June 23, 2020

နွားမများတွင် အဖြစ်များသော နို့အုံရောင်ရောဂါ

ထွန်းလှိုင် (မြိုင်)

        မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ၊ နွားမွေးမြူရေးလုပ်ငန်း၌ နွားမများတွင် အဖြစ်များသောရောဂါမှာ နို့အုံရောင်ရောဂါဖြစ်သည်။ နို့အုံရောင်ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကုလားကုန်းကျေးရွာမှ နွားမွေးမြူရေးခြံပိုင် ဦးစောလှက ဆရာထွန်းလှိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ငြိမ်း)ထံ မေးမြန်းထားရှိမှုများကို အခြားမွေးမြူရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် ဖော်ပြလိုက်ပါသည်။


မေး -    ကျွန်တော့်ခြံက နွားမတွေမှာ နို့အုံရောင်ရောဂါ မကြာခဏဖြစ်နေလို့ မဖြစ်ပွားရအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။

ဖြေ -    နို့အုံရောင်ရောဂါဟာ နွားနို့ထုတ်လုပ်ရေးလုပ်ငန်းမှာ ဆုံးရှုံးမှုအများဆုံးပဲ။ နွားမွေးမြူသူများ အထူးဂရုပြုရမယ့် ရောဂါပဲဗျ။ နို့အုံရောင်ရောဂါဖြစ်ရင် နို့အကြိတ်ရှိ တစ်သျှူးများ ရောင်ရမ်းခြင်း၊ ရောဂါကြောင့် နို့အုံအတွင်းပိုင်း ရုပ်ပိုင်းဆိုင်ရာ ဓာတ်ပြောင်းလဲမှု ဘက်တီးရီးယားပိုးများ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး နို့ထုတ်လုပ်မှုကျဆင်းခြင်းပဲ ဖြစ်တယ်။

မေး -    နွားမတွေ ဘယ်အရွယ်မှာ ပိုဖြစ်ပါသလဲ။

ဖြေ -    အသက်ကြီးတဲ့ နွားမကြီးများ ရောဂါပိုဖြစ်လွယ်ကြတယ်။ နွားမဒန်းတွေမှာ ရောဂါဖြစ်ပွားလေ့ မရှိကြဘူး။ ဘာလို့လဲဆိုရင်တော့ နွားမဒန်းတွေရဲ့ နို့သီးများကို နွားငယ်လေးများ မစို့ရသေးခြင်း၊ နို့အုံ၊ နို့သီးများ ထိခိုက်မှုမရှိသေးခြင်း ၊ ရောဂါပိုးဝင်ရောက်ရာလမ်းကြောင်းကို သဘာဝအလျောက် ပိတ်ထားခြင်းတို့ကြောင့်ပဲ ဖြစ်တယ်။

မေး -    နို့အုံရောင်ရောဂါ ဘာကြောင့်ဖြစ်တာလဲဆရာ။

ဖြေ -    အဓိကအားဖြင့် နို့ညှစ်သူနဲ့ ခြံလုပ်သားရဲ့ ခန္ဓာကိုယ်၊ နို့ညှစ်ရာမှာ အသုံးပြုတဲ့ ပုံး၊ ခွက်၊ နို့ညှစ်စက်၊ ရောဂါပိုးရှိတဲ့နွား လဲလျောင်းရာ နေရာကြမ်းခင်း၊ ယင်ကောင်များ ပေါများခြင်းတို့ကြောင့်ဖြစ်တယ်။ ဆိုလိုတာက ညစ်ပတ်နေတဲ့ လက်နဲ့နို့ညှစ်တယ်၊ နို့ညှစ်ရာမှာ စနစ်မကျတာ၊ နို့တံနို့အုံ ထိခိုက်ဒဏ်ရာရလို့ရှိရင်လည်း ရောဂါဖြစ်စေတယ်။

မေး -    နို့အုံရောင်ရောဂါဖြစ်ရင် ဘယ်လို တွေ့ရမလဲ။ နို့အုံရောင်ရောဂါလက္ခဏာတွေ ပြောပြပါဦး ဆရာ။

ဖြေ -    ဖြစ်စမှာတော့ နို့အုံ၊ နို့တံတွေ မထူးခြားဘူး။ နောက် တဖြည်းဖြည်း နို့အုံတစ်ခုလုံးဖြစ်စေ၊ ရှေ့တစ်ခြမ်းဖြစ်စေ၊ နောက်တစ်ခြမ်းဖြစ်စေ ရောင်လာမယ်၊ နို့တံတွေလည်း ရောင်နေမယ်၊ လက်နဲ့ထိပါက မာနေမယ်၊ နာမယ်၊ ရောင်ရမ်း နီရဲနေမယ်၊ အထဲမှာ ပြည်၊ နို့ခဲတွေ တွေ့ရမယ်၊ နို့ထွက်လျော့သွားမယ်၊ အပူချိန် ပြင်းမယ်၊အစာစားပျက်မယ်၊ နို့ရည်မှာ သွေးစွန်းတဲ့ အရောင်၊ နောက်အဝါရောင် တွေ့ရမယ်။ ဒီအဆင့် ရောက်ရင်တော့ ပြင်းထန်တဲ့ နို့အုံရောင်ရောဂါဖြစ်ပြီး ဒီအဆင့် မရောက်အောင် ဖြစ်စမှာ ဂရုစိုက်ရမယ်။

ဓာတ်ပုံ - #Credit

မေး -    ဖြစ်စမှာ နို့အုံ၊ နို့တံ ပုံမှန်ဖြစ်မယ်၊ နို့ထွက်မလျော့ဘူးဆိုတော့ ကျွန်တော်တို့ မွေးမြူရေးသမားတွေ သိနိုင်မယ့်နည်းများရှိရင် ပြောပြပါလားဆရာ။

ဖြေ -    ရှိတယ် ကိုစောလှ။ အလွယ်ကူဆုံးနည်းကတော့ အနက်ရောင်ကြွေပြားတစ်ချပ်ပေါ်မှာ နို့တံတစ်ခုစီမှ နို့များ ညှစ်ယူပြီး တစ်နေရာစီမှာ နို့တံတစ်ခုစီရဲ့နို့ကို အစက်ချကြည့်ရမယ်။ တစ်ခုနှင့် တစ်ခုနှိုင်းယှဉ်ပြီး သေချာစစ်ဆေးရမယ်။ စစ်ဆေးတဲ့အခါမှာ နို့များ အရောင်ပြောင်းလဲမှု ရှိ မရှိ၊ အရောင်တူညီမှု ရှိ မရှိ၊ အခဲလေးများ ပါဝင်မှု ရှိ/မရှိ စစ်ဆေးကြည့်ရှုပါ။ ရောင်နေတဲ့နို့အုံရှိ နို့သီးတံမှ ရရှိတဲ့နို့သည် အရောင်ပြောင်းလဲပြီး အခဲလေးများ ပါရှိနေတာကို စစ်ဆေးတွေ့ရှိရပါမယ်။

မေး -    ဆရာပြောတဲ့နည်းက မွေးမြူရေးသမားတိုင်း သိနိုင်တယ်ဆရာ။ ဒါ့အပြင် နာတာရှည် နို့အုံရောင်ရောဂါဖြစ်နေရင် ဘယ်အချက်တွေ တွေ့ရမလဲဆရာ။

ဖြေ -    နို့အုံရောင်ခြင်းဟာ နာတာရညှ် အချိန်ကြာမြင့်စွာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နို့အုံရဲ့အသားမျှင်တွေ
ပျက်စီးလာမယ်။ ဖြစ်ပွားသောနို့အုံဟာ ကြီးထွားလာမယ်။ ဒါမှမဟုတ် ရှုံ့တွနေမယ်။ နာကျင်မှုမရှိဘူး ။ နို့ထွက်နှုန်း ကျဆင်းမယ်။ နို့တွေ ပျစ်ခဲလာတတ်တယ်။ စောစောကပြောတဲ့ အနက်ရောင်ကြွေပြားပေါ်မှာ တင်ကြည့်ရင် အခဲလေးတွေ ထင်ရှားတာတွေ့ရမယ်။

မေး -    နို့အုံရောင်တဲ့နွားမကို ဘယ်လိုဂရုစိုက်ရမလဲဆရာ။ 

ဖြေ -    ရောဂါဖြစ်ပွားစမှာ နို့အုံကို တစ်နေ့ လေးကြိမ်မှ ငါးကြိမ် ရေနွေးကြပ်ထုပ် ထိုးပေးရမယ်။ တစ်ကြိမ်ထိုးလျှင် နာရီဝက်မှ တစ်နာရီခန့်အထိ ထိုးပေးရမယ်။ ကြပ်ထုပ်ထိုးပြီးတဲ့နောက် ကာဘော်လစ်အက်ဆစ်အပျော့ရည်ဖြင့် နို့အုံကို သေချာစွာ ဆေးကြောပြီး သန့်ရှင်းသောအဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်ပေးရမယ်။ နို့အုံရောဂါအတွက် ပဋိဇီဝဆေးတောင့်ကို နို့တံထဲ တစ်နေ့ တစ်ကြိမ် လေး၊ ငါးရက် ဆက်တိုက် ထည့်ပေးရမယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးကုခံတာ အကောင်းဆုံးပဲ နာတာရှည်နို့အုံရောင်တာကတော့ နွားမကို ရောင်းပစ်တာ အကောင်းဆုံးပဲ ကိုစောလှ။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)

No comments:

Popular Posts