July 13, 2020

စီးပွားအောင်မြင် ကံကောင်းချင်လျှင်

ချစ်နိုင် (စိတ်ပညာ)

"ဒီမျိုးစေ့ကို ဒီရေမြေ၊ ဒီကမ္ဘာမြေ၊ ဒီကမ္ဘာပေါ်မှာ ရာသီဥတုမှာ စိုက်ပျိုးမယ်ဆိုပါစို့။ ဘာမှ သံသယရှိစရာ မလိုပါဘူး။ အလားတူ ဒီအသီးမျိုးသာပဲ မလွဲမသွေသီးမှာပဲ။ သရက်ပင်က ကြက်ဟင်းခါးသီး မသီး။ သခွားပွင့်က ငှက်ပျောသီး မသီး။ ဒါကြောင့် မီလျံနာစိတ်ကူး၊ မီလျံနာအတွေး၊ သန်းကြွယ်သူဋေးတွေရဲ့ စိတ်နေစိတ်ထားမျိုးတွေ ငါတို့စိတ်မှာ ကူးယူကြပါစို့။ ညှိယူလိုက်ကြပါစို့။

        ချစ်သမီးလေး

        ရွှင်လန်းချမ်းမြေ့ပါစေ....။

        ဦးဦးဘဝမှာ လမ်းပြမီးရှူးတိုင်သဖွယ် ရှေ့ဆောင်လမ်းပြ လွှမ်းမိုးကျေးဇူးပြုခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ စိတ်ပညာဌာန၊ ပါမောက္ခ(အငြိမ်းစား) ဆရာကြီးဦးခင်မောင်သန်း ဖြစ်ပါတယ်။ ဆရာကြီးဟာ ဦးဦးကို စာတွေပေတွေရေးဖြစ်အောင် အထိရောက်ဆုံးအားပေးခဲ့ပါတယ်။ ဘေးကပြောဆို တိုက်တွန်းရုံမျှသာ မဟုတ်ဘူး။ အပြည့်အဝ ဂရုစိုက်ပြီး မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ဥပမာ တက္ကသိုလ်နောက်ဆုံးနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ဆရာကြီး ဦးခင်မောင်သန်း (ထိုစဉ်က ကထိကပါ)တို့ ဇနီးမောင်နှံ တောင်ကြီးသို့ အလည်အပတ်သွားရာမှ ဦးဦးကို ခေါ်ဆောင်သွားပါတယ်။ သူ့ရဲ့ဆရာအရင်းဖြစ်တဲ့ တောင်ကြီးကောလိပ်ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်တင့်ဆိုတာက နိုင်ငံကျော်စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ဖြစ်ပါတယ်။ ဆရာကြီးနဲ့ စတင်တွေ့ဆုံ မြင်တွေ့လိုက်ရတာ အားကျကြည်ညိုစိတ်နဲ့ ဝမ်းသာကြည်နူးမဆုံးပါ။


        ဆရာကြီး ဦးခင်မောင်တင့်နဲ့ ဦးခင်မောင်သန်းက အင်မတန် ရင်းနှီးကြတာကိုး။ ဦဦးဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မြေးတပည့်ပါလားလို့ ခံယူမိပြီး များစွာစိတ်အားတက်ကြွခဲ့ရပါတယ်။

        ဒီလိုနဲ့ငါဟာ စာရေးဆရာတစ်ယောက် သေချာပေါက်ဖြစ်လာမှာပဲလို့ မလွဲမသွေ ယုံကြည်ထားမိပါတယ်။ တက္ကသိုလ်ကျောင်းသားပဲ ရှိသေးတာကွဲ့နော်။ ဘွဲ့ရပြီးရင် ဘယ်ခရီးပေါက်လို့ ဘယ်အခြေအနေရောက်မယ်ဆိုတာ မသိသေးခင်မှာပဲ ခိုင်ခိုင်မာမာ ယုံကြည်နေတာဖြစ်တယ်။

        အဲသည်လို ယုံကြည်စိတ်ရှိလာအောင် ပျိုးထောင်မွေးမြူတဲ့ ဆရာကြီးဦးခင်မောင်သန်းကို ဘယ်လောက် ကြည်ညိုအားကျသလဲဆိုရင် ဆရာရဲ့ကလောင်အမည် ခင်မောင်သန်း (စိတ်ပညာ) ဆိုတာ နောက်မှကောက်ကောက်လိုက်ပြီး ကြက်မကြီးအနောက်က ကြက်ကလေးတွေ ကောက်ကောက်လိုက်သလိုပဲ၊ ဘဲမကြီးရဲ့နောက် ဘဲပေါက်စလေးတွေ ကောက်ကောက်လိုက်နေသလိုပဲ။ ချစ်နိုင်(စိတ်ပညာ)လို့ ကလောင်
အမည်ယူတာ ကြည့်ပေရော့။

        ဆရာ့လိုပဲ နာမည်အရင်းအတိုင်း ကလောင်အမည်ယူတယ်။ (စိတ်ပညာ) လို့ နောက်ကထည့်ပါတယ်။ ရယ်စရာတောင် ကောင်းမနေဘူးလား။ 

        ဆရာ့ရဲ့ ကျေးဇူးတရားတွေဟာ ဆပ်လို့မကုန်အောင် ကြီးမားပါတယ်။ မိမိရဲ့ အဖေအမေကို ချစ်သလို ဆရာနဲ့ ဆရာမကိုလည်း ချစ်မြတ်နိုးပါတယ်။ ဒါကြောင့်ဆရာရေးသမျှ စာတွေကို အလေးအမြတ်ဖတ်ပါတယ်။

        ကိုယ်ချစ်တဲ့ဆရာဆိုတော့ သူရေးတာတွေကိုလည်း (မှန်တာပြောရရင် ပုဂ္ဂိုလ်ခင်တော့) ဘာပဲဖြစ်ဖြစ် ကြိုက်တာပဲ။ ဆရာက အတွေးရှင်းသလို အရေးရှင်းတယ်။ ဘာသာပြန်လည်း ကောင်းတယ်။

        နိဒါန်းတွေရှည်နေရင်တော့ ခွင့်လွှတ်ပေတော့။ ဆရာကြီးပါမောက္ခ ဦးခင်မောင်သန်း(စိတ်ပညာ) ဘာသာပြန်ခဲ့တဲ့ ‘သန်းကြွယ်သူဌေးတို့၏ စိတ်နေစိတ်ထား’ဆိုတဲ့ စာအုပ်ထဲက အဆီအနှစ်တွေကို ကောက်နုတ်မိတ်ဆက်ချင်လို့ အချီးတွေ ရှည်လျားနေတာပါကွယ်။ စိတ်ပညာပါမောက္ခတစ်ဦး ဘာသာပြန်တဲ့ စာအုပ်ဟာ တော်ရုံတန်ရုံ သာမန်စာအုပ်မျိုးတော့ မဟုတ်တန်ရာ။ တော်တော်ကောင်းလို့နေမှာ။

        မူရင်းစာအုပ်ရေးတဲ့ပုဂ္ဂိုလ် သောမတ်စ် ဂျေစတန်လေ ဆိုတာကလည်း Ph.D ဒေါက်တာဘွဲ့ရပညာရှင်တစ်ဦးပါပဲ။ စာဖတ်သူတွေသိရရင် အကျိုးများစွာရှိပေမယ့် စာအုပ်ဖြစ်တဲ့အတွက် အဲဒီထဲက အချို့အချက်တွေကို တင်ပြလိုပါတယ်။

ဓာတ်ပုံ - အင်တာနက်

        စီးပွားရေးလုပ်ကိုင်ရာမှာ အောင်မြင်မှုရဖို့အတွက် ဘာတွေလိုအပ်မလဲဆိုရင် ဒေါက်တာသောမတ်စ်ဂျေစတန်လေက အောက်ပါ ရှစ်ချက်ကို ထုတ်ဖော်ရေးသားထားပါတယ် -

        (၁)    ကြိုးစားလုပ်ကိုင်ခြင်း (လုံ့လဝီရိယရှိရမယ် မြန်မာတွေသိထားတဲ့ဥဌာနသမ္မဒါပဲပေါ့)

        (၂)    ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း (အကျင့်စာရိတ္တ၊ ကိုယ်ကျင့်သီလကောင်းရင်ကောင်းသလောက် လူအများက လေးစားကြည်ညိုတာခံရပြီး ကိုယ်ကျင့်တရားပျက်ပြားရင် လူတွေက မကြည်ညိုတဲ့အပြင် ကဲ့ရဲ့ရှုတ်ချချင်ကြတယ်လေ)

        (၃)    ဦးတည်ချက်ထားရှိ လုပ်ဆောင်ခြင်း။

        (၄)    စီးပွားရေးလုပ်ဆောင်ရာတွင် စွန့်စားဖို့ သတ္တိရှိခြင်း။

        (၅)    မိမိနှစ်သက်ရာ၊ ဝါသနာပါရာကို ရွေးချယ်ရခြင်း။

        (၆)    ချွေတာမှုရှိခြင်း။

        (၇)    လေ့လာမှုရှိခြင်း။

        (၈)    မျှတမှုရှိတဲ့ ဘဝနေဟန်ရှိရမယ် (မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ခံစားနိုင်ပါတယ်။ ဒါဟာလည်း ကလျာဏမိတ္တသမ္ပဒါသဘောပါပဲ။ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေခြင်းပဲ ဖြစ်တယ်။

        သန်းကြွယ်သူဌေးတို့ရဲ့ စိတ်နေသဘောထားဆိုတဲ့ စာအုပ်ထဲက အဖိုးတန်လှတဲ့ အထက်ပါအချက်ကို ယုံယုံကြည်ကြည်နဲ့ သေသေချာချာသာ တိတိကျကျ မှတ်ယူကျင့်သုံးလိုက်ပါ။ ဘယ်သူမဆို ထိရောက်တဲ့ ကောင်းကျိုးချမ်းသာကို မလွဲမသွေ ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

        အမေရိကန်ပါမောက္ခရေးတာပဲ။ အမေရိကန်ပြည်ထောင်စုလို အနောက်တိုင်း အရင်းရှင်ဖွံ့ဖြိုးပြီး ခေတ်မီနိုင်ငံကြီးများမှ ကိုက်ညီမှာပေ့ါ။ တို့လို အရှေ့တိုင်းက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမျိုးရဲ့အခြေအနေမှာ ဆီလျော်ပါ့မလား။ အသုံးတည့်ပါ့မလားလို့ သံသယဝင်ရင် စဉ်းစားစရာမှန်ပါတယ်။

        နိုင်ငံခြားမှာ ပညာသင်ခဲ့ဖူးတဲ့ ဆရာကြီးပါမောက္ခ ဦးခင်မောင်သန်းဟာ မြန်မာလူငယ်များသိရင် အကျိုး
ရှိမှာမို့ ဘာသာပြန်တာနေမှာပါ။ အကျိုးမရှိတာဆိုရင် ပြန်ဆိုမယ်မဟုတ်ပါဘူး။

        စီးပွားရေးလုပ်ကိုင်ရာမှာ အောင်မြင်ချင်ရင် လိုအပ်တဲ့ ဒီအချက်ရှစ်ချက်ကိုပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းကြည့်ပါ။ လက်တွေ့ကျင့်သုံးရင်းနဲ့သုံးသပ်ဝေဖန်ကြည့်ပေ့ါ။ မိမိအတွက် တကယ်အကျိုးပြုပါရဲ့လား။ အသုံးတည့်ရင် ဆက်သုံး။ အသုံးမကျခဲ့ကြောင်းတွေ့ရရင် ဖယ်ထားပေ့ါ။ ဒါပါပဲ။

        အောင်မြင်မှုအတွက် အရေးပါတဲ့အချက်တွေ သုတေသနပြုချက်အရ လက်တွေ့သိလာရတာတွေ ရှိပေသေးသည်။ အနှစ်ချုပ်ပြောရရင် အရေးကြီးဆုံး အဆင့်တစ်က နှစ်ချက်ပြိုင်တူရှိ နေတယ်တဲ့။ ဘာတွေလဲ။

        (၁)    လူအများနဲ့ ရိုးသားစွာဆက်ဆံမှု၊

        (၂)    စည်းကမ်းနဲ့ နေတတ်မှု (နှစ်ခုက အဆင့်တူ) တွေ့ရ။

        (၃)    လူတိုင်းနဲ့ လိုက်လျောညီထွေနေတတ်မှု၊

        (၄)    ပါရမီဖြည့်ဖက် ဇနီးရှိမှု၊

        (၅)    ကြိုးစားလုပ်ဆောင်မှုတွင် အများထက်သာလွန်မှု၊

        (၆)    မိမိအလုပ်ကို မြတ်နိုးမှု၊

        (၇)    ဦးဆောင်မှု အရည်အသွေးမြင့်မားမှု၊

        (၈)    ပြိုင်ဆိုင်လိုစိတ် ပြင်းထန်မှု၊

        (၉)    အလွန်စည်းစနစ်ကျမှု၊

        (၁ဝ)    အခြားသူများကို ဆွဲဆောင်နိုင်မှုတို့ ဖြစ်ပါသတဲ့။

        ဆရာဝန်၊ ရှေ့နေ၊ မန်နေဂျာ၊ ကုန်သည်၊ ပွဲစား၊ အရောင်း၊ စျေးသည်၊ စစ်ဗိုလ်၊ နိုင်ငံရေးသမား၊ ဘာပဲဖြစ်ဖြစ် အထက်ပါအချက် (၁ဝ) ချက်ဟာ အောင်မြင်မှုအတွက် အရေးပါလှပါတဲ့ကွယ်။ လက်တွေ့သုတေသနတွေကရတဲ့ ရလဒ်နော်။ စိတ်ကူးမှန်းဆချက်တွေ ရေးထားတာ မဟုတ်ပါဘူး။ ဆရာကောင်း သမားကောင်းရှိမှု၊ ရင်းနှီးမြှုပ်နှံတတ်မှု၊ အခြားသူများ မမြင်သည့် အခွင့်အလမ်းကို မြင်တတ်မှုစသည့် အချက်တွေလိုအပ်တာလည်း တွေ့ရပါတယ်တဲ့။ တူရာတူရာစုပြီး ကဏ္ဍခွဲခြားလိုက်ရင် -

        (၁)    ဆက်ဆံရေးကျွမ်းကျင်မှုရှိခြင်း၊

        (၂)    ကျန်းမာရေးကောင်းမွန်ခြင်း၊

        (၃)    သိက္ခာသမာဓိနှင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊

        (၄)    ရင်းနှီးမြှုပ်နှံမှု၊

        (၅)    ကံကောင်းခြင်း၊

        (၆)    စည်းကမ်းစနစ်ကောင်းခြင်းနဲ့

        (၇)    ဉာဏ်ရည်မြင့်မားခြင်းတွေလည်း တွေ့ရတယ်။

        ဒီအချက်တွေက သာမန်အသိ၊ သာမန်ကြားရုံမျှနဲ့ ကြားဖူးနားဝတော့ ရှိကောင်းရှိခဲ့လိမ့်မယ်။ ဒါပေမဲ့ အမေရိကန်မှာ ထင်ရှားတဲ့ စာအုပ်တစ်အုပ်ဖြစ်နေပြီ။ အဲဒီထဲက အကျိုးရှိမယ့်ဗဟသုတတွေကို တက္ကသိုလ်မှ အငြိမ်းစား စိတ်ပညာပါမောက္ခဆရာကြီးတစ်ဦးက မြန်မာဘာသာသို့ ပြန်ဆိုပေးထားလောက်အောင် တန်ဖိုးထားလောက်အောင် တန်ဖိုးရှိတာကိုတော့ သိတဲ့လူလည်း ရှိချင်ရှိပေမယ်။

        ဒီနေရာမှာ ဆွေးနွေးချင်တာက အဲဒီသန်းကြွယ်သူဌေးတို့၏ စိတ်နေစိတ်ထားဆိုတဲ့ အရည်အသွေးများပဲ ဖြစ်ပါတယ်။

        အဲဒီအရည်အသွေးမျိုးတွေဟာ သူတို့မှာမှ ရှိနိုင်တာလား။ မိမိတို့ကော မပိုင်ဆိုင်နိုင်ပေဘူးလား။ သေသေချာချာ တစ်ခုချင်းတိုက်ဆိုင်ပြီး စဉ်းစားကြည့်နော်။ ကြိုးစားလုပ်ကိုင်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း အစရှိတဲ့ အခြင်းအရာတွေအားလုံးဟာ မိမိတို့မှာရှိပြီးသား။ သို့မဟုတ် ရရှိလာအောင် ကြိုးစားရင် မခက်ခဲဘူး ။ ပိုင်ဆိုင်ရရှိနိုင်တဲ့ အရည်အသွေးမျိုးတွေပါ။ ဟုတ်တယ်နော်။

        ဒီမျိုးစေ့ကို ဒီရေမြေ၊ ဒီကမ္ဘာမြေ၊ ဒီကမ္ဘာပေါ်မှာ ရာသီဥတုမှာ စိုက်ပျိုးမယ်ဆိုပါစို့။ ဘာမှ သံသယရှိစရာမလိုပါဘူး။ အလားတူ ဒီအသီးမျိုးသာပဲ မလွဲမသွေသီးမှာပဲ။ သရက်ပင်က ကြက်ဟင်းခါးသီး မသီး။ သခွားပွင့်က ငှက်ပျောသီး မသီး။ ဒါကြောင့် မီလျံနာစိတ်ကူး၊ မီလျံနာအတွေး၊ သန်းကြွယ်သူဌေးတွေရဲ့ စိတ်နေစိတ်ထားမျိုးတွေ ငါတို့စိတ်မှာ ကူးယူကြပါစို့။ ညှိယူလိုက်ကြပါစို့။

        ဒီအရည်အသွေးတွေ မသိရခင်ကဆိုရင် စမ်းတဝါးဝါးနဲ့ ချမ်းသာဖို့ဆိုတာ တော်တော်ခက်တာပေ့ါ။ မျက်စိလည်လမ်းမှားနိုင်သေး။ တိတိကျကျသိရပြီဆိုမှတော့ လက်တွေ့ချီတက်ရုံပဲရှိတော့တာပေ့ါ။ အဖိုးမတန်ဘူးလား။ ဦးဦးက ဆရာကောင်း သမားကောင်းတွေနဲ့ ဆုံဆည်းရတော့ စာရေးဆရာ ဖြစ်ခဲ့ပါတယ်။ သန်းကြွယ်သူဌေးဖြစ်နည်း လိုချင်တဲ့လူတွေလည်း ယနေ့ကံကောင်းခြင်းနဲ့ တည့်တည့်တိုးပေပြီ။
ဟုတ်တယ်နော်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၁၅)

No comments:

Popular Posts