လယ်တွင်းသားစောချစ်
နွေရာသီကျောင်းပိတ်ရက် တစ်ရက်၏ မနက်ပိုင်းမှာဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး ဦးဖိုးအောင်သည် မကြာမီ ထုတ်ပြန်ရမည့် အတန်းလိုက် အောင်စာရင်းကို စိစစ်နေသည်။
မြေးလေးက သူ၏ သုံးဘီး စက်ဘီးလေးကို အိမ်ထဲမှတွန်း ထုတ်လာသည်။
‘‘မေမေ ညောင်ပင်အောက် သွားကစားမယ်နော်’’ မြေးလေးက သူ့အမေကို ခွင့်တောင်းနေသံ ကြားရသည်။
‘‘ဟင်..သွားချင်မှာပေါ့ ဟိုမှာ ကစားဖော်က စောင့်နေတာကိုး.’’
သမီးဖြစ်သူ၏ စကားကြောင့် အိမ်နောက်ဖက်မှ ညောင်ပင်ကြီးဆီသို့ ဦးဖိုးအောင် လှမ်းကြည့်လိုက်သည်။ ညောင်ပင်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ခြံနီးချင်း မြေးလေးနှင့်ရွယ်တူ မြအေး ထိုင်စောင့်နေသည်ကိုတွေ့ရသည်။
သမီးက ခြံထွက်ငှက်ပျောခိုင်မှ မှည့်နေပြီဖြစ်သော ငှက်ပျောသီးတစ်လုံးကို ဖြုတ်ပေးသည်။
‘‘ရော့... ဒါ သားဖို့ပေးတာနော်..ခဏနေဦး’’သမီးက နောက်တစ်လုံးထပ်ဖြုတ်သည်။
‘‘ဒါက မြအေးစားဖို့ ပေးလိုက်’’
‘‘ဟုတ်ကဲ့’’
မြေးလေးက ငှက်ပျောသီးနှစ်လုံးကို ယူပြီး စက်ဘီးလေးစီး၍ ညောင်ပင်အောက်သို့ သွားသည်။
ဦးဖိုးအောင်၏ ခြံထဲမှ ညောင်ပင်ကြီးမှာ နွေရာသီတွင် အရိပ်အာဝါသ အေးမြလှသည်။ လမ်းဘေးမှာဖြစ်၍ လမ်းပေါ်ကိုလည်း အရိပ်များအုံ့မိုးနေသည်။
ညောင်ပင်မှာ ကလေးများ လာရောက်ကစားကြသည်။ အပူဒဏ်ရှောင်လိုကြသော လူကြီးများလည်း ညောင်ပင်ကြီးအောက်မှာ လာနားကြသည်။ ထို့ကြောင့် ဦးဖိုးအောင်က ညောင်ပင်ကိုပတ်ပြီး ကွပ်ပျစ် ကျယ်ကျယ်လေး ရိုက်ပေးထားရုံမက ရေအိုးစင်ပါ တည်ပေးထားသည်။
မြေးလေးသွားပြီး ခဏအကြာတွင် သမီးအသံကိုကြားရသည်။
‘‘အဖေ... အဖေ့မြေးကတော့ စိတ်ပျက်စရာပဲ’’
‘‘ဘာဖြစ်လို့လဲသမီးရဲ့’’
‘‘သူ့အတွက် ငှက်ပျောသီးတစ်လုံး ပေးလိုက်တယ်။ သူ့ အကြောင်းသိလို့ မြအေးအတွက် တစ်လုံးချန်ပေးလိုက်တယ်၊ သူ့ ငှက်ပျောသီး မစားဘဲနဲ့ ပေးမှာစိုးလို့၊ အဲဒါ မြအေးကို ငှက်ပျောသီးပေးတယ်။ သူမစားဘဲနဲ့ ကိုင်ထားတယ်။ မြအေးစားတာ ကြည့်နေတယ်။ မြအေး ငှက်ပျောသီးကုန်သွားတော့ ဘာတွေပြောကြလဲ မသိ ဘူး။ ပြောနေကြတယ်။ ခဏကြာတော့ သူ့ငှက်ပျောသီးကိုပါ မြအေးကိုပေးလိုက်တယ်။ ဟိုကောင်လေးက လူလည်လေး၊ နှစ်လုံးစလုံး စားတယ်။ သူက ဘာမှမစားရဘူး’’
ခဏကြာတော့ သမီးအသံကို ဦးဖိုးအောင် ကြားရပြန်တယ်။
‘‘အဖေ့မြေးကတော့ စိတ်ညစ်စရာ သိပ်ကောင်းတာပဲ။ တစ်ချိန်လုံး ဟိုကောင်လေးကို စက်ဘီးပေါ်တင်ပြီး လှည့်ပတ်တွန်းနေတာ ညောင်ပင်သုံးပတ်ရှိနေပြီ။ ဟိုကောင်လေးက တစ်ခါမှလည်း မတွန်းဘူး။ စက်ဘီးပေါ်ထိုင်လို့ သဘောကျနေလိုက်တာ။ သူကဖြင့် တွန်းရတာမောနေပြီ’’
ဦးဖိုးအောင် ညောင်ပင်ဆီသို့ ကြည့်လိုက်လေသည်။ မြအေးကို စက်ဘီးပေါ်တင်ပြီး တွန်းနေသော မြေးလေးကိုတွေ့ရသည်။ စက်ဘီးစီးရသော မြအေးပျော်သလို တွန်းပေးသော မြေးလေးကလည်း ပျော်နေသည်။
‘‘သားရေ.. လာဦး.. စက်ဘီး ယူခဲ့’’သူ့အမေခေါ်သံက မာကျောသည်။ မြအေးစက်ဘီးပေါ်မှ မြန်မြန် ဆင်းသည်။ မြေးလေး စက်ဘီးစီးပြီး ပြန်လာသည်။
‘‘သား...လာစမ်း’’
မြေးလေး စက်ဘီးပေါ်မှ ဆင်း ပြီး သူ့အမေဆီသို့ သွားသည်။
‘‘မေမေ ငှက်ပျောသီးနှစ်လုံး ပေးလိုက်တာ တစ်လုံးက သားစားဖို့လို့ မေမေ သေသေချာချာ ပြောတယ်မဟုတ်လား’’ မြေးလေးက ခေါင်းညိတ်ပြသည်။
‘‘ဘာဖြစ်လို့ နှစ်လုံးစလုံး မြအေးကို ပေးရတာလဲ။ မြအေးက သိပ်လည်တာပဲ နှစ်လုံးစလုံးကို သူချည်းပဲစားပစ်တယ်။ သားက သိပ်အတာပဲ။ ဘာဖြစ်လို့ သားငှက်ပျောသီးကို ပေးရတာလဲ’’ သမီးက မကျေမနပ်မေးနေသည်။ မြေးလေး ဘာဖြေမည်ကို သိချင်၍ ဦးဖိုးအောင် လှမ်းကြည့်လိုက်သည်။
‘‘သားက မနက်စာ ထမင်းစားပြီးပြီ။ မြအေး ခုထိ ဘာမှမစားရသေးဘူး မေမေ။ သူ့အမေက ထန်းတောရွာသွားပြီး စျေးရောင်းနေတယ်။ သူ့အမေပြန်လာမှ စားရမှာတဲ့။ သူသိပ်ဆာနေတာ သနားလို့ ကျွေးလိုက်တာပါ မေမေ’’
ဦးဖိုးအောင် မြေးလေးကို လှမ်းကြည့်ရင်း မသိမသာ ခေါင်းညိတ်မိသည်။
‘‘ဟင် ... စက်ဘီးစီးတော့လည်း သားကချည်း သူ့ကိုတွန်းပေးနေရတာ။ သူက တစ်ခါမှလည်း ပြန်မတွန်းပေးဘူး။ သားက တစ်ခါမှလည်း မစီးရဘူး။ မြအေးက သိပ်လည်တာပဲ။ သားက စက်ဘီးလည်း စိုက်ရသေး တယ်။ သူ့ကိုလည်း တင်တွန်းရသေးတယ်။ သိပ်အတာပဲ။ ဘာလို့ တစ်လှည့်စီမစီးရတာလဲ’’
မြေးလေးဖြေမည့် စကားကို ဦးဖိုးအောင် နားစွင့်နေရပြန်လေသည်။
‘‘သားက တွန်းပေးစရာမှ မလိုဘဲ ကိုယ့်ဘာသာ စီးတတ်တာပဲ မေမေ။ သူက မစီးတတ်လို့ တွန်းပေးရတာ..’’
‘‘ဒါဆို တစ်လှည့်စီ စီးပေါ့။ သူက စက်ဘီးပေါ်က မဆင်းတော့ဘူး’’
‘‘သူက သားကိုတွန်းပေးမယ် ပြောပါတယ် မေမေ။ သားက တစ်နေ့လုံး စီးလို့ရတာပဲ။ သူက စက်ဘီးမရှိတော့ သားနဲ့တွေ့တုန်း စီးရတာ’’
မြေးလေးမှာ သူ့အဖြေနဲ့အတူ ရှိနေပါပြီ။ ထိုအဖြေများတွင် သူ့ သဘောထားလည်း ပါပြီးဖြစ်နေပါပြီ။
‘‘အဖေ့မြေးကို ပြောပါဦး ဘီးတွန်းရတာနဲ့ မောနေပြီ’’
သမီးက ဖခင်ဖြစ်သူကို အကူအညီတောင်းနေသည်။ သမီးနှင့် မြေးကိုကြည့်ပြီး ဦးဖိုးအောင် ပြုံးလိုက်သည်။
‘‘ငါ့မြေးက သနားတတ်တယ်။ အနစ်နာခံစိတ်ရှိတယ်။ သူများကို ကူညီချင်တယ်။ ငါ့သမီးက စိတ်ကောင်းရှိတဲ့ သားလေးကိုရထားတာ။ ဝမ်းသာဖို့ ကောင်းတာပေါ့။ ငါ့မြေးတစ်သက်တာအတွက် အဖေ စိတ်ချတယ်။ ငါ့မြေးက ပျော်နေတာပါ။ မမောပါဘူး။ ငါ့သမီးကသာ မောနေရမှာ အဖေစိုးရိမ်တယ်’’
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)
No comments:
Post a Comment