစျေးသည်များထံမှ တစ်ကျပ်ခန့်ရမည်။ တစ်နေ့ လေးကျပ်ဆိုလျှင် တစ်လမှာ ကျောင်းဖွင့်ရက် ၂၂ ရက်ရှိသည်။ ငွေရှစ်ဆယ်ကျော်ရမည်။
ထိုငွေကို မိဘဆရာအသင်းရန်ပုံငွေမှာ ထည့်မည်လား။ ဘာလုပ်မည်နည်း။ နေ့ခင်းထမင်းစားချိန်မှာ ဆရာ၊ ဆရာမများနှင့် တိုင်ပင်သည်။ အားလုံးကပင် စာကြည့်တိုက်လုပ်ရန် သဘောတူကြသည်။ ထိုအချိန်က မဂ္ဂဇင်းတစ်စောင်မှ နှစ်ကျပ်၊ လုံးချင်း ဝတ္ထုတစ်အုပ်မှ သုံးကျပ်၊ လေးကျပ်၊ လစဉ်သတင်းစာတစ်စောင်၊ မဂ္ဂဇင်းလေးစောင်၊ လုံးချင်းဝတ္ထုငါးအုပ်၊ ကလေးများအကြိုက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ အခြားသော ပညာရေးအထောက်အကူစာအုပ်များပါ ဝယ်ယူနိုင်မည်။
ကျွန်တော်တို့ ဆရာ၊ ဆရာမများလည်း ကိုယ့်ကျောင်းစာကြည့်တိုက်မှ စာအုပ်များနှင့် စာဖတ်ကြရတော့မည်။ ကလေးများလည်း စာဖတ်ကြရင်း စာဖတ်ဝါသနာပါလာကြမည်။ စာကြည့်တိုက် သုံးတတ်လာကြမည်။ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးရင်း ပျော်နေကြသည်။
နောက်ဆောက်သော အဆောင်သစ်၏ ထောင့်ခန်းတစ်နေရာမှာ စာကြည့်တိုက်ထားပြီး စာကြည့်ခန်းလုပ်ရန် သဘောတူကြသည်။
ကျွန်တော်က ရုံးခန်းထဲရှိ မိဘများ လှူထားသော ဗီရိုများထဲမှ တစ်လုံးကို စာကြည့်တိုက်ဗီရို လှူလိုက်သည်။ ဆရာ၊ ဆရာမများက ကိုယ့်အိမ်မှာရှိသော မဂ္ဂဇင်းများ၊ စာအုပ်အဟောင်းများ လှူဒါန်းကြရန်နှင့်ကျောင်းသားများကိုလည်း ရှင်းလင်းပြောပြပြီး မိဘများထံမှ အလှူခံကြရန် ဆွေးနွေးကြသည်။
တစ်ပတ်အတွင်းမှာပင် လှူသောစာအုပ်များ အုပ်တစ်ထောင်နီးပါးရ၍ ကျွန်တော်တို့ ကျောင်းစာကြည့်တိုက်လေး အကောင်အထည်ပေါ်လာသည်။ မနက်ပိုင်းတွင် ကျောင်းစောစောရောက်သော ကလေးများ စာကြည့်တိုက်မှာ စာဖတ်ကြသည်။ နေ့ခင်း ကျောင်းနားချိန်မှာလည်း ကစားသူက ကစားသကဲ့သို့ စာဖတ်သူစာဖတ်ကြသည်။
တစ်လပြည့်သောအခါ ပထမဆုံး စျေးကောက်ရငွေနှင့် စာအုပ်အသစ်များ ဝယ်ကြသည်။ စားပွဲပေါ်မှာ ခင်းကျင်းပြင်ဆင်ပြီး စျေးသည်များကို ခေါ်ပြသည်။
သူတို့လှူသော စျေးကောက်ငွေလေးမှတစ်ဆင့် ဤစာကြည့်တိုက်ပေါ်လာရကြောင်း၊ စာအုပ်အသစ်များဝယ်တင်နိုင်ကြောင်း၊ လစဉ်ဆိုလျှင် မကြာခင် စာအုပ်အများကြီး ဖြစ်လာမည့်အကြောင်း စျေးသည်များလှူသည့် စျေးကောက်သည် ပညာဒါနဖြစ်ကြောင်း ပြောပြရသည်။ သူတို့ကိုယ်တိုင်လည်း ဖတ်လိုလျှင် ဤစာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းဖတ်နိုင်ကြောင်း ပြောပြသည်။
ကျောင်းစျေးသည်များအားလုံး စာအုပ်များနှင့် စာဖတ်နေကြသော ကလေးများကိုကြည့်ပြီး ဝမ်းသာကြည်နူးနေကြသည်။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၃)
No comments:
Post a Comment