အောင်သိန်းဝင်း (ပွင့်ဖြူ)
ပွင့်ဖြူမြို့နယ်တွင် ထင်းအငှားလိုက်ပေါက်စားသူ‘ဦးတင်’ဆိုသည့် လူတစ်ယောက်ရှိသည်။ တစ်နေ့ မြို့မစျေးတောင်ဘက်ရှိ ‘မိတ်ဆွေ’လက်ဖက်ရည်ဆိုင်တွင် ထင်းပေါက်နေခိုက်ဖြစ်သည်။
ဆိုင်ထဲ စားပွဲလွတ်တစ်လုံးတွင် ရှေ့နေ၊ ဆရာဝန်၊ ကျောင်းဆရာ သုံးဦးသားထိုင်၍ လက်ဖက်ရည်မှာသောက် စကားလက်ဆုံကျနေသည်။ ထိုဝိုင်းတွင် ရှေ့နေကစ၍ -
ရှေ့နေ - ‘‘ကျုပ်က ကျုပ်မြင်သမျှလူကို ကျုပ်အမှုသည်ချည်းမှတ်နေတာဗျ’’
ဆရာဝန် - ‘‘ဟုတ်မယ် ဟုတ်မယ်၊ ကျုပ်လည်း မြင်မြင်သမျှလူကို ကျုပ်လူနာချည်း ထင်နေတာ’’
ကျောင်းဆရာ - ‘‘ဟုတ်ပဗျာ၊ ကျုပ်ကတော့ တွေ့ရာလူကို ကျုပ်တပည့်ချည်း ထင်နေတာပဲဗျို့’’
ထိုသို့ ပြောနေခိုက် သူတို့စကားဝိုင်းအနီးသို့ ဦးတင်က ပုဆိန်ကြီးကိုင် ရောက်လာပြီး -
ဦးတင် - ‘‘ကျုပ်ကလည်း မြင်သမျှလူကို ထင်းလို့ပဲ မြင်တယ်။ တစ်ခါတည်း ပေါက်ခွဲပြီး မီးဆိုက်ဖို့ပဲ သိတယ်’’
ထိုအပြောကြောင့် ရှေ့နေ၊ ဆရာဝန်၊ ကျောင်းဆရာ သုံးဦးတို့ လက်ဖက်ရည်ဆိုင်ထဲက ခပ်သုတ်သုတ်
ထွက်သွားပုံကြည့်ပြီး ဘေးစားပွဲကလူများ ပြုံးစိစိနှင့် ကျန်ခဲ့သတည်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၇)
No comments:
Post a Comment