အောင်ဆန်း (စိုက်ပျိုးရေး)
"ကန္တာရကျိုင်းကောင်များဟာ လေဖြင့် လေဟုန်စီး၍ တစ်နေရာမှ တစ်နေရာသို့ မိုင်ပေါင်းများစွာ ကူးစက်ပျံသန်းနိုင်ကြတဲ့အတွက် လေမုန်တိုင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း အခြေအနေများပေးလျှင် ပါလာနိုင်တဲ့အတွက် မိုးလေဝသသတင်းများကို ချိန်ခါမလပ် သတင်း ထောက်လှမ်း နားဆင်၍ စူးစမ်းလေ့လာနေရန် လိုအပ်ပါတယ်"
ယခုတလော ထိတ်ထိတ်ပျာပျာ ဖြစ်လာတာကတော့ ကန္တာရကျိုင်းကောင် သို့မဟုတ် နှံကောင် (Locust) ဆိုတဲ့ သီးနှံဖျက်ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။
ကန္တာရကျိုင်းကောင်ဟာ အမေရိကန်နိုင်ငံက မူရင်းမြစ်ဖျားခံလာပြီး အရှေ့တောင်အာရှ၊ အာဖရိကနိုင်ငံများသို့ ခြေဆန့်ခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ပါကစ္စတန်၊ အီရန်၊ ကင်ညာသို့ ကျူးကျော်လာပြီး အိန္ဒိယထိ ခြေချလာခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ အိမ်နီးချင်းကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်တစ်ကမ်းမှာရှိတဲ့ မြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအနောက်ဖက်ခြမ်း ဒေသတွေဟာ အချိန်တိုအတွင်း ကန္တာရကျိုင်းကောင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အခြေအနေရှိတဲ့ အတွက် အထူးသတိပြုရန် လိုအပ်ပါတယ်။ ကြိုတင်တားဆီး၊ ကာကွယ်၊ သတင်းထောက်လှမ်း၊ ပညာပေးလုပ်ငန်းများ လက်ဦးမှုရယူထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
![]() |
ဓာတ်ပ ုံ - themilsource.com |
ယခုလောလောဆယ် အခြေအနေအရ စိုက်ပျိုးရေးဦးစီးဌာန၏ လေ့လာတွေ့ရှိချက်မှာ သံတွဲ၊ ဝန်းသို၊ ခန္တီး၊ ကောလင်း၊ မကွေး ကျာကန်အုပ်စု၊ ကျူချောင်းကျေးရွာမှာ တွေ့ရှိရတဲ့ ကျိုင်းကောင် (နှံကောင်) များဟာ ဒေသတွင်း မူလရှိပြီး ကျိုင်းကောင်အုပ်စုများသာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိသေးကြောင်း သတင်းထုတ်ပြန်တာ တွေ့ရပါတယ်။ သို့ပေမဲ့ မပြေးသော်လည်း ကန်ရာရှိ ကြိုတင်တားဆီး ကာကွယ်မှုတော့ လက်မလျှော့တမ်း ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ ကန္တာရကျိုင်းကောင်ရဲ့ သဘာဝဟာ အုပ်စုလိုက် သွားလာနေထိုင်၍ သစ်ပင်မျိုးစုံ၊ သီးနှံမျိုးစုံတို့ကို ဧက သိန်း၊ သန်းနဲ့ချီပြီး စားသောက်ဖျက်ဆီးလေ့ရှိပါတယ်။
ပေါက်ပွားမှုမြန်ဆန်၊ ဖျက်ဆီးမှု ပြင်းထန်
ကန္တာရကျိုင်းကောင်ဟာ အမတစ်ကောင်သည် သက်တမ်းတစ်လျှောက် ဥပေါင်း ၃၀၀ ကျော်ထိ ဥနိုင်ပါတယ်။ ဥကို မြေကြီးထဲမှာ ဥပါတယ်။ အကောင်ပေါက်လာပါက အရွယ်ရောက်ကောင်ဟာ အညိုရောင်ရှိပါတယ်။ ၂၁ ရက်ကြာရင် အကောင်ကြီးဖြစ်လာပါတယ်။ အစာဝအောင်စားပြီး ကြီးထွားလာရင်တော့ အဝါရောင်၊ ပန်းရောင် ပြောင်းသွားပါတယ်။ ကျိုင်းကောင်ရဲ့သက်တမ်းမှာ နှစ်လမှ ခြောက်လထိ ကြာပါတယ်။ ကန္တာရကျိုင်းကောင်အုပ်စုတစ်စုမှာ အကောင်ရေ သန်းနဲ့ချီပြီး ပါဝင်နိုင်ပါတယ်။ အုပ်စုလိုက်ဖြစ်သွားရင် အစားအသောက်ပြင်းထန်ပြီး ဖျက်ဆီးမှု မြန်ဆန်ပြင်းထန်တာ တွေ့ရတယ်။ ကန္တာရကျိုင်းကောင် သန်း ၄၀ ပါဝင်တဲ့ ကျိုင်းအုပ်စုတစ်စုဟာ တစ်စတုရန်းမီတာ ကျယ်ဝန်းသော ကျိုင်းအုပ်စုတစ်စုဆိုရင် တစ်ရက်အတွင်း လူသုံးသောင်းခွဲ စားသောက်နိုင်တဲ့ အစားအစာပမာဏကို ဖျက်ဆီးပစ်နိုင်တာ တွေ့ရတယ်။ လက်ရှိ ကန္တာရ ကျိုင်းကောင်ကျရောက်ခံနေရတဲ့ နိုင်ငံတွေမှာဆိုရင် ကိုဗစ်ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု လျော့ကျနေရတဲ့အဖြစ် ကြုံနေရဆဲမှာပင် ကန္တာရကျိုင်းကြောင့် ရိက္ခာပျက်စီးမှု အတိဒုက္ခနဲ့ ဘူးလေးရာ ဖရုံဆင့်ခံရသလို ခံစားနေကြရပြန်ပါတယ်။
သိပ္ပံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ South Asia Biotech Centre ရဲ့ ညွှန်ကြားရေးမှူး Bhagriath Choudhary က ကန္တာရကျိုင်းကောင်ပြဿနာကို ထိထိမိမိ မဖြေရှင်းနိုင်ရင် မိုးသီးနှံများ ကျိုင်းကောင်၏ ဖျက်ဆီးမှုဒဏ် လှလှကြီးခံကြရပြီး အဖတ်ဆယ်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် နှစ်ဦးပိုင်းက ပထမအကျော့ ကန္တာရကျိုင်းကောင်များ ကျရောက်ဖျက်ဆီးခံခဲ့ရပြီး ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရာဂျာစတန်နဲ့ ဂူဂျာရတ်ပြည်နယ်တွေမှာ သီးနှံအတော်များများကို ဝါးမျိုဖျက်ဆီးခံလိုက်ရပါတယ်။ ဧပြီလတွင် ပါကစ္စတန်ဘက်မှ ကန္တာရကျိုင်းကောင်များ အိန္ဒိယနိုင်ငံ ဂန်ဂါ နာဂါခရိုင်သို့ ဝင်ရောက်ပြီး ဝါသီးနှံများကို ဖျက်ဆီးခံခဲ့ရပါတယ်။ ယခုအခါ အခြားပြည်နယ်များသို့ ပျံနှံ့ကာ ဂျိုင်ပါခရိုင်သို့ ဖြတ်ကျော်နေပြီဟု ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ကန္တာရကျိုင်းကောင်များဟာ ဒုတိယအကျော့ပြန်လည်လှုပ်ရှား ခြေစွမ်းပြနေပြီလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ကန္တာရကျိုင်းကောင် ဖျက်ဆီးမှုဟာ ဆယ်စုနှစ်အတွင်း အဆိုးဆုံးဒုက္ခပေးမှုဟု ဆိုပါတယ်။ ယခုအခါ အိန္ဒိယအနောက်ပိုင်း ပြည်နယ်များဖြစ်တဲ့ ရာဂျစသန်၊ မဟာရဌအလယ်ပိုင်း၊ မဇ္ဈိမဒေသ၊ ပန်ဂျပ်၊ ဂူဂျာရတ် ဒေသများမှတစ်ဆင့် မြောက်ပိုင်း ဟာယာနာ၊ ဥတ္တရဒေသများသို့ထိ ရွေ့လျားကူးစက်နေပြီဟု ဆိုပါတယ်။
ကန္တာရကျိုင်းကောင်များဟာ နိုင်ငံအတွင်းရှိပြီးမျိုးတွေနဲ့ ကွာခြားမှုရှိပါတယ်။ အတောင်မှာ အစက်အပြောက်များ ပါဝင်ခြင်း၊ အမွှေးအမျှင်များရှည်ခြင်း၊ ပျံသန်းမှုနှုန်း မြန်ဆန်ခြင်းများ ထူးခြားမှု ရှိပါတယ်။ လေနဲ့အတူ ပျံသန်းနိုင်ကြပြီး တစ်ရက်မှာ ကီလိုမီတာ ၁၅၀ ကျော်ထိ ပျံသန်းနိုင်တဲ့အစွမ်း ရှိပါတယ်။ အအေးပိုင်းဒေသများမှလွဲ၍ အပူပိုင်းနဲ့ အပူလျော့ပိုင်း ဒေသများဆီသို့ အချိန်တိုအတွင်း အချိန်မရွေး ရောက်ရှိလာနိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံအတွင်းသို့ ကန္တာရကျိုင်းကောင် ဝင်ရောက်မလာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြင့် လက်ဦးမှုရယူရန် လိုအပ်ပါတယ်။ ပြည်တွင်းမှာလည်း ကျိုင်းကောင်အမျိုးအစားများရှိပြီးဖြစ်ရာ တောင်သူလယ်သမားကြီးများ၊ အများပြည်သူများအနေဖြင့် ကန္တာရကျိုင်းကောင်များ မတော်တဆရောက်ရှိလာပါက “ဒါ ကန္တာရကျိုင်းကောင်ပဲ သတိရှိကြ”လို့ သိနေအောင် ကျိုင်းကောင်ပုံစံ နမူနာကားချပ်များဖြင့်ပြသ၍ ရင်းနှီးအောင် ပညာပေးထားရန် လိုပါတယ်။ ကျိုင်းကောင်ရဲ့သဘာဝ၊ ပေါက်ပွားပုံ၊ ကျင်လည်ကျက်စားပုံ၊ ဖျက်ဆီးပုံ၊ လှုပ်ရှားပုံများကို ပညာပေးစာစောင်များဖြင့် ဖြန့်ဝေပေးထားရန် လိုအပ်ပါတယ်။
ကန္တာရကျိုင်းကောင် စတွေ့ပြီဆိုတာနဲ့ နည်းပညာအရ လက်ဦးမှုရရှိအောင် ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေအောင် သင်တန်းများပေးထားရန် လိုအပ်မှာ ဖြစ်ပါတယ်။ သတိပေးပိုစတာများ စိုက်ထူခြင်း၊ နှိုးဆော်သတိပေးခြင်းများဖြင့် တပ်လှန့်ထားဖို့ လိုပါတယ်။
![]() |
ဓာတ်ပုံ - Sven Torfinn(FAO) |
ကန္တာရကျိုင်းကောင်ဟာ အကောင်သန်းနဲ့ချီ၍ အုပ်စုလိုက်နေတတ်တဲ့အတွက် ရုတ်တရက်ဆိုရင် ကာကွယ်နှိမ်နင်းရ အလွန်ခက်ခဲပါတယ်။ အုပ်စုဖွဲ့ကြီးထွားလာသည်ထိ မရောက်မီ အကောင်အရေအတွက် နည်းနေတုန်းမှာပဲ အမြစ်ပြုတ်နှိမ်နင်းဖို့ စီမံရန် လိုအပ်ပါတယ်။ အရေအတွက်နည်းတုန်းမှာ ဇီဝပိုးသတ်ဆေးသုံးနှိမ်နင်းခြင်း၊ ဘဲလွှတ်ကျောင်းနှိမ်နင်းခြင်း၊ မြေကြီးထဲမှဥများကို ထယ်နက်နက်ထိုး၍ တူးဖော်ဖျက်ဆီးခြင်း၊ လက်ဖြင့်လိုက်ကောက်ခြင်း၊ မီးကွင်း၊ မီးတုတ်ပစ်ခြင်း၊ ခြောက်လှန့်ခြင်းများ စီမံသင့်ပါတယ်။
ကန္တာရကျိုင်းကောင်များဟာ လေဖြင့် လေဟုန်စီး၍ တစ်နေရာမှ တစ်နေရာသို့ မိုင်ပေါင်းများစွာ ကူးစက်ပျံသန်းနိုင်ကြတဲ့အတွက် လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း အခြေအနေများပေးလျှင် ပါလာနိုင်တဲ့အတွက် မိုးလေဝသသတင်းများကို ချိန်ခါမလပ် သတင်းထောက်လှမ်း နားဆင်၍ စူးစမ်းလေ့လာ နေရန် လိုအပ်ပါတယ်။
သို့ပါ၍ ပေါက်ပွားမှုမြန်ဆန် ဖျက်ဆီးမှုပြင်းထန်တဲ့ ကန္တာရကျိုင်းကောင်များ၏ ဘေးရန်ကို ကြိုတင်အစီအမံများဖြင့် လက်ဦးမှုရအောင် ဆောင်ရွက်ထားသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၄)
No comments:
Post a Comment