July 11, 2020

စပါးကို နှစ်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်းဖြစ်ပေါ်သော ပရိယာယ်များ

 အောင်ဆန်း (စိုက်ပျိုးရေး) 
"စပါးကို နှစ်စဉ်ဆက်တိုက် ကြာရှည်စွာ စိုက်ပျိုးရာတွင် လိုအပ်သော ဓာတ်မြေသြဇာများ လုံလောက်သည့်ပမာဏ မထည့်သွင်းခြင်း၊ သဘာဝမြေသြဇာများ လုံးဝမထည့်သွင်းခြင်းဖြစ်ပါက မြေ၏ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်စေသည်ကို ဂရုမူသင့်ကြပါသည်။"
 

        စပါးသီးနှံတစ်မျိုးတည်းကို နှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်း၊ မိုးစပါး၊ နွေစပါးနှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်း ဖြစ်ပေါ်ပြောင်းလဲသွားမှု ဆိုးကျိုးပရိယာယ်များနှင့် ကြုံကြရသည်။ အဓိကလိုအပ်သော အာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ သီးနှံပင်အဆိပ်သင့်ခံရခြင်း၊ လွန်ကဲသော ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှုခံရခြင်း၊ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေကျွံခြင်း၊ မြေကြပ်ခြင်း၊ မြေချဉ်ခြင်း၊ စပါးအထွက်နှုန်းအပြင် သီးထပ်စိုက်မည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများပါ အထွက်နှုန်းလျော့ကျလာခြင်း ဆိုးကျိုးတရားများနှင့် ကြုံတွေ့လာရသည်။ 

        ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စပါးသီးနှံ ရှစ်နှစ်ကြာ ဆက်တိုက်စိုက်ပျိုးခြင်း၊ တွေ့ရှိရသော သုတေသနရလဒ်များက သက်သေထူနေပါသည်။ စတင်စိုက်ပျိုးသောနှစ်တွင် မြေ၏ ချဉ်ငန်ကိန်းသည် ၅ ဒသမ ၈ ရှိရာမှ ရှစ်နှစ်ကြာသောအခါ ၄ ဒသမ ၅ သို့ ပြောင်းလဲသွားခြင်း (မြေချဉ်ခြင်းဖြစ်ပါသည်)၊ စတင်စိုက်ပျိုးသောနှစ်တွင် မြေတွင်းရှိ နိုက်ထရိုဂျင်ရာခိုင်နှုန်းသည် သုည ဒသမ ဝဝ၆၈ ရာခိုင်နှုန်းရှိရာမှ သုည ဒသမ ဝဝ၃ ရာခိုင်နှုန်းထိ လျော့ကျသွားခြင်း၊ ဖော့စ်ဖိတ်ဓာတ်သည် တစ်ဧက ၁၂၂ ပေါင်ရှိရာမှ ၄၃ ပေါင်သို့ ယုတ်လျော့သွားခြင်း၊ ကယ်လ်စီယမ်ဓာတ်သည် ၃ ဒသမ ၄ မီလီဂရမ် ရှိရာမှ ၁ ဒသမ ၈ မီလီဂရမ်သို့ ဆုတ်ယုတ်သွားခြင်း၊ မဂ္ဂနီစီယမ်ဓာတ်သည် သုည ဒသမ ၈၆ မီလီဂရမ်မှ သုည ဒသမ ၃၈ မီလီဂရမ်သို့ ကျဆင်းသွားခြင်း၊ သဲပါဝင်မှုသည် ၇၅ ရာခိုင် နှုန်းမှ ၈၅ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး မြေကြီးသဲဆန်သွားခြင်း၊ နုန်းပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိ ကျဆင်း၍ မြေညံ့လာခြင်း၊ မြေ၏ အတန်းအစားမှာ သဲနုန်းမြေမှသည် သဲဆန်နုန်းမြေအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ပေါ်သည်ဟု သုတေသနရလဒ်က ဆိုထားပါသည်။ 
        ဤစမ်းသပ်တွေ့ရှိချက်တွင် ယူရီးယားမြေသြဇာကို တစ်မျိုး တည်း ဆက်တိုက်ထည့်သွင်း အသုံးပြုခြင်းသည် နှစ်ကြာလာသည်နှင့်မျှ မြေ၏ ဂုဏ်သတိ္တများ ပျက်သုဉ်းစေပြီး သီးနှံအထွက်နှုန်းကို ပိုမိုထိခိုက်စေသည်ဟု ဆိုပါသည်။ သို့အတွက် ယူရီးယားမြေသြဇာကို ဖော့စ်ဖရပ်(တီစူပါ)၊ ပိုတက်မြေသြဇာများဖြင့် အချိုးကျသုံးစွဲရန် ထောက်ခံထားပါသည်။

        စပါးကို နှစ်စဉ်ဆက်တိုက် ကြာရှည်စွာ စိုက်ပျိုးရာတွင် လိုအပ်သော ဓာတ်မြေသြဇာများ လုံလောက်သည့်ပမာဏ မထည့်သွင်းခြင်း၊ သဘာဝမြေသြဇာများ လုံးဝမထည့်သွင်းခြင်းဖြစ်ပါက မြေ၏ ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်စေသည်ကို ဂရုမူသင့်ကြပါသည်။ အဓိကအချက်များမှာ မြေဆီလွှာအတွင်း ပရိယာယ်ဆန်ဆန် အဓိကဓာတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အာဟာရဓာတ်များ လျော့နည်းခြင်း၊ ချို့တဲ့ခြင်း၊ အချိုဓာတ်များ၏ အဆိပ်သင့်မှုကို ခံရခြင်းများပင်ဖြစ်သည်။ ဤသို့ဆိုလျှင် သီးနှံပင်များ ဖြစ်ထွန်းမှုမှာ ကျဆင်းစေနိုင်ပါသည်။

        စပါးသီးနှံနှင့် အခြားသီးနှံများ ရှင်သန်ကြီးထွား အထွက်များစေရန်အတွက် အာဟာရဓာတ် ၁၆ မျိုး လိုအပ်ပါသည်။ အဆိုပါ ဓာတ် ၁၆ မျိုးမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ကာဗွန်၊ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင်ဓာတ်များနှင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဆီလီကာ၊ သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီးစ်၊ ဘိုရွန်၊ ကော့ပါး၊ အလူမီနီယမ်တို့ ဖြစ်ပါသည်။ ထိုဓာတ်များကို အပင်ဖြစ်ထွန်းအောင်မြင်ရန်အတွက် အချိုးကျသုံးစွဲရမှာ ဖြစ်ပါသည်။ အဆိုပါဓာတ်များ ပိုနေလျှင် အပင်အန္တရာယ်နှင့် ကြုံရပြီး လိုနေလျှင်လည်း ချို့တဲ့မှု လက္ခဏာများ ခံစားရပြန်ပါသည်။ အချို့ဓာတ်များမှာ အပင်ကို အဆိပ်သင့်စေပါသည်။

        နိုက်ထရိုဂျင်ဓာတ်သည် စပါးနှင့် သီးနှံများအတွက် မရှိမဖြစ် လိုအပ်သည့်ဓာတ် ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်ဓာတ်ကို လွန်ကဲစွာ သုံးစွဲမိပါက အပင်ကို လောင်စေသည်။ မြေချဉ်မှုဖြစ် ပေါ်စေသည်။ မြေပျက်သုဉ်းသွားစေနိုင်ပါသည်။ စပါးတွင် နိုက်ထရိုဂျင်ဓာတ်ကို မလိုအပ်လျှင် မကျွေးဘဲထားနိုင်ပါသည်။ စပါးပင်သည် နိုက်ထရိုဂျင်ဓာတ် လို မလို သိရှိရန် အရွက်အရောင်တိုင်းကတ်ကို အသုံးပြုတိုင်းတာနိုင်ပါသည်။ အရွက်အရောင်တိုင်းကတ်နှင့်တိုင်းတာပါက ကတ်၏ ညွှန်းကိန်း ၃-၄ အဆင့်ပြနေပါက နိုက်ထရိုဂျင်ဓာတ် ထည့်စရာမလိုသေးပါ။ တောင်သူလယ်သမားအများစုသည် နိုက်ထရိုဂျင်ဓာတ်အတွက် ယူရီးယားမြေသြဇာကို အသုံးပြုကြပါသည်။ ယူရီးယားမြေသြဇာ တစ်အိတ်သုံးတိုင်း သဘာဝမြေဆွေးသုံးအိတ်နှင့် ရောနှောအသုံးပြုခြင်းဖြင့် မြေသြဇာလေလွင့်ပျောက်ဆုံးမှုကို ကာကွယ်နိုင်ပါသည်။ 

ဓာတ်ပုံ - Picdn.com


        နိုက်ထရိုဂျင်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်စေပါသည်။ အရွက်ဟောင်းများ ရွက်ပြားကျဉ်းပြီး တို၍ထောင်မတ်နေပါသည်။ အပင်ပွားမှုနည်းစေပါသည်။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့လွန်းပါက အရွက်များ ခြောက်၍ အပင်များသေသွားပါသည်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားမှုရပ်တန့်စေပြီး ပင်ပွားနည်းစေပါသည်။ ရွက်ရင့်ရွက်ဟောင်းများ ကျန်းမာသန်စွမ်းနေပါသည်။ ဖော့စ်ဖရပ်ဓာတ် ချို့တဲ့လွန်းပါက အရွက်ရင့်အရွက်ဟောင်းများ အညိုရောင်သို့ပြောင်းပြီး ခြောက်သေသွားပါသည်။ 

        ပိုတက်ဓာတ်ချို့တဲ့လျှင် စပါးပင်ကြီးထွားမှုနှေးပြီး အပင်ပွားမှုနည်းစေပါသည်။ အရွက်များလိပ်၍ အစိမ်းပုပ်ရောင် ဖြစ်နေပါသည်။ အရွက်ဟောင်းများ ထိပ်ဖျားမှ စတင်ဝါပြီး အညိုဖျော့ရောင်ပြောင်းကာ ခြောက်သေ သွားပါသည်။ အစိမ်းပုပ်ရောင်အရွက်များပေါ်တွင် အညိုရောင်အစက်အပြောက်များ တွေ့ရပြီး အနှံများ အဆန်မပြည့်ဘဲ အဖျင်းဖြစ်စေပါသည်။ မြေဆီလွှာအတွင်းတွင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များသည် မြေတွင်းမှ ရေငွေ့ပြန်သည့်ပမာဏထက် မိုးရွာ၊ နှင်းကျခြင်းပမာဏများပါက မြေတွင်းသို့စိမ့်ဝင် ပျောက်ဆုံးနှုန်း ပိုဖြစ်ပါသည်။ ၄င်းတို့အနက် ပိုတက်စီယမ်ဓာတ်သည် ပိုမိုစိမ့်ဝင်ပျောက်ဆုံးမှု ဖြစ်စေပါသည်။ ဤသို့ဖြစ်စဉ‌ေကြောင့် ပိုတက်စီယမ်ဓာတ်ချို့ တဲ့မှုဖြစ်ပေါ်စေပါသည်။ ၄င်းပြင် ပိုတက်စီယမ်ဓာတ်သည် မြေဆီလွှာအတွင်း၌ ဓာတ်ဖိုအိုင်းရွန်းအဖြစ် တည်ရှိနေသဖြင့် ပိုတက်စီယမ်ဓာတ် မြေအောက်သို့ စိမ့်ဆင်းလျော့ပါးသွားသော နေရာတွင် ရေမှပြိုကွဲလာသော ဟိုက်ဒရိုဂျင်အိုင်းရွန်းများက အစားထိုးဝင်ရောက် နေရာယူသဖြင့် မြေ၏ ချဉ်ငန်ကိန်းနိမ့်စေပြီး မြေချဉ်ဖြစ်ပေါ်စေပါသည်။ တောင်သူလယ်သမားကြီးများ သတိထားရမည့်အချက်ဖြစ်ပါသည်။ 

ကယ်လ်စီယမ်ဓာတ်ချို့တဲ့လျှင် စပါးရွက်များ အဖြူရောင်ဖြစ်ပြီး တွန့်လိမ်နေပါသည်။ အပင်ကြီးထွားချိန်တွင် ခြောက်သေသွားသည်။ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့ပါက စပါးပင်ကြီးထွားမှု၊ အပင်ပွားမှု ထိခိုက်စေပါသည်။ အရွက်များ တွန့်လိမ်ကောက်ကွေး၍ အောက်ရွက်များ လိမ္မော်ရောင် ပြောင်းကာ ခြောက်သေသွားပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့ပါက စပါးရွက်ဟောင်းများ တစ်ပင်လုံးဝါစေပါသည်။ အပင်ပုစေသည်။ အနှံလည်ဂုတ်မလွတ်စေဘဲ အနှံထွက်နောက်ကျစေပါသည်။ တစ်နှံပါအောင်စေ့လည်း နည်းသွားစေပါသည်။ ဆာလ်ဖာဓာတ် ချို့တဲ့သောလယ်မြေများကို နွေထယ်ရေးထိုး၍ မြေလှန်ထားရန် လိုအပ်ပါသည်။ 

        သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဘိုရွန်ဓာတ်၊ ကော့ပါးဓာတ်၊ ဆီလီကာဓာတ်ချို့တဲ့ပါ  အပင်ကြီးထွားမှုညံ့ပြီး အထွက်လည်း သိသိသာသာ လျော့စေတာတွေ့ရပါသည်။ မြန်မာနိုင်ငံရှိ လယ်မြေများသည် သွပ်ဓာတ် ချို့တဲ့တာတွေ့ရပါသည်။ အထူးသဖြင့် မြေငန်၊ ရေဝပ်မြေ၊ ဆားပေါက်မြေများတွင် သွပ်ဓာတ်ချို့ တဲ့မှုပိုဖြစ်တာတွေ့ရပါသည်။ အော်ဂင်းနစ်ပါဝင်မှုနည်းသော သဲဆန်မြေများတွင် ကန့်ဓာတ်ချို့တဲ့မှုဖြစ်ပေါ်သည်ကို တွေ့ရပါသည်။ သွပ်ဓာတ်ချို့တဲ့သော လယ်မြေအတွက် ဇင့်၊ ဆာလ်ဖိတ် တစ်ဧကသုံးပေါင်နှုန်း ထည့်ပေးနိုင်ပါသည်။ ဇီဖာမြေသြဇာ ၉ဝ ဂရမ်ကို ရေနဲ့ဖျော်ပြီး စပါးမစိုက်မီ ပျိုးပင်များ၏ အမြစ်များကို ၄င်းဖျော်ရည်တွင် စိမ်၍ စိုက်ပျိုးပါက သွပ်ဓာတ်ချို့တဲ့မှုကို ကုစားနိုင်ပါသည်။ 

အပင်များ သံဆိပ်သင့်ခြင်းမှာ မြေချဉ်သောမြေများတွင် ပို၍ ဖြစ်ပေါ်စေပါသည်။ သံဆိပ်သင့်ခံရပါက စပါးပင်နီပြီး တိုနေတတ်ပါသည်။ လယ်သမားကြီးများက နီတိုဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။ သံဆိပ်သင့်ခံရပါက စပါးပင်ရွက်ဖျားမှစပြီး အညိုအစက်အပြောက်များ ဖြစ်ပေါ်စေပါသည်။ အညိုစက်များတဖြည်းဖြည်း ကျယ်ပြန့်လာပါက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပါသည်။ သံဆိပ်သင့်မှုပြင်းထန်ပါက စပါးရွက်အလယ်ကြောများ ခရမ်းညိုရောင်သို့ ပြောင်းသွားပါသည်။ သံဆိပ်သင့်ခံရသော လယ်မြေကို မြေချဉ်ငန်ကိန်း မနိမ့်စေရန် သတိပြုရန်လိုပါသည်။ နွေထယ်ရေး မဖြစ်မနေလှန်ပါ။ ထုံးထည့်ပါ။ ရေဝပ်လျှင် ရေထုတ်ပစ်ပါ။ ပိုတက်စီယမ်မြေသြဇာ မချို့တဲ့စေရန် အထူးသတိပြုရန် လိုပါသည်။ 

        ဘိုရွန်ဓာတ်အဆိပ်သင့်ပါက စိုက်ပျိုးပြီး ခြောက်ပတ်အကြာမှာ အရွက်ထိပ်ဖျားများ အဝါရောင် စဖြစ်ပေါ်ပါသည်။ အဆိပ်သင့်မှု လွန်ကဲလာပါက နောက်နှစ်ပတ်မှ လေးပတ်အကြာတွင် ရွက်နားတစ်လျှောက် အရောင်မညီကွက်ကြားဖြစ်ကာ တဖြည်းဖြည်း ညိုမည်းလာပြီး ညိုမှောင်ရောင်ဖြစ်သွားပါသည်။ ဘိုရွန်ဓာတ်ချို့တဲ့မှုကို ပရဆေးသုံး လဲချားအမှုန့်ကို ရေဖျော်ဖျန်း၍ ကုစားနိုင်ပါသည်။

သို့ပါ၍ တောင်သူလယ်သမားကြီးများအနေနှင့် မိုးစပါးတစ်သီး၊ မိုးစပါး၊ နွေစပါး သီးထပ်နှစ်ကြာရှည်စွာ ဆက်တိုက်စိုက်ပျိုးသော လယ်မြေများတွင် မြေဆီလွှာဂုဏ်သတ္တိများ ပျက်သုဉ်းခြင်း၊ မြေချဉ်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ဓာတ်မြေသြဇာများ အချိုးကျအသုံးပြုခြင်း၊ သဘာဝမြေသြဇာများ နှစ်စဉ်ထည့်ခြင်း၊ မှန်ကန်သော သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ခြင်းများကို မဖြစ်မနေဆောင်ရွက်ပါရန် တိုက်တွန်းလိုက်ရပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၄)

No comments:

Popular Posts