တက္ကသိုလ်မလေးခိုင်
တစ်ခါတုန်းက မှော်ဆရာကြီးတစ်ဦးက ဘုရင်ကြီးတစ်ပါးကို အသစ်စက်စက် မြင်းအစစ်နဲ့ အရွယ်အစားတူညီတဲ့ ရုပ်တုတစ်ခုကို လက်ဆောင်ပေးတယ်။ ဘုရင်ကြီးရဲ့သားတော် မင်းသားလေးက အဲ့ဒီမြင်းရုပ်ပေါ်မှာ တက်ထိုင်ပြီးတော့ သူ့ဖခင်ကို လှမ်းမေးတယ် -
‘‘ဒီခလုတ်ကလေး နှိပ်လိုက်ရင် ဘာဖြစ်သွားမလဲ ခမည်းတော်’’ ဆိုပြီး မေးနေတုန်းမှာပဲ မြင်းရုပ်ကြီးက သူ့ကိုသယ်ဆောင်ပြီးတော့ မိုးကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ အောက်က ဘုရင်ကြီးက -
‘‘ရပ်တော့၊ ရပ်တော့’’လို့ လှမ်းခေါ်ပေမယ့် သူမကြားနိုင်တော့ဘူး။ သူ့နားရွက်ထဲကို လေတွေတိုးဝင်နေ တဲ့အထိ အရှိန်မြန်မြန်နဲ့ မြင်းက ပျံသန်းနေတယ်။ မင်းသားလေးက မြင်းပျံကြီးပေါ်မှာ စီးနေရင်း စဉ်းစားတယ်။
‘‘ဒီမြင်းက ဘယ်လိုများ မိုးပေါ်ပျံနိုင်ပါလိမ့်’’လို့ စဉ်းစားရင်းနဲ့ နောက်ထပ်ခလုတ်တွေ ထပ်ရှာကြည့်တယ်။ တခြားခလုတ်တွေ ဘာမှ မတွေ့ရဘူး။
‘‘သြော်... ဟိုအောက်က ပင်လယ်ကြီးရဲ့ ဟိုဘက်ခြမ်းမှာ ဘာများရှိသလဲ မသိဘူး’’ ဆိုပြီး တော့ သူ့ကိုယ်သူ ပြောမိတယ်။ သူပြောလို့တောင် မဆုံးသေးဘူး။ မြင်းက အဲ့ဒီပင်လယ်ပြင်ဘက်ကို ညင်သာစွာ လှည့်ပျံပြီးသွားတယ်။ အဲ့ဒီတော့မှ မင်းသားက ‘‘ငါ့စိတ်ထဲမှာ ငါဖြစ်ချင်တာ ပြောလိုက်တိုင်း သူက လိုက်လုပ်ပေးတာ ကိုး’’လို့ စဉ်းစားမိပြီးတော့ ‘‘ငါ နိမ့်နိမ့်ပဲ ပျံချင်တယ်’’လို့ ပြောလိုက်တယ်။ အဲ့ဒီလို ပြောလိုက်တဲ့ တစ်ခဏမှာပဲ အောက်က ပင်လယ်ပြင်ရဲ့လှိုင်းအဖျားတွေ လွတ်ရုံသာ ပျံပေးတယ်။
‘‘ပိုပြီး မြင့်အောင် ပျံချင်လိုက်တာ’’လို့ သူက ပြောလိုက်တဲ့အခါမှာ မိုးတိမ်ကြားထဲထိရောက်အောင် ပျံသန်းပေးတယ်။ ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးတစ်ခုကို မင်းသားလေးဟာ နာရီအနည်းငယ်ကြာတဲ့အထိ မြင်းပျံကြီးစီးပြီး သွားနေရင်းနဲ့ နောက်ထပ်တစ်ခု စဉ်းစားမိတယ်။
‘‘ငါ အစစ်အမှန်ချစ်ရမယ့်သူ ရှိတဲ့နေရာကို သွားချင်တယ်။ ဒါပေမဲ့ မင်းကတော့ လုပ်ပေးနိုင်မယ်မထင်ဘူး’’လို့ သူက မြင်းကို မေးခွန်းထုတ်ရင်း ပြောလိုက်တယ်။ အဲ့ဒီအခါ မြင်းက ခေါင်းညိတ်ပြပြီး ဆက်ပျံသွားတော့တာပါပဲ။ ညဘက်ရောက်တဲ့အခါကျတော့ မင်းသားလေးဟာ တိုင်းပြည်တစ်ပြည်ရဲ့ စုလစ်မွမ်းချွန်တွေနဲ့ အလွန်လှပတဲ့ နန်းတော်တစ်ခုအပေါ်ကို ရောက်သွားတယ်။ နောက်ပြီးတော့ မြင်းက သူ့ဖာသာသူ နန်းတော်ရဲ့ ခေါင်မိုးတစ်ခုပေါ်မှာရှိတဲ့ အဆောင်ပေါ်ကို ညင်သာစွာနဲ့ ဆင်းလိုက်တယ်။ မင်းသားလေးက မြင်းပေါ်က ညင်ညင်သာသာဆင်းလိုက်ပြီးမှ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တယ်။ သူ့အောက်မှာ နန်းတော်ရဲ့ ပန်းဥယျာဉ်တစ်ခုကို လရောင်အောက်မှာ တွေ့ရတယ်။
အဲ့ဒီအချိန်မှာပဲ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ ပန်းဥယျာဉ်ထဲကို လမ်းလျှောက်ဝင်လာတာတွေ့ရတယ်။ မိန်းကလေးဟာ ဖိုးလမင်းကြီးထက်တောင် လှတယ်လို့ သူ့စိတ်ထဲမှာ ထင်မိတယ်။ ဒါကြောင့် မိန်းကလေးကို တွေ့ချင်တဲ့စိတ်ဆန္ဒ ပြင်းပြလာတာကြောင့် မင်းသားလေးဟာ သူရောက်နေတဲ့ နေရာက နံရံကို မှီတွယ်ပြီး ပန်းဥယျာဉ်ထဲကို ဆင်းသွားလိုက်တယ်။
‘‘ကျေးဇူးပြုပြီးတော့ လာခွင့်ပေးပါ’’လို့ မင်းသားလေးက လှမ်းပြောလိုက်တယ်။ အဲ့ဒီအချိန်မှာ မိန်းကလေးက လမ်းလျှောက်နေရာက ခဏရပ်သွားပြီး လှည့်ကြည့်လိုက်တဲ့အခါမှာ မင်းသားကို မြင်ရတယ်။
‘‘ရှင်က ဘယ်သူလဲ’’ဆိုပြီး မိန်းကလေးက မေးလိုက်တယ်။ ပြီးတော့ -
‘‘ကျွန်မအဖေ ပယ်လိုက်တဲ့ ချစ်ခွင့်တောင်းသူတွေထဲက တစ်ယောက်လား’’ ဆိုပြီးတော့ မေးတယ်။
‘‘ရှင်က အဲ့ဒီမှာ လာပြိုင်ကြတဲ့ သူတွေထက် ပိုပြီးချောမောလှပပါတယ်’’လို့လည်း ဆက်ပြောတယ်။ မင်းသားလေးက ရယ်ပြီးတော့ ဘာမှ ပြန်မပြောဘူး။ မိန်းကလေးကလည်း လိုက်ရယ်တယ်။ ပြီးတော့ သူတို့နှစ်ယောက် တစ်နေရာမှာ ထိုင်ပြီးတော့ စကားပြောကြတယ်။ မင်းသားလေးက သူရဲ့ မှော်ဝင်မြင်းရုပ်အကြောင်း ပြောပြသလို မိန်းကလေးက သူမရဲ့ ဖခင်ဘုရင်ကြီးအကြောင်း ပြောပြတယ်။ သူမရဲ့ဖခင်ဘုရင်ကြီးက ဧည့်သည်တွေ့တာကို မကြိုက်ဘူး၊ အထူးသဖြင့် သူမကို ချစ်ခွင့်ပန်တာကို လက်မခံဘူး။ မင်းသားလေး ဒီမှာရှိနေတာတွေ့ရင် စိတ်ဆိုးမှာပဲ။ ဒါကြောင့် ပြန်ဖို့ကောင်းတယ်လို့ မိန်းကလေးက အကြံဉဏ်ပေးတယ်။
မင်းသားလေးကတော့ မင်းသမီးကို သူလက်ထပ်ချင်တယ်။ ဒါကြောင့် ဘုရင်ကြီးနဲ့ သူကိုယ်တိုင်တွေ့ပြီး တောင်းဆိုမယ်။ အဲ့ဒီတော့ မင်းသမီးက သဘောတူမှာလားလို့ဆိုပြီး မေးတယ်။ အဲဒီအခါမှာ မင်းသမီးက မျက်နှာလေးနီရဲသွားပြီးတော့ ခေါင်းညိတ်ပြတယ်။ ဒီလိုနဲ့ သူတို့ စကားပြောနေတုန်းမှာပဲ အရုဏ်တက်လာတယ်။ နေလည်း ထွက်လာတယ်။ ငှက်ကလေးတွေကလည်း သူတို့ဘေးနားမှာ သီချင်းဆိုနေကြတယ်။ နောက်ဆုံးမှာတော့ ဥယျာဉ်ဂိတ်တံခါးကြီး ပွင့်သွားတယ်။ ဘုရင်ကြီးကိုယ်တိုင် ရောက်လာတယ်။ သူ့သမီးတော်လေးကို အရင်မြင်ရတဲ့အခါ -
‘‘သမီးတော် ဒီမှာရောက်နေလား’’ဆိုပြီး ပြုံးရွှင်စွာနဲ့ လှမ်းမေးတယ်။ ဒါပေမဲ့ မကြာခင်မှာ မင်းသားကိုတွေ့လိုက်တာနဲ့ ချက်ချင်းအသံပြောင်းသွားပြီး မိုးခြိမ်းသံလို အသံမျိုးနဲ့ -
‘‘မင်းဘယ်သူလဲ’’လို့ လှမ်းမေးတယ်။
‘‘ကျွန်တော်က မင်းသားတစ်ပါးပါ။ အချစ်စစ်အချစ်မှန်ကို ရှာဖို့အတွက် ဒီကိုရောက်လာတာပါ။ သင့်သမီးတော်ကို ကျွန်တော်နဲ့ လက်ထပ်ခွင့်ပြုပါခင်ဗျာ’’ဆိုပြီး ယဉ်ကျေးစွာပြန်ပြောတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အရမ်းဒေါသထွက်နေပြီး မျက်နှာကြီးတစ်ခုလုံးလည်း ညိုမဲနေတယ်။
‘‘မင်းမှာ ဒီလိုစိတ်ကူးမျိုးရှိရင် ငါ့မှာရှိတဲ့ စစ်တပ်တစ်တပ်လုံးနဲ့ မင်းကိုသတ်ပစ်မယ်’’လို့ ပြောတယ်။ မင်းသားလေးက -
‘‘ကျွန်တော် ရိုးသားစွာတင်ပြနေတာပါ ခင်ဗျာ။ ကျွန်တော့်ကို ဒီလိုမဆက်ဆံသင့်ပါဘူး။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ စစ်တပ်တစ်ခုလုံးနဲ့ ကျွန်တော့်ကို တိုက်ခိုက်ချင်တယ် ဆိုရင်လည်းပဲ တိုက်ခိုက်နိုင်ပါတယ်။ လသာဆောင်ပေါ်မှာ ရောက်နေတဲ့ ကျွန်တော်ရဲ့မြင်းကိုပဲ ယူပေးပါခင်ဗျာ’’ဆိုပြီး ပြောတဲ့အခါ-
‘‘ကောင်းပြီ’’ဆိုပြီးတော့ ဘုရင်က စစ်သားလေးယောက်ကို လွှတ်ပြီးယူခိုင်းလိုက်တယ်။ စစ်သားတွေက ဒီမြင်းရုပ်ကြီးကို လေးလံလွန်းလို့ ဝိုင်းထမ်းလာကြပြီး သူတို့ ရယ်ကြတယ်။
‘‘မြင်းရုပ်ကြီးက ဘာမှလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဘယ်မှလည်း သွားနိုင်မှာ မဟုတ်ဘူး’’ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင်ပြောပြီး ရယ်မောနေကြတယ်။ မင်းသားလေးက မြင်းရုပ်ရောက်လာတဲ့အခါမှာ မြင်းပေါ် တက်လိုက်တယ်။ ပြီးတော့ ဘုရင်ကြီးရဲ့ စစ်တပ်တစ်တပ်လုံးက တစ်ဖက်၊ သူတစ်ယောက်ထဲက တစ်ဖက် အဲဒီလိုနေရာယူကြတယ်။ မင်းသမီးလေးကတော့ စိုးရိမ်လွန်းလို့ သူ့တစ်ကိုယ်လုံး မြေဖြူတောင့်လို ဖြူဖွေးပြီး တောင့်တောင့်ကြီး ရပ်ကြည့်နေရှာတယ်။ ဘုရင်ကိုယ်တိုင်လည်းပဲ သမီးတော်လေးက တစ်ယောက်တည်းရှိတာမို့လို့ မင်းသားလေးပေါ်မှာ မတရားပြုမူသလိုဖြစ်တော့မှာပဲ ဆိုပြီးတော့ စိတ်မကောင်း ဖြစ်နေတယ်။ ဒါကြောင့် ဘုရင်ကြီးက ပြောတယ် -
‘‘မင်း စစ်တပ်တစ်တပ်လုံးကို မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ’’ ဆိုပြီး မေးတယ်။ မင်းသားလေးက တည်ငြိမ်စွာနဲ့ပဲ ပြုံးပြပြီး -
‘‘ကိစ္စမရှိပါဘူး ခင်ဗျာ.. ကျွန်တော်တိုက်ပါ့မယ်’’လို့ ပြောတယ်။ အဲ့ဒီအချိန်မှာပဲ ဘုရင်ကြီးက ချက်ချင်းပဲ-
‘‘စတိုက်ကြဟေ့’’ဆိုပြီး အမိန့်ပေးလိုက်တယ်။ ဘုရင်ကြီးက အဲဒီလိုအမိန့်ပေးတာနဲ့ စစ်တပ်တစ်တပ်လုံးဟာ စတင်ပြီး မင်းသားလေးကို ဝိုင်းလာကြတယ်။ သူတို့ ဝိုင်းလာတာ မင်းသားလေးနဲ့ နီးကပ်လာတဲ့အချိန်မှာ မင်းသားလေးဟာ သူ့မြင်းနဲ့အတူ လေထဲမှာ ပျံသွားလိုက်တယ်။ သူ့ကို တိုက်ဖို့လာတဲ့ စစ်သားတွေဟာ တစ် ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်ကုန်ကြပြီးတော့ တိုးဝှေ့ပြီး လဲကျကုန်ကြတယ်။ မင်းသားလေးကတော့ သူတို့ရဲ့နောက်ကျောကို ရောက်သွားပြီး အဲဒီကနေ ရပ်စောင့်နေတယ်။ ဒီတစ်ချီတော့ စစ်တပ်က မလွတ်အောင် သေချာဖမ်းမယ်ဆိုပြီးတော့ မင်းသားလေးရှိမယ့်နေရာကို အပြေးအလွှား ချီတက်လာကြတယ်။ မင်းသားလေးက ချက်ချင်းမိုးပေါ်ပျံတက်သွားပြီး သူတို့နောက်ကျော ပြန်ရောက်သွားတယ်။ စစ်သားတွေက အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်တိုက်မိပြီး လဲပြိုကုန်ကြတယ်။ စစ်တပ်ကို အုပ်ချုပ်တဲ့ စစ်သူကြီးက-
‘‘ဒီလိုလုပ်တာ မတရားဘူး’’ ဆိုပြီး အော်ပြောတယ်။ အဲ့ဒီအခါ ဘုရင်ကြီးက -
‘‘မဟုတ်ဘူး၊ လူတစ်ယောက်ကို ဖမ်းဖို့အတွက် စစ်တပ်တစ်တပ်လုံးကို အသုံးပြုရတာလည်း မကောင်းဘူး။ ဒါကြောင့် စစ်တပ်လည်း အထိအခိုက်မရှိအောင် ဒီလူကိုပဲ ငါ့သမက်တော်လိုက်တော့မယ်’’ဆိုပြီး ပြန်ပြောလိုက်တယ်။
ဘုရင်ကြီးက သဘောတူသွားပြီဖြစ်တဲ့အတွက် မင်းသားလေးဟာ မင်းသမီးလေးကို ခေါ်တင်ပြီးတော့ သူ့နန်းတော်ကို ပြန်သွားတယ်။ မင်းသားလေးရဲ့ ဖခင်ဘုရင်ကြီးကလည်း မင်းသားလေးကို အခုလို မင်းသမီးလေးနဲ့ အတူတကွတွေ့ရတာ ဝမ်းသာတယ်။ ဒီလိုမှော်ဝင်နေတဲ့ မြင်းရုပ်ကို လုပ်ပေးလိုက်တဲ့ မှော်ဆရာကြီးကိုလည်း ရွှေငွေအမြောက်အမြား ဆုချလိုက်တယ်။ အချစ်စစ် အချစ်မှန်ကို ရှာနိုင်ဖို့အတွက် မင်းသားလေးကို အခုလို အကူအညီပေးနိုင်တာ ကျေးဇူးတင်ကြောင်း ပြောတယ်။ နောက်တစ်နေ့မှာပဲ မင်းသားလေးနဲ့ မင်းသမီးလေးကို ခမ်းနားကြီးကျယ်စွာနဲ့ပဲ နှစ်ဖက်မိဘဆွေမျိုးများနဲ့ တိုင်းသူပြည်သားတွေရှေ့မှာ မင်္ဂလာဆောင်ပေးလိုက်တော့တယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)
No comments:
Post a Comment