February 3, 2018

သရက်သီး၏ သွေဖည်သော အရည်အသွေးလက္ခဏာများအား ထိန်းသိမ်းကွပ်ကဲခြင်း

မြန်မာ့သရက်သည် ပြည်တွင်းစားသုံးမှုရော၊ ပြည်ပတင်ပို့မှုပါ အရေးပါလာသော သီးနှံဖြစ်သည်။ ပြည်တွင်းမှာပဲစားစား၊ ပြည်ပသို့တင်ပို့ပို့၊ အရည်အသွေးကောင်းမှ သာ မျက်နှာပန်းလှ ဈေးကောင်းရပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သည်။ သရက်အရည်အသွေးကောင်းစေရန် သရက်စတင်ပွင့်သည်မှ ဆွတ်ခူး၊ သိုလှောင်၊ ထုပ်ပိုးအဆင့်တိုင်းတွင် ဂရုပြုစောင့်ရှောက်ရန် လိုအပ်သည်။
တစ်ခါတစ်ရံတွင် အဆိုပါ အဆင့် တိုင်းတွင် မည်သို့ပင် ဂရုတစိုက်ထိန်းသိမ်း စေကာမူ သရက်ပင်၏ သဘာဝအရ အရည်အသွေးလက္ခဏာများ ဖောက်ပြန် သွေဖည်တတ်သဖြင့် အရည်အသွေးကို ထိခိုက်စေရသည့် အဖြစ်အပျက်ကိုလည်း သတိမူသင့်သည်။ ဤသို့သရက်၏ အရည် အသွေးလက္ခဏာများ ဖောက်ပြန်သွေ ဖည်ခြင်းများကို ကြိုတင်ကာကွယ်ထိန်း ကွပ်နိုင်မှသာ ရေရှည်တည်တံ့သော အရည် အသွေးကောင်း သရက်သီးများကို ရရှိနိုင် မည်ဖြစ်သည်။


သရက်၏ပြင်ပလက္ခဏာများ ဖောက် ပြန်သွေဖည်ခြင်းဖြစ်စဉ်တွင် -
(၁) အစေးလောင်ခြင်း၊
(၂) အသီးခွံပေါ်ရှိ လေရှူပေါက်များတွင် 
အနက်စက်များဖြစ်ပေါ်ခြင်း၊
(၃) နေလောင်ခြင်း၊
(၄) ရေနွေးပူလောင်ခြင်း၊
(၅) မူမမှန်ရင့်မှည့်ခြင်းတို့ ဖြစ်သည်။
သရက်အစေးလောင်ခြင်း ဖြစ်စဉ် တွင် အစေးထွက်ခြင်း နှစ်မျိုးဖြစ်ပေါ် သည်။ အစေးအမျိုးအစားမှာ အသီး ဆွတ်ခူးပြီးလျှင်ပြီးခြင်း ငါးမိနစ်အတွင်း ထွက်လာသော အစေးအမျိုးအစားဖြစ် သည်။ ဒုတိယအစေးအမျိုးအစားမှာ အသီးဆွတ်ခူးပြီး နောက်တစ်နာရီခန့် အကြာတွင် အသီးအညှာထဲမှ စိမ့်ထွက် လာသော အစေးအမျိုးအစားဖြစ်သည်။ အဆိုပါ သရက်အစေးနှစ်မျိုးအနက် ပထမအမျိုးအစား အစေးသည် သရက် သီးကို အစေးလောင်စေနိုင်သည်။ အစေး လောင်သည့် လက္ခဏာကို အသီး၏ အညှာရင်းတွင်လည်းကောင်း၊ အစေးများ စီးသွားသော သရက်သီးပေါ်ရှိ အစေး ကြောင်းတွင်လည်းကောင်း၊ အနက်ရောင် အစက်အပျောက်များအဖြစ် တွေ့ရှိရ သည်။ အစေးလောင်မှုလက္ခဏာကို အစေးထွက်ပြီး ၂၄ နာရီကြာမှ တွေ့မြင် နိုင်သည်။
သရက်သီး၏ အစေးထွက်မှုသည် အသီးရင့်မှည့်မှုနှင့် အသီးဆွတ်ခူးချိန် အလိုက် တူညီမှုမရှိကြောင်း တွေ့ရသည်။ အသီးရင့်မှည့်မှုမရှိပါက အစေးထွက်များ စေသည်။ နံနက်စောစောအချိန် ခူးလျှင် လည်း အစေးထွက်များစေသည်။ သို့ပါ၍ သရက်သီးအစေးလောင်မှုကို သရက်ခူး ပြီးစအချိန် ဂရုပြုကိုင်တွယ်ခြင်း၊ မရင့် မှည့်သော အသီးကိုရှောင်၍ ကောင်းစွာ ရင့်မှည့်သော အသီးကိုခူးခြင်း၊ နံနက် စောစော ဆွတ်ခူးမှုမပြုလုပ်ဘဲ နေ့လည် အချိန်ဆွတ်ခူးခြင်းများဖြင့် ဖောက်ပြန် သွေဖည်မှုလက္ခဏာများကို ထိန်းကွပ် နိုင်သည်။
အသီးခွံပေါ်ရှိ လေရှူပေါက်များတွင် အနက်စက်များ ဖြစ်ပေါ်ခြင်းဖြစ်စဉ်တွင် အသီးမဆွတ်ခူးမီကာလတွင် မိုးစွေ၍ ကြာရှည်စွာရွာနေခြင်း၊ ရေဆေးသန့်စင်ရာ တွင် ၁၅ မိနစ်ထက် ပိုကြာသွားခြင်း၊ ဆွတ်ခူးပြီး ၅၅ ဒီဂရီစင်တီဂရိတ် ရေနွေး တွင်လည်းကောင်း၊ မှိုသတ်ဆေးပါဝင် သည့် အသီးသန့်စင်ရေတွင်လည်းကောင်း၊ ငါးမိနစ်ထက်ကျော်၍ စိမ်မိခြင်း၊ အစွန်း ချွတ်ဆေးထည့်ထားသောရေတွင် စိမ်မိ ခြင်းများကြောင့် ဖြစ်ပေါ်ရသည်။ ဤသို့ အနက်စက်ဖြစ်ပေါ်သွေဖည်ခြင်းသည် ချက်ချင်းဖြစ်ပေါ်ခြင်းမဟုတ်ဘဲ သိုလှောင် ထားစဉ်နှင့် ဈေးကွက်ရောက်မှသာ ဖြစ် ပေါ်လေ့ရှိသည်။ အနက်စက်များဖြစ်ပေါ် ပြီးပါက နောက်ဆက်တွဲ ဖော့သားလွှာ ကဲ့သို့ ဖြစ်ပေါ်၍ သရက်သီးဖုဖောင်းလာ သည်။ ဤသို့သော ဖောက်ပြန်သွေဖည် သော လက္ခဏာများ မဖြစ်ပေါ်အောင် အထက်ဖော်ပြပါ သွေဖည်ခြင်းဖြစ်ပေါ်စေ သည့် အကြောင်းတရားများကို ဂရု တစိုက်ပြုစု ကိုင်တွယ်ဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်း ကွပ်ကဲနိုင်မည် ဖြစ်ပါသည်။
သရက်သီးနေလောင်ခြင်း ဖြစ်စဉ်တွင် အသီးအခွံအရောင်သည် အဝါမှ ညိုမဲ ရောင်သို့ပြောင်းပြီး သားရေကဲ့သို့ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ အကိုင်း၊ အခက် ကာကွယ်မှုမရရှိဘဲ နေရောင်နှင့်မပြတ် ထိ တွေ့နေရသော သရက်သီးများသည် အပူ ဒဏ်ခံရသဖြင့် အများဆုံးဖြစ်ရသည်။ တစ်ဖန် ဆွတ်ခူးပြီး သရက်သီးများကို အဖုံးအကာအကွယ်မရှိဘဲ နေရောင် အောက်တွင် ကြာရှည်စွာထားလျှင်လည်း နေလောင်တတ်ပါသည်။ သရက်သီး နေလောင်စေနိုင်သော အကြောင်းတရား များကို ကြိုတင်စီမံ၍ ထိန်းသိမ်းကွပ်ကဲ နိုင်မည်ဖြစ်သည်။
ရေနွေးပူလောင်ခြင်း ဖြစ်စဉ်တွင် အသီးခွံသည် အညိုရောင်သို့ပြောင်းပြီး အခွံပျော့လာကာ ရင့်မှည့်လာခြင်း မရှိ တော့ပေ။ ဤသို့သွေဖည်မှုဖြစ်ရခြင်းမှာ မှိုသတ်ဆေး၊ အစွန်းချွတ်ဆေးဖျော်စပ် ထားသော ရေနွေးထဲတွင် နှံ့စပ်စွာမမွှေဘဲ သတ်မှတ်ချိန် ငါးမိနစ်ထက်စော၍ စိမ်မိ ခြင်း၊ ရေနွေးစိမ်ထားသော သရက်သီး များကို တစ်လုံးစီ စီမထားဘဲ စုပုံထား ခြင်းများကြောင့် ဖြစ်ရခြင်း ဖြစ်သည်။
သရက်သီးပူမမှန်ရင့်မှည့်ခြင်း ဖြစ် စဉ်တွင် သရက်သီးအခွံအရောင်သည် အမှည့်ရောင်ဖြစ်ပေါ်နေသော်လည်း အသီး သည် ချဉ်သောအရသာနှင့် ချဉ်သောအနံ့ ဖြစ်ပေါ်နေခြင်း၊ အတွင်းသားဖြူရော်ရော် အရောင်ဖြစ်ပေါ်နေခြင်းတို့ ဖြစ်သည်။ ဤ သို့ လက္ခဏာများ ဖောက်ပြန်သွေဖည် ခြင်းဖြစ်ပေါ်ရခြင်းမှာ သိုလှောင်အခန်း တွင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၂ ရာခိုင်နှုန်း ထက်မြင့်နေပြီး အောက်ဆီဂျင် ၄ ရာခိုင်နှုန်းထက်လျော့နေခြင်း၊ သို လှောင်ခန်းတွင် အပူချိန် ၁၃ ဒီဂရီစင်တီ ဂရိတ်၌ နှစ်ပတ်မှ သုံးပတ်ကြာထားသဖြင့် လေရှူနှုန်းမြင့်လာခြင်း၊ အသီးများကို ဖယောင်းလွှာ လွန်ကဲစွာ အုပ်ပေးမိခြင်း တို့ကြောင့် ဖြစ်ရသည်။
သရက်၏ အတွင်းသားလက္ခဏာများ ဖောက်ပြန်သွေဖည်ခြင်းဖြစ်စဉ်တွင် -
(၁) အသီးညှာနှင့် အတွင်းသားအကြား တွင် အခေါင်းပေါက် ဖြစ်ပေါ်ခြင်း၊
(၂) အစေ့ဝန်းကျင်ရှိ အသားများ ပျော့နေခြင်း၊
(၃) ထိခိုက်ဒဏ်ရာရရှိခြင်း၊
(၄) သိုလှောင်ခြင်းတို့ကြောင့် ဖြစ်ပေါ် ရသည်။
အသီးညှာနှင့်အတွင်းသား ကြား တွင် အခေါင်းပေါက်ဖြစ်ပေါ်ခြင်း ဖြစ် စဉ်တွင် အခေါင်း၏ဘေးတွင် မီးခိုးရောင် ဖြစ်ပေါ်နေသည့် ရင့်မှည့်သောအသီးတွင် အသားပျော့ပြီး အခေါင်းပေါက်အောက် ဘက်နားဆီသို့ အက်ကွဲကြောင်းများ ဆက် လက်ဖြစ်ပေါ်လာသည်။ အက်ကွဲကြောင်း များဘေးတွင် အဖြူရောင်အသားစများ တွေ့ရသည်။ ယင်းသို့ဖြစ်ပေါ်ရခြင်းမှာ အသီးဆွတ်ခူးခါနီးအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် အပင်ပေါ်တွင် အသီးများနောက်ဆွဲ၍ ရေပေးသွင်းရာတွင် သွင်းရေများလွန်းခြင်းတို့ကြောင့် ဖြစ်သည်။ ဤသို့သော လက္ခဏာများ သွေဖည်ချိန် တွင် အသီးများ မဆွတ်ခူးမီနှင့် ဆွတ်ခူး ချိန်များတွင် အလိုအလျောက် ကြွေကျ လေ့ရှိသည်။
အစေ့ဝန်းကျင်ရှိ အသားများ ပျော့ နေခြင်း ဖြစ်စဉ်တွင် အစေ့၏ပတ်ဝန်း ကျင်ရှိ အသားများ ဂျယ်လီကဲ့သို့ ပျော့နေ ပြီး တစ်ခါတစ်ရံ အသားအားလုံး ပျော့ သွားတတ်သည်။ အနံ့ဆိုးများ ထွက်လာ တတ်သည်။
ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်စဉ်တွင် အတွင်းသားများ ပုံမှန်မရှိဘဲ အက်ကွဲ၊ ကြေမွ၊ ပျော့သွားခြင်းဖြစ်သည်။ အသီး ဆွတ်ခူးချိန်၊ အတန်းအစားရွေးချယ်ချိန်၊ သယ်ယူထုပ်ပိုးချိန်တို့တွင် အသီးစိမ်းများ တစ်ပေအမြင့်မှပြုတ်ကျခြင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ဂရုပြုကိုင်တွယ် ထိန်းသိမ်းရန် လိုအပ်ပါသည်။
သိုလှောင်ခြင်း ဖြစ်စဉ်တွင် အပူပိုင်း ဒေသတွင် ပုံမှန်အပူချိန်တွင် ကြာရှည် ထားရန် ခက်ခဲပါသည်။ ဆွတ်ခူးပြီး နှစ်ပတ်ထက်ပို၍ အထားမခံပါ။ သုတေ သနစမ်းသပ်ချက်အရ ရင့်ပြီးမှည့်နေသော သရက်သီးကို အပူချိန် ၁၀ ဒီဂရီစင်တီ ဂရိတ်တွင် သုံးပတ်ကြာထားသိုနိုင်ပြီး ရင့်ပြီးမမှည့်သော သရက်သီးကို ၎င်းအပူ ချိန်တွင် ငါးပတ်ကြာထားနိုင်ကြောင်း တွေ့ရသည်။ အချို့သော သရက်သီးများ သည် ရင့်မှည့်ပါက ရေခဲမှတ်အပူချိန်တွင် သုံးပတ်မှ ငါးပတ်ထိ သိုလှောင်နိုင်သည်။ ဈေးကွက်သို့ မတင်ပို့မီ ဘီနိုမိုင်ဆေး (၁ ဒသမ ၅ ဂရမ်ကို ၅၀ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိသော ရေနွေးတစ်လီတာတွင် ဖျော်စပ်ပြီး သရက်သီးများကို ငါးမိနစ်စိမ် ပါ။ ရေမှဆယ်၍ ချက်ချင်း အခြောက် ခံကာ ထုပ်ပိုးပြီး အခန်းအပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်မှ ၁၂ ဒီဂရီစင်တီဂရိတ် တွင် နှစ်ပတ်မှ သုံးပတ်ထိ သိုလှောင်နိုင် သည်။
အစေးထုတ်၍ အခြောက်ခံထား သော သရက်သီးများကို ဖယောင်း ၅၀ ဂရမ်မှ ၆၀ ဂရမ်နှင့် ဘီနိုမိုင်းဆေး သုည ဒသမ ၂၅ နှင့် သုည ဒသမ ၅ ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး သရက်သီး ကို စက္ကန့်ပိုင်းစိမ်ပါ။ ပြန်လည်ဆယ်ယူပြီး ချက်ချင်း အခြောက်ခံကာ ထုပ်ပိုးသို လှောင် တင်ပို့နိုင်ပါသည်။ သရက်သီး သိုလှောင်လျှင် အေး၍ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းစေရန် သတိပြု သင့်သည်။
အောင်ဆန်း (စိုက်ပျိုးရေး)
အတွဲ(၁၅)၊ အမှတ်(၃)

Popular Posts