ထွေးယဉ်
မှိုဟုဆိုလျှင် မြန်မာလူမျိုးတို့ နှစ်သက်စွာ စားသုံးလိုကြသည်။ မိုးလယ်နှင့် မိုးနှောင်းကာလများတွင် သဘာဝအတိုင်း ပေါက်ရောက်သော မှိုများကို ရှာဖွေစားသုံးကြသည်။ မြန်မာနိုင်ငံတွင်တွေ့ရသည့် မှိုအမျိုးမျိုးအနက် စားကောင်းသည့်မှိုများကို ပေါက်ရောက်သည့်နေရာ သို့မဟုတ် ပေါက်ရောက်သည့် သဘာဝအပေါ်မူတည်၍ တောင်ပို့မှို၊ ကောက်ရိုးမှို၊ ငှက်စို့မှို၊ မိုးဆုံးမှို၊ ဒေါင်းမှို၊ မှိုအိုးမဲ ၊ မှိုအုံးနက်၊ ငွေမိုးမှို၊ ကြွက်နားရွက်မှို၊ မှိုဖြူ အစရှိသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ဤမှိုများအနက်မှ အချို့ကို သဘာဝအတိုင်းမဟုတ်ဘဲ အာဟာရဖြင့် အတုများသုံး၍ မွေးမြူရရှိနိုင်ပြီး အချို့ကို မွေးမြူ၍မရပေ။ ယနေ့အထိ တွင်ကျယ်စွာ မွေးမြူထုတ်လုပ်နိုင်သော မှိုများအနက် ကောက်ရိုးမှို၊ ငွေမိုးမှိုနှင့် ကြွက်နားရွက်မှိုများသည် လူသိများကြသည်။ ထို့အပြင် လင်ဇီးမှို၊ မျောက်ခေါင်းမှို စသည့်ဆေးဖက်ဝင်မှိုများကိုပါစိုက်ပျိုးထုတ်လုပ်လာနိုင်ပေပြီ။
မှိုစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် မိသားစုတစ်ပိုင်တစ်နိုင် လွယ်ကူစွာဆောင်ရွက်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်သော ကောက်ရိုးမှိုစိုက်ပျိုးနည်းကို ရေးသားဖော်ပြလိုပါသည်။ ၎င်းမှိုသည် နေရာကျဉ်းကျဉ်းနှင့် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ ဝင်ငွေကောင်းမွန်ခြင်း၊ စိုက်ပျိုးထားသော မှိုများအတွက် စျေးကောင်းရရှိခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ခြင်း စသည်တို့ကြောင့် စိုက်ပျိုးသင့်ပါသည်။ မှိုသည် သွေးတွင်းရှိအဆီများကို လျော့ကျစေပြီး နှလုံးရောဂါကို ကာကွယ်နိုင်သောကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။
![]() |
ဓာတ်ပုံ - Lugyan Gyi FB Page |
ကောက်ရိုးမှို စိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာထွက်ကုန်နှင့် အခြားစွန့်ပစ်ပစ္စည်းများဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်၍ မိသားစုအားလပ်ချိန် အပိုဝင်ငွေရှာနိုင်ပေသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ လုံးဝခြောက်သွေ့သော ကောက်ရိုး၊ ရိုးပြတ်၊ ဖြည့်စွက်စာဗေဒါ၊ ငှက်ပျောရွက်၊ ငှက်ပျောပင်စည်၊ ပဲပင်အမျိုးမျိုးတို့ဖြစ်သည်။ မြင်းချေး၊ နွားချေး၊ ကျွဲချေး အခြောက်မှုန့်နှင့် ဖွဲအနည်းငယ်လိုအပ်ပါသည်။
ယခု စာရေးသူတင်ပြလိုသည်မှာ ကျေးရွာရှိ တောင်သူများနှင့် မြို့ပေါ်မှ စိတ်ဝင်စားသူများ လက်တွေ့ဆောင်ရွက်၍ အောင်မြင်ဖြစ်ထွန်းနေသော မှိုစိုက်ပျိုးနည်းဖြစ်ပါသည်။ ၎င်းမှာ ကောက်ရိုးရရှိရန် မလွယ်ကူသော စိတ်ပါဝင်စားသူများ မှိုစိုက်ပျိုးရန်ဖြစ်ပါသည်။ ကတ်ထူစက္ကူဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနည်း ဖြစ်ပါသည်။ စိုက်ပျိုးနည်းကိုမတင်ပြမီ ကောက်ရိုးမှိုစိုက်ပျိုးရန် မြေနေရာရွေးချယ်မှုကို ဦးစွာတင်ပြလိုပါသည်။ မှိုစိုက်ပျိုးရန် ညီညာ၍ရေမဝပ်သောမြေကို ရွေးချယ်ရမည်။ စိမ့်ပေါက်မြေ၊ ဆား၊ ဆပ်ပြာ၊ လောင်စာဆီ၊ ပိုးသတ်ဆေးများ သိုလှောင်သောနေရာဟောင်း မဖြစ်စေရ။ အရိပ်ရှိပြီး လေဝင်လေထွက်ကောင်းသော နေရာမျိုးတွင် ပိုမိုသင့်လျော်သည်။ ဟင်းလင်းပြင်ဖြစ်က နွေရာသီတွင် အရိပ်ပြုလုပ်ပေးသင့်သည်။
ကတ်ထူစက္ကူဖြင့် ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သောပစ္စည်းများမှာ ဂျပ်စက္ကူ ၁ဝ ပိသာ၊ မှိုမျိုး ငါးထုပ်၊ ဟော်မုန်း ၁ဝ စီစီ လေးထုပ်၊ ပလတ်စတစ် ငါးကိုက်နှင့် နွားချေး ၁ဝ တင်း လိုအပ်ပါသည်။ စိုက်ပေါင်ကြိုတင်ပြင်ဆင်ရာတွင် အလျား ကိုးပေ၊ အနံ သုံးပေ မျဉ်းဆွဲပါ။ မျဉ်းအပြင်မှ သုံးလက်မအကျယ်၊ နှစ်လက်မအနက် ဘေးမြောင်းပတ်တူးပါ။ စိုက်ခါနီးလျှင် ကတ်ထူစက္ကူ ၁ဝ ပိသာကို နာရီဝက်ခန့်ကြာအောင် ရေစိမ်ထားပါ။ ရေစိမ်ပြီးသော ကတ်ထူစက္ကူများကို လက်ဝါးခန့်အရွယ် ဆုတ်ဖြဲထားပါ။ မှိုမျိုး ငါးထုပ်ကို အခဲမကျန်အောင် ခြေမွထားပါ။
ပေါင်မျက်နှာပြင်ပေါ်တွင် နွားချေး အစို အခြောက် ခုနစ်တင်းမှ ရှစ်တင်း ဖြန့်ခင်းပါ။ နွားချေးခြောက်လျှင် ရေသုံးပုံးမှ လေးပုံးအထိ လောင်းပါ။ ၎င်းနွားချေးပေါ်တွင် မြောင်းနှုတ်ခမ်းအစပ်မှ သုံးလက်မခန့်ခွာပြီး ရေစိမ်ဆုတ်ဖြဲထားသော ကတ်ထူစက္ကူများကို နေရာအနှံ့ဖြန့်ခင်းပါ။ ခြေမွထားသောမှိုမျိုးထုပ် ငါးထုပ်ကို ကတ်ထူစက္ကူပေါ်နှင့် ဘေးနှုတ်ခမ်းသား နွားချေးပေါ်တွင် နေရာအနှံ့ကြဲပါ။ အထူအပါးညီစွာ ကြဲပါ။ ပြီးနောက် ကတ်ထူစက္ကူနှင့် မှိုများ မမြင်ရသည်အထိ နွားချေးပါးပါး နှစ်တင်းခန့် ဖြူးပြီးအုပ်ပါ။ ရေတစ်ပုံးလျှင် ပုလဲမြေဆီ စတီးဇွန်း နှစ်ဇွန်းနှင့် ဟော်မုန်း ၁ဝ စီစီ နှစ်ထုပ်ထည့်၍ ရေဖျန်းပုံးဖြင့် သုံးပုံးလောင်းပါ။ သုံးပုံးမြောက်ရေဖျန်းပုံးတွင် ဟော်မုန်း ၁ဝ စီစီ နှစ်ထုပ်ပါ ရော၍ ဖျန်းပေးပါ။
မှိုပေါင်မျက်နှာပြင်မှ အမြင့် တစ်ပေခွဲ (တစ်တောင်)ထားပြီး မှိုပုံပေါ်မှ ခေါင်တန်းသို့မဟုတ် ပေါင်းမိုးကိုင်းပြုလုပ်ပါ။ ၎င်းပေါ်မှ ပလတ်စတစ်အကြည်စဖြင့်အုပ်ပါ။ ဘေးနားများကို ခဲဖြင့် ဖိထားပါ။ ပလတ်စတစ်ပေါ်မှ ကောက်ရိုး သို့မဟုတ် ဖျာကြမ်းအုပ်ပါ။ အလင်းရောင် သို့မဟုတ် နေရောင်တိုက်ရိုက်မကျရပါ။ စိုက်ပြီး လေးရက်သားမှ ငါးရက်သားတွင် ရေတစ်ပုံးလျှင် ပုလဲမြေဆီစတီးဇွန်း နှစ်ဇွန်းထည့်၍ ရေဖျန်းပုံးသုံးပုံးလောင်းပါ။ ခုနစ်ရက်သားမှ ၁ဝ ရက်သားအရတွင် ဆန်ကွဲစေ့သဏ္ဌာန် မှိုသန္ဓေခဲလေးများကို စမြင်ရပြီးနောက် နေ့စဉ်နေအေးသောအချိန်တွင် ပလတ်စတစ်ကို ၁၅ မိနစ်ခန့် လှပ်ပေးပါ။
မှိုသန္ဓေများစမြင်ရပြီး လေးရက်သားမှ ငါးရက်အတွင်း ခူးဆွတ်နိုင်သော မှိုငုံကြီးများအဆင့်သို့ ရောက်ပါပြီ။ သုံးရက်ခန့်ဆက်တိုက် နုတ်ယူနိုင်ပါသည်။ ပထမအကြိမ် မှိုခူးပြီး အားကောင်းသည့် မှိုငုံမရှိတော့ပါက ကျန်မှိုငုံအားလုံးကိုပါ နုတ်ပစ်ပြီး ရေပြန်လောင်းပါက ဒုတိယအကြိမ် မှိုများထွက်ရှိပြီး တစ်ဖန်ဆွတ်ခူးနိုင်ပါသည်။ မှိုခူးဆွတ်ပါက လက်ဖြင့် အသာအယာလှည့်ပြီး ခူးဆွတ်သင့်ပါသည်။ မှိုတစ်ပေါင်လျှင် ခုနစ်ပိဿာမှ ရှစ်ပိဿာထိ ထွက်ရှိနိုင်ပါသည်။ မှိုစိုက်ပျိုးမည်ဆိုပါက အနည်းဆုံး ခြောက်ပေါင် ပြုလုပ်သင့်ပါသည်။ အလှည့်ကျဆွတ်ခူးရရှိပြီး မှိုမပြတ်ရရှိရန် ရည်ရွယ်ပါသည်။ ပထမနှစ်ပေါင်ကို အရင်စပျိုးပြီး နောက်နှစ်ရက်ကြာလျှင် ဒုတိယနှစ်ပေါင်ကို ပျိုးပြီး နှစ်ရက်ကြာလျှင် တတိယနှစ်ပေါင်ပျိုးပါ။ သို့မှသာ မှိုများ မပြတ်ထွက်ရှိပြီး ဖောက်သည်မပြတ်ရရှိမည် ဖြစ်ပါသည်။
မိသားစု တစ်ပိုင်တစ်နိုင် ပြုလုပ်ဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်ပြီး အိုးမကွာအိမ်မကွာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေသော လုပ်ငန်းဖြစ်သဖြင့် မှိုစိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများ လုပ်ဆာင်နိုင်ရန် ရည်ရွယ်၍ ရေးသားအပ်ပါသည်။
No comments:
Post a Comment