August 27, 2020

ပဲမျိုးစုံအထွက်နှုန်းအပေါ် သွပ်ဓာတ်၏ အကျိုးသက်ရောက်မှု

မောင်ငြိမ်းအောင် (တန့်ဆည်)

        ပဲမျိုးစုံသီးနှံကို အမယ်ပေါင်းများစွာ စိုက်ပျိုးလျက်ရှိပါတယ်။ ပဲမျိုးစုံကို ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပတင်ပို့ရောင်းချမှုအတွက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ပဲမျိုးစုံကို အထွက်တိုးအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်တွင်းစားသုံးမှုလည်း ဖူလုံပြီး ပြည်ပကိုလည်း ပိုမိုတင်ပို့နိုင်မှာ ဖြစ်ပါတယ်။

        ပဲမျိုးစုံသီးနှံအတွက် အဓိက ဓာတ်ကြီးသုံးမျိုးဖြစ်တဲ့ နိုက်ထရိုဂျင်ဖော့စဖရပ်၊ ပိုတက်စီယမ်ဓာတ်များအပြင် သွပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ ဘိုရွန်၊ ဆာလ်ဖာစတဲ့ အာဟာရဓာတ်တွေလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင် ဓာတ်တွေလည်း လိုအပ်ပါတယ်။ သွပ်ဓာတ်ဟာ ပဲမျိုးစုံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုက ကြီးမားတာ တွေ့ရပါတယ်။

        ပဲမျိုးစုံသီးနှံမှာ သွပ်ဓာတ်ချို့တဲ့မယ်ဆိုရင် အပင်ဖြစ်ထွန်းမှု တန့်နေတယ်။ အရွက်နားတွေ ခြောက်လာတယ်။ အသီးအပွင့်ထွက်မှု အားနည်းလာတယ်။ အပွင့်သန္ဓေအောင်မှု ယုတ်လျော့စေတယ်။ အောင်တောင့်အောင်စေ့ လျော့နည်းစေတယ်။ နောက်ဆုံးတော့ ပဲရဲ့အထွက်နှုန်းကျစေတဲ့ အဖြစ်အပျက်နဲ့ ကြုံရစေပါတယ်။ ဒီအချက်ကိုတော့ တောင်သူလယ်သမားကြီးများအနေနဲ့ ဂဃနဏမသိရှိကြတဲ့အတွက် ပဲစိုက်ခင်းတွေ ဒီလိုဖြစ်လာရင် မြေကြောင့်လိုလို၊ ရေကြောင့်လိုလို၊ ရောဂါကြောင့်လိုလို၊ အာဟာရဓာတ်တွေကြောင့်လိုလိုနဲ့ စမ်းတဝါးဝါးဖြစ်ကြရပါတယ်။

ဓာတ်ပုံ - Tips for Agriculture

        ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့အတွက် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက သွပ်ဓာတ်ဟာ ပဲမျိုးစုံအထွက်နှုန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ၂ဝဝဝ-၂ဝဝ၁ ခုနှစ်က သုတေသနစမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ရှိတဲ့ သုတေသနရလဒ်ကို တောင်သူလယ်သမားကြီးများ အကျိုးအတွက် မျှဝေလိုက်ပါတယ်။

        သုတေသနရလဒ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဇလုပ်သုတေသနခြံမှာ ICCV-88202 ကုလားပဲမျိုး ၂၅ ဂရမ်ကို ဇင့်ဆာလဖိတ် (သွပ်ဓာတ်ပါဝင်)နဲ့ လူးနယ်၍ စိုက်ပျိုးစမ်းသပ်ခဲ့ရာ တစ်ဧက ၁၃ တင်းနှုန်း (၅၉ ရာခိုင်နှုန်း) ပိုထွက်တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်း V-3627 မျိုး ၂၅ ဂရမ်ကို ဇင့်ဆာလဖိတ်(သွပ်ဓာတ်ပါဝင်)နဲ့လူးနယ်၍ စိုက်ပျိုးရာ တစ်ဧက လေးတင်း (၆၆ ရာခိုင်နှုန်း) ပိုမိုထွက်တယ်လို့ ဆိုပါတယ်။

        ပဲခူးတိုင်းအနောက်ရှိ လက်ပံတန်းခြံမှာ မတ်ပဲ P.11.30 မျိုး ၂၅ ဂရမ်ကို ဇင့်ဆာလဖိတ်(သွပ်ဓာတ်ပါဝင်)နဲ့ လူးနယ်၍ စိုက်ပျိုးစမ်းသပ်ခဲ့ရာ တစ်ဧက သုံးတင်းနှုန်း (၂၇ ရာခိုင်နှုန်း) ပိုထွက်လာတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံမျိုးစေ့ ၂၅ ဂရမ်ကို ဇင့်ဆာလဖိတ် ငါးကီလိုနှုန်းနဲ့ မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းဟာ ဇင့်ဆာလဖိတ်ကို မြေတွင်းထည့်ပေးသကဲ့သို့ အထွက်နှုန်းတိုးစေပြီး ကုန်ကျစရိတ်များကိုလည်း သက်သာတယ်လို့ ဆိုပါတယ်။

        တောင်သူလယ်သမားကြီးများအနေဖြင့် ပဲမျိုးစုံ (အထူးသဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲလွမ်း၊ ဘိုကိတ်၊ ပဲပုပ်)များ စိုက်ပျိုးကြရာမှာ ပဲမျိုးစုံမျိုးစေ့ ၂၅ ဂရမ်နဲ့ ဇင့်ဆာလဖိတ် တစ်ကီလိုကို မျိုးစေ့လူးနယ်စိုက်ပျိုးရင် သေချာပေါက်အထွက်နှုန်းတိုးမည်ဖြစ်ပါကြောင်း သတင်းကောင်းမျှဝေလိုက်ပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၀)

No comments:

Popular Posts