June 30, 2020

ပန်းပွင့်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသောအပင်များ (၂)

ဒေါက်တာစိန်လှဗိုလ်

ယခင်အပတ်မှအဆက်

လက်ပံပွင့်

လက်ပံပွင့်ကိုတော့ သီချင်းပင် စပ်ဆိုခဲ့တာရှိတဲ့အတွက် အားလုံးသိကြပြီးဖြစ်ပါတယ်။ သစ်တော်ပင်ဖြစ်ပါတယ်။ ရာသီချိန်မှာ အပင်ပေါ်မှ ကြွေကျလာတဲ့ ပန်းပွင့်များကို ကောက်ယူစုဆောင်းကာ ပွင့်ဖတ်များကို ခြွေပေးပြီးနောက် အဖိုဝတ်ဆံတိုင်များနဲ့ ပွင့်ချပ်တို့ကို အခြောက်ထားပြီး စားသုံးမှုများပါတယ်။ အမအိမ်ကိုလည်း စားသုံးကြပါတယ်။ အဖိုဝတ်မှုန်များကိုတော့ ခြွေပစ်လေ့ရှိပါတယ်။ အခြောက်ကို အသားများနှင့် ချက်ပြုတ် စားသောက်ကြသကဲ့သို့ ချဉ်ရည်ချက်လည်း စားကြပါတယ်။ (လဲမှို့ပင်မျိုးမှာမူ လက်ပံပင်ကြီးမျိုးကဲ့သို့ ပန်းပွင့်များ မကြီးကြဘဲ အခိုင်လိုက် ပွင့်ကြပြီး စားသုံးမှုမရှိကြကြောင်း တွေ့ရပါတယ်။)


ဓာတ်ပုံ - အင်တာနက်


သမုန်းပွင့်

အညာဒေသမှာသာ ပေါက်ရောက်မှုများတဲ့ လူသိနည်းတဲ့ အညာဒေသ အစားအစာဖြစ်ပါတယ်။ ပန်းဖူးများကို စုယူကာ ပြုတ်ပြီး အသုပ်ပြုလုပ် စားသုံးမှုများတဲ့၊ ဒေသနေပြည်သူများ ကြိုက်နှစ်သက်တဲ့ ရာသီစာပန်းပွင့်တစ်မျိုး ဖြစ်ပါတယ်။ နွေဦးရာသီမှာ ပန်းပွင့်များ ရရှိလေ့ရှိပါတယ်။

ဓာတ်ပုံ - အင်တာနက်


တရုတ်စကားပွင့်

တရုတ်စကားပင်များကိုတော့ အားလုံးသိနေကြပြီးဖြစ်မှာပါ။ ပန်းပွင့်အရောင်မျိုးစုံတွေ့နိုင်ပါတယ်။ အပွင့်အဖြူရောင်မျိုးကိုတော့ အကြော်ပင်ဆိုပြီးခေါ်ကြောင်း သိရပါတယ်။ အကြော်ပွင့်များကိုတော့ အပွင့်ခြောက်ပြုလုပ်ကာ ဆေးဘက်ဝင်အဖြစ် ပြည်ပသို့ပင် တင်ပို့နေကြောင်း သိရပါတယ်။ အကြော်ပင်နဲ့ ကျန်တဲ့ တရုတ် စကားပင်မျိုးများကို အရွက်ပုံကြည့်ပြီးလည်း ခွဲခြားသိနိုင်ပါတယ်။ တရုတ်စကားပင်မှ ပန်းပွင့်များ မပွင့်လာမီ အဖူးအဆင့်တွင် ခူးယူပြီး ရေနွေးဖျောကာ အသုပ်ပြုလုပ်စားသုံးကြပါတယ်။ လူသိနည်းနေသေးတဲ့အစားအစာ ဖြစ်နေပါသေးတယ်။

ဓာတ်ပုံ - အင်တာနက်


ပိုက်ဆံလျှော်ပွင့်

သစ်စိမ်း မြေသြဇာအဖြစ် အသုံးပြုရန် အကောင်းဆုံး ပဲမျိုးရင်းဝင် အပင်အဖြစ် ထင်ရှားတဲ့ အပင်ဖြစ်ပါတယ်။ ပန်းပွင့်များကို ချက်ပြုတ်စားသုံးနိုင်တဲ့အတွက် သစ်စိမ်းမြေသြဇာအဖြစ်သာမက ဟင်းသီးဟင်းရွက်ပင်အဖြစ်ပါ စိုက်ပျိုးကြကြောင်းနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စားသုံးမှုများ ကြောင်း သိရပါတယ်။

ဓာတ်ပုံ - အင်တာနက်


သင်္ဘောအဖိုပွင့်

သင်္ဘောပင်ဟာ အသီးကို စားသုံးရန် စိုက်ပျိုးတဲ့သစ်သီးပင် ဖြစ်ပါတယ်။ အသီးမှည့်သာမက အသီးစိမ်းများကိုလည်း အသုပ်ပြုလုပ်စားသုံးကြသကဲ့သို့ အရွက်များကိုလည်း စားသုံးကြပါတယ်။ သင်္ဘောပင်မှာ အဖိုပင်၊ အမပင်နဲ့ လိင်စုံပင်ဆိုပြီး အဓိကလိင်ဖြစ်ပေါ်မှုအရ အပင်များ ကွဲပြားနေေကို တွေ့ရပါတယ်၊ အသီးအတွက် စိုက်ပျိုးကြရာမှာ အမပင်များကိုသာ လိုချင်ကြတာဖြစ်သော်လည်း အသီးတင်နှုန်းကောင်းစေရန်နဲ့ ဝတ်မှုန်ကူးနိုင်စေရန်အတွက်လည်း အဖိုပင်များ ထိုက်သင့်တဲ့ အရေအတွက်ထားရှိ စိုက်ပျိုးရန် လိုအပ်တယ်လို့ ယူဆမှုများလည်း ရှိပါတယ်။ အဖိုပင်မှ အပွင့်များကိုလည်းပြုတ်ပြီး အသုပ်ပြုလုပ် စားသုံးနိုင်ပါတယ်။

ဓာတ်ပုံ - အင်တာနက်

ငှက်ပျောဖူး

ငှက်ပျောသီးအတွက် စိုက်ပျိုးထားတဲ့ ငှက်ပျောပင်မှ အသီးခိုင်များထွက်လာပြီး၊ အသီး(အဖီး)များထွက်(ကျ)လာပြီးနောက်၊ အသီးဖြစ်မလာတော့တဲ့ အဖျားဆုံးမှာရှိတဲ့ ငှက်ပျောဖူးများကို ခုတ်ဖြတ်ပေးကြရပါတယ်။ အဲဒီ ငှက်ပျောဖူးမှာပါတဲ့ အဖီးငယ်များဟာ အဖိုပွင့်များသာဖြစ်တဲ့အတွက် အသီးဖြစ်မလာကြခြင်း ဖြစ်ပါတယ်။ ငှက်ပျောဖူးကို ပြုတ်ပြီး အသုပ်ပြုလုပ်စားသုံးကြသကဲ့သို့ ငှက်ပျောဖူးချဉ်ဟာလည်း ထင်ရှားလူကြိုက်များတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ - အင်တာနက်

သရက်ဖူး
သရက်ပင်ရဲ့ အပင်ကြီးထွားမှု ပမာဏထက် ပန်းခိုင်ထွက်မှုများပြားနေသော် အထူးသဖြင့် အပင်သက်တမ်းနုနယ်စဉ် သုံးနှစ်သားအတွင်း ပန်းခိုင်ထွက်လာသော် အပင်ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်စေရန်အတွက်၊ ပန်းခိုင်မှ ပန်းများ မပွင့်လာမီ အဖူးငယ်အဆင့်ပန်းခိုင် ဖူးများကို ခြွေပေးရန် လိုအပ်ပါတယ်။ ခြွေပေးလိုက်တဲ့ ပန်းခိုင်ဖူးနုများကို အသားများနဲ့ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ချဉ်ဖန်အရသာရှိတဲ့ ထူးကဲတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ အစားအစာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အင်တာနက်

မန်ကျည်းဖူး

မန်ကျည်းပင်မှ အရွက်နုများ၊ အသီးနုများကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြတာကို အားလုံး သိရှိနေကြမှာပါ။ အသီးမမှည့်မီထိ မန်ကျည်းသီးကို ဟင်းချက်ရာတွင် အသုံးပြုကြသကဲ့သို့ မန်ကျည်းချဉ်သီးမှည့် (မန်ကျည်းမှည့်)များကိုလည်း ဟင်းချက်ရာမှာ အသုံးပြုကြပါတယ်။ (မန်ကျည်းချိုမျိုးကိုတော့ အချိုတည်းကြပါတယ်)။ မန်ကျည်းရွက်ကို အချဉ်တည်ပြီး စားသုံးကြသကဲ့သို့ ပန်းခိုင်မှ ပန်းများမပွင့်မီ၊ ပန်းဖူးများအဆင့်ကို ခူးဆွတ်ကာ၊ အချဉ်တည်ထားပြီး စားသုံးကြပါသေးတယ်။ အများအားဖြင့် လက်ဖက်စိုနဲ့ ရောနှော စားသုံးမှုများတာကို တွေ့ရပါတယ်။

ဓာတ်ပုံ - အင်တာနက်


ချဉ်ပေါင်ဖူး
ချဉ်ပေါင်ရွက်ကိုတော့ စားသုံးသူများသိကြပြီး ဖြစ်ပါတယ်။ မျိုးစေ့ခံယူရန်အတွက် စိုက်ခင်းမှာ ဆက်လက်ထားတဲ့ အပင်များမှ ပန်းပွင့်ပြီး အသီးသီးလာတဲ့အခါ၊ ချဉ်ပေါင်ပင်ရဲ့ အသီးမှာရှိနေတဲ့ ပွင့်ချပ်များကို ခွာယူကာ စားသုံးကြပါတယ်။ ချဉ်ရည်ဟင်းအဖြစ် စားသုံးကြသကဲ့သို့ ချဉ်ပေါင်ယိုပြုလုပ် စားသုံးကြတာကိုလည်း တွေ့ရပါတယ်။ ပန်းပွင့်အဆင့် မဟုတ်သော်လည်း ပန်းပွင့်ရဲ့ကျန်ရှိနေတဲ့ အစိတ်အပိုင်းကို စားသုံး တာဖြစ်ပါတယ်။

ဓာတ်ပုံ - အင်တာနက်

အရွက်နုများနဲ့အတူ ပန်းပွင့်ဖူးများကိုပါ စားသုံးကြတဲ့ အပင်များ

အပင်များမှ ထွက်လာကာစ အရွက်နုများကိုသာ အဓိကစားသုံး ရန် ခူးဆွတ်ကြသော်လည်း၊ အရွက်နုများနဲ့အတူ ပန်းခိုင်ဖူးများလည်း ထွက်လာကြတဲ့အတွက် ပန်းခိုင်ဖူးအနုများကိုပါ အတူခူးဆွတ်ကာ စားသုံးကြတဲ့ အပင်များကိုလည်း တွေ့ရပါတယ်။ အဲဒီအပင်များအနက် လူသိများတဲ့ အပင်များကတော့ ဥသျှစ်ပင်၊ သနပ်ပင်နဲ့ ခွေးတောက်နွယ်ပင်တို့ ဖြစ်ကြပါတယ်။

ဓာတ်ပုံ - အင်တာနက်

ဓာတ်ပုံ - အင်တာနက်

        အခြားပန်းခိုင်ဖူးများကို စားသုံးနိုင်တဲ့အပင်များ ဂျင်းမျိုးရင်းဝင် အပင်များမှထွက်လာတဲ့ ပန်းခိုင်များကို လည်း ခူးဆွတ်ကာ အတို့အမြှုပ်အဖြစ် စားသုံးနေကြတာကိုလည်း တွေ့ရပါတယ်။ မာလာဖူးနဲ့ နနွင်းဖူးတို့ဟာ စားသုံးမှုများတာကို တွေ့ရပါတယ်။ ပဒတ်စာပွင့်ကိုတော့  အရည်သောက်ဟင်းများမှာ အနံ့ကောင်းမွန်စေရန် ထည့်သွင်းစားသုံးကြတာကို တွေ့ရပါတယ်။ အခြားသော ပန်းပွင့်ကိုစားသုံးကြတဲ့ အပင်များမှာ ဂန္ဓမာပန်းအုပ်စုတွင် ပန်းပွင့်ကိုစားသုံးရတဲ့ အပွင့်စားဂန္ဓမာမျိုးဆိုတာကိုလည်း တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ လူကြိုက်များပါတယ်။ (အရွက်စားဂန္ဓမာကိုတော့ မြန်မာနိုင်ငံမှာ တောင်အော် သို့မဟုတ် ဖတ်ချီဖိုးအမည်နဲ့ သိရှိကြပြီး အတို့အမြှုပ်၊ ချဉ်ရည်နဲ့ ဟော့ပေါ့ စသည်တို့မှာအသုံးများပါတယ်။)

ဓာတ်ပုံ - အင်တာနက်

ဖော်ပြခဲ့တဲ့ အပင်များကတော့ ပန်းခိုင်နုများ၊ ပန်းဖူးနုများ၊ ပန်းပွင့်များ သို့မဟုတ် ပန်းပွင့်ရဲ့အစိတ်အပိုင်းတစ်ခုခုကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြတဲ့ စာရေးသူလေ့လာသိရှိထားပြီး၊ ကိုယ်တိုင်စားသုံးဖူးတဲ့ အပင်မျိုးများဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသအလိုက် ပန်းပွင့်ကို စားသုံးကြတဲ့  အပင်မျိုးများ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ 

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၈)





No comments:

Popular Posts