August 21, 2020

စီးပွားရေးတွက်ခြေကိုက်ပြီး ရာသီမရွေးစိုက်ပျိုးရောင်းချနိုင်သည့် ငွေနှင်းမှို

အောင်ရဲနိုင် (သုံးဆူ)

        ယခုအခါ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ငွေနှင်းမှိုများကို တစ်ပိုင်တစ်နိုင်မှသည် ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ငွေနှင်းမှိုစိုက်ပျိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ တပ်ရင်း(၃)ကျေးရွာမှ ငွေနှင်းမှိုစိုက်ပျိုးသူ ဦးနိုင်အောင်ထူးအား ယခုလိုမေးမြန်းခဲ့ပါတယ်။

မေး။    ငွေနှင်းမှိုစိုက်ပျိုးရေးအကြောင်း ပြောပြပေးပါလား။

ဖြေ။    ငွေနှင်းမှိုဟာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်တဲ့ (တစ်သျှူး) သွင်းထားတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငွေနှင်းမှိုစိုက်ပျိုးတဲ့အခါ စိုက်ထုပ်မှ မှိုပွင့်ရန်အတွက် အပူချိန်နဲ့ စိုထိုင်းဆကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ မှိုပွင့်စေဖို့အတွက် လိုအပ်တဲ့အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်၊ အလင်းရောင် အနည်းငယ်ရှိတဲ့ မည်သည့်နေရာမဆို မှိုစိုက်ထုပ်ကို စိုက်ပျိုးနိုင်ပါတယ်။ တစ်ပိုင်တစ်နိုင်အဖြစ် ရေချိုးခန်းများ၊ အိမ်ခြံဝင်းအတွင်း အေးတဲ့အရိပ်အောက်မှာ ထားရှိပြီးသော်လည်းကောင်း၊ နေရောင်တိုက်ရိုက်ကျရောက်မှု၊ လေပြင်းတိုက်ခိုက်မှု၊ ပူပြင်းလွန်းတဲ့နေရာများနဲ့ ကင်းလွတ်တဲ့နေရာတွေမှာ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍စီထပ်ထားခြင်း၊ မှိုစိုက်ခန်းသီးသန့်ပြုလုပ်ခြင်းတို့နဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ စီးပွားဖြစ် တွက်ခြေကိုက်အောင် စိုက်ပျိုးသူတွေအတွက်တော့ မှိုစိုက်ခန်းသီးသန့်ပြုလုပ်ပြီး စိုက်ပျိုးသင့်ပါတယ်။

မေး။    ဘယ်လိုစိုက်ပျိုးရပါသလဲ ခင်ဗျာ။

ဖြေ။    မှိုစိုက်ခန်းကို စိုက်ထုပ်တဲ့ မှိုအရေအတွက်ပေါ်မူတည်ပြီး အကျိုးအမြတ် တွက်ချက်ဆောက်လုပ်သင့်ပါတယ်။ စိုက်ခန်းတွင်း အပူချိန်ကို ထိန်းချုပ်ဖို့အတွက် အမိုးအကာတွေကို လုံလောက်အောင် ပြုလုပ်ရပါမယ်။ လေဝင်လေထွက်ကောင်းစေဖို့အတွက် အခန်းအတွင်းအပူချိန်ကို ထိန်းချုပ်နိုင်ဖို့ တံခါးများ၊ ပြတင်းပေါက်များကိုလည်း ပြုလုပ်ပေးရပါမယ်။ မှိုစိုက်ခန်းအတွင်းကိုလည်း စိုထိုင်းဆကို မပြတ်ထိန်းနိုင်ရန်အတွက် မှိုခန်းအခင်းကို သဲခင်းထားပြီး ရေလောင်း၍ အမြဲစိုနေအောင် ပြုလုပ်ပေးရပါမယ်။

ဓာတ်ပုံ - သိန်းထွန်း

မေး။    အပူချိန် စိုထိုင်းဆနဲ့ပတ်သက်ပြီး စိုက်ပျိုးသူတွေသိအောင် ရှင်းပြပေးပါဦး။

ဖြေ။    မှိုစိုက်ထုပ်က အပွင့်ဖြစ်လာဖို့အတွက် လိုအပ်တဲ့အပူချိန်ဟာ ငွေနှင်းမှိုမျိုးကွဲအလိုက် အပူချိန် ၂ဝ ဒီဂရီစင်တီဂရိတ်မှ ၂၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ဟာ မှိုပွင့်ကြီးထွားဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အခန်းအတွင်းစိုထိုင်းဆအနေနဲ့ကတော့ စိုထိုင်းဆရာခိုင်နှုန်း ၈ဝ မှ ၈၅ ရာခိုင်နှုန်း ရရှိပါမယ်။ အလင်းရောင်အသင့်အတင့် ရရှိမှာဖြစ်ပြီး လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ အခန်းအတွင်း အပူချိန်နဲ့ စိုထိုင်းဆကိုတော့ တိုင်းတာတဲ့ကိရိယာနဲ့ အလွယ်တကူသိနိုင်ပါတယ်။ အခန်းအတွင်းအပူချိန် ၃ဝ ဒီဂရီစင်တီဂရိတ်အထက် တိုးလာမယ်ဆိုရင်တော့ ရေမှုန်ရေမွှားများကို အခန်းအတွင်း မကြာခဏ ဖျန်းပေးခြင်း၊ ပြတင်းတံခါးများကို ညဘက်မှာ ဖွင့်ပေးခြင်းဖြင့် လေအေးများ အခန်းအတွင်းကို ဝင်ရောက်စေပြီး အပူချိန်ကို လျှော့ချနိုင်ပါတယ်။ မှိုစိုက်ခန်းအတွင်း စိုက်ထုပ်များကို စင်ပြုလုပ်ပြီး ထောင်ခြင်း၊ စီထပ်ခြင်း၊ ချိတ်ဆွဲခြင်း စသဖြင့် စိုက်ပျိုးသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ နည်းတွေနဲ့ စိုက်ပျိုးနိုင်ပါတယ်။ ထောင်ပြီးစိုက်တဲ့အခါ ထိပ်ဖွင့်လှီးဖြတ်၍သော်လည်းကောင်း၊ ဘေးခွဲ၍သော်လည်းကောင်း စိုက်ပျိုးပေးရပါမယ်။

မေး။    စိုက်ပျိုးပြီး ဘယ်နှရက်လောက်မှာ ငွေနှင်းမှိုကို ခူးဆွတ်ရောင်းချနိုင်ပါသလဲ။

ဖြေ။    စိုက်ခန်းအတွင်းမှာ မှိုစိုက်ထုပ်တွေ ထည့်သွင်းပြီးချိန်မှစပြီး နှစ်ရက်မြောက်တဲ့အခါ စိုက်ထုပ်များအပေါ်မှာ ရေလောင်းပေးရပါမယ်။ ရေလောင်းတဲ့အခါမှာလည်း စိုက်ထုပ်များအပေါ်မှာ ရေမှုန်ရေမွှားတွေသာ လောင်းပေးရပါမယ်။ အခန်းအပူချိန်မြင့်မယ်ဆိုရင်တော့ အပူချိန်လျှော့ချခြင်းအပြင် စိုက်ထုပ်များအပေါ်ကို တစ်ရက်နှစ်ကြိမ် ရေလောင်းပေးရပါမယ်။ သင့်တော်တဲ့အပူချိန်နဲ့ စိုထိုင်းဆရှိတဲ့ အခန်းအတွင်းမှာ မှိုစိုက်ထုပ်များကနေ မှိုထုပ်များ သုံးရက်လေးရက်ကြာတဲ့အခါ မှိုအဖူးများ စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး နှစ်ရက်သုံးရက်အကြာမှာ မှိုခူးနိုင်တဲ့ အနေအထားကို ရောက်ရှိလာမှာဖြစ်ပါတယ်။ မှိုအဖူးလေးတွေ ဖြစ်ပေါ်လာချိန်မှာတော့ မှိုအဖူးများ ခြောက်သွေ့မှု မဖြစ်ပေါ်စေရန်နဲ့ ဆက်လက်ကြီးထွားစေဖို့အတွက် မှိုအဖူးတွေအပေါ်မှာ ရေမှုန်ရေမွှားတွေကို တစ်ရက်တစ်ကြိမ် လောင်းပေးဖို့ လိုအပ်ပါတယ်။

        အဓိကအချက်ကတော့ လေပြင်းနဲ့ နေရောင်တိုက်ရိုက်ကျရောက်မှုမရှိစေရန် သတိပြုရမှာဖြစ်ပါတယ်။ မှိုများ ခူးဆွတ်သင့်တဲ့အနေအထားမှာ မှိုပွင့်ဘေးနှုတ်ခမ်းများရှိ အနားများ သေးငယ်လာတဲ့အခါ ခူးဆွတ်ရမှာဖြစ်ပါတယ်။ ခူးဆွတ်တဲ့အခါမှာလည်း မှိုပွင့်များကို အခိုင်လိုက်ဆွဲနုတ်ရပါမယ်။ ပြီးလျှင် မှိုပွင့်အခြေမှာရှိတဲ့ လွှစာများကိုလည်း လှီးဖြတ်ရပါမယ်။ ငွေနှင်းမှိုအဖူးများ ပုံသဏ္ဌာန်မှန်စွာ ကြီးထွားနိုင်ရန်အတွက် အဓိကအရေးအကြီးဆုံးကတော့ အောက်စီဂျင်ပါပဲ။ မှိုစိုက်ပျိုးမယ့်အခန်း လေဝင်လေထွက်ကောင်းဖို့တော့ အရေးကြီးပါတယ်။ မှိုစိုက်တဲ့အခန်း လေဝင်လေထွက်မကောင်းဘူးဆိုရင် မှိုပွင့်တွေဟာအရိုးရှည်ခြင်း၊ အပွင့်တွေ ပုံပျက်ခြင်း၊ အပွင့်အရောင်ပြောင်းခြင်းတွေ ဖြစ်လာပါမယ်။

ဓာတ်ပုံ - သိန်းထွန်း

မေး။    ငွေနှင်းမှိုစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စိုက်ပျိုးသူတွေ သတိပြုရမယ့် အချက်တွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။    မှိုစိုက်ထုပ်များက မှိုခူးပြီးတိုင်း စိုက်ထုပ်အတွင်းကို မှိုမျှင်ပြန်ဖြည့်ပြီး အဖူးဖြစ်ပေါ်စေဖို့အတွက် စိုက်ထုပ်များအပေါ် မှိုခူးထားတဲ့နေရာကို နှစ်ရက်သုံးရက်လောက် ရေတိုက်ရိုက်မထိအောင် သတိပြုရပါမယ်။ နောက်ပြီးတော့ မှိုအဖူးများ ကြီးထွားဖို့အတွက်လည်း ရေက အဓိကလိုအပ်ပါတယ်။ ဒါပေမဲ့ မှိုမျှင်မှ မှိုအဖူးဖြစ်ဖို့အတွက် ရေက အနှောင့်အယှက်ဖြစ်လို့ အဲ့ဒီနေရာမှာ ရေစိုနာတွေဖြစ်ပြီး မှိုထုပ်တွေပါ ပုပ်ပွလာခြင်း၊ မှိုပွင့်များ မပွင့်တော့ခြင်းတွေ ဖြစ်လာပါတယ်။

        စိုက်ခန်းနဲ့ စိုက်ပျိုးတဲ့အခါ အခန်းအတွင်းကို သန့်ရှင်းရေးက အထူးလိုအပ်ပါတယ်။ စိုက်ခန်းအတွင်း မှိုစိုက်ပျိုးခြင်းမပြုမီ စိုက်ခန်းကို သင့်တော်တဲ့အပူချိန် စိုထိုင်းဆကို ရရှိအောင် ပြင်ဆင်ထားရပါမယ်။ မှိုစင်များကို ဝါး၊ သစ်သားတို့နဲ့ ပြုလုပ်မယ်ဆိုရင်တော့ ထုံးသုတ်ရပါမယ်။ စိုက်ခန်းရဲ့ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် ပြုလုပ်ရပါမယ်။ မှိုများခူးဆွတ်တဲ့အခါမှာ ခူးဆွတ်ပြီးတဲ့မှိုတွေကို စိုက်ခန်းအတွင်းမှာ မကျန်အောင်လည်း သတိပြုဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မှိုစိုက်ခန်းရဲ့ပတ်ဝန်းကျင်ကို မှိုခူးပြီးသား လှီးဖြတ်ထားတဲ့ စွန့်ပစ်အပိုင်းတွေ၊ ပျက်စီးသွားတဲ့ စွန့်ပစ်စိုက်ထုပ်တွေ၊ အစားအသောက်အကြွင်းအကျန်တွေ စိုက်ခန်းပတ်ဝန်းကျင်မှာ မရှိအောင် အထူးသတိပြုရပါမယ်။

မေး။    ငွေနှင်းမှိုစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး မိသားစုဝင်ငွေအနေနဲ့ ပြောပြပေးပါဦး။

ဖြေ။    ဟုတ်ကဲ့။ ကျွန်တော်က အစက ငွေနှင်းမှိုကို မိသားစုအိမ်စားဖို့အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြည့်ပါတယ်။ ပြီးတော့ တစ်ပိုင်တစ်နိုင်ကနေ ဘေးအိမ်တွေနဲ့ စျေးရောင်းသူတွေက လာပြီးဝယ်ကြတော့ စီးပွားဖြစ် ယခုလို စိုက်ပျိုးခဲ့ပါတယ်။ မိသားစုတွေ အပြင်မှာ မပင်မပန်းဘဲ ငွေနှင်းမှိုစိုက်ပျိုးတဲ့အခန်းမှာ ပျော်ပျော်ရွှင်ရွှင် စိုက်ပျိုးကြတော့ ဘာပဲပြောပြော အခုဆိုရင် ငွေနှင်းမှိုက တစ်လကို လေးသိန်းကနေ ငါးသိန်းကျပ်အထိ မိသားစုဝင်ငွေကို ရရှိစေပါတယ်။ မြေနေရာကလည်း အထူးမလိုအပ်ပါဘူး။ မိမိရဲ့အိမ်ခြံဝင်းထဲမှာ ငွေနှင်းမှိုစိုက်ခန်းလေးစိုက်ပျိုးထားရှိပြီး ယခုလို ဝင်ငွေလည်းရ၊ စိတ်လည်းချမ်းသာစေပါတယ်။ အထူးသဖြင့် မိသားစုတွေ တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုကို စိုက်ပျိုးရောင်းချစေချင်ပါတယ်။ စိုက်ရတာလည်းလွယ်ကူ၊ စျေးကွက်လည်းရှိတဲ့အတွက် ဘာပဲပြောပြော မိမိဒေသမှာ အလွယ်တကူရောင်းချနိုင်တဲ့သီးနှံဖြစ်တဲ့အတွက် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်သည်အထိ စိုက်ပျိုးသွားကြပါလို့ အကြံပြုလိုပါတယ်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၆)

No comments:

Popular Posts