ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော လယ်ကွင်းများမှ ပြဿနာများသည် လယ်သမားကြီးများအား
ခေါင်းရှုပ်စေပါသည်။ တစ်ခါတစ်ရံတွင် အလွန်ရှုပ်ထွေးလာပြီး ဖြေရှင်းရခက်သည်ထိ ကြုံတွေ့ခံစားကြရပါသည်။
သို့ပါ၍ လယ်သမားကြီးများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်လာစေရန် ရည်ရွယ်၍ လယ်ယာပြဿနာ
ဖြေရှင်းကုစားနည်းများကိုစေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။
မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးသော ကွင်းပြင်တွင် မမျှော်လင့်ဘဲ
တွေ့ရှိရသောပြဿနာမှာ အပင်များ အကိုင်းပိုထွက်ခြင်း၊ အသီးအပွင့်မရှိခြင်း၊ အရွက်များစိမ်းဝါဝါရောင်ြဖစ်ြပီး
အဝေးမှကြည့်လျင်ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ ပဲရွက်များကို ခူးကြည့်ပါက အရွက်များပေါ်တွင်
အစိမ်းရောင်ကျွန်းငယ်သဖွယ်ဖြစ်ပေါ်နေသည်။ ပဲအထွက်လည်း သိသိသာသာကျဆင်းသွားသည်။ ဘာဖြစ်မှန်းမသိ၊
တောင်သူလယ်သမားကြီးများ ခေါင်းကုတ်ရသည်။
ဤသည်မှာ ပဲပင်များပင်ဖိုမိုစေ့ရောဂါ (Sterility
Mosaic) ဖြစ်ခြင်းဖြစ်သည်။ ဤရောဂါသည် အလွန်သေးငယ်သောမွှားပင့်ကူမှတစ်ဆင့် ရောဂါပိုးသယ်ဆောင်
လာသောကြောင့် ဖြစ်ရသည်။ မွှားပင့်ကူသည် ခြေထောက်ရှစ်ခုပါရှိသည်။ အမြီးပိုင်းတွင် ထိကပ်ထားနိုင်သောအရာပါသည်။
ဤပိုးသည် အလွန်သေးငယ်သည်။ အဆ ၄ဝ ချဲ့နိုင်သော မှန်ဘီလူးဖြင့်သာမြင်နိုင်သည်။ သို့အတွက်
လယ်သမားကြီးများသည် ဤပိုးကို လွယ်လွယ်ပင်မမြင်လိုက်ရဘဲ နောက်ကျောဓားနဲ့ ထိုးခံလိုက်ရသလို
ခံလိုက်ရခြင်းပင် ဖြစ်သည်။ ပိုး၏ ဘ၀သက်တမ်းသည် နှစ်ပတ်ခန့်သာ ကြာသဖြင့် တစ်ရာသီတွင်
နှစ်ကြိမ်မှသုံးကြိမ်ထိ ပြန်ကျနိုင်သည်။
ဤပိုးသည် ပဲရွက်၏ အောက်မျက်နှာ ပြင်တွင်နေ၍ အရွက်မှ သစ်ရည်ကို
စုပ်စားသည်။ စိုထိုင်းဆများလျှင် ပိုမိုပေါက်ဖွားသည်။ ဤပိုးကောင်ရှိခြင်းဖြင့် ရောဂါ
ဖြစ်စေရန်၊ ကူးစက်စေရန် လုံလောက်သည်။ အပင်ကို ငါးမိနစ်မှ ၁ဝ မိနစ်စုပ်စားချိန်ရပြီး
မိနစ် ၃ဝ ခန့် ရောဂါကင်းသောအပင်ကို စုပ်စားခံရပါကရောဂါကူးစက်ရန် အချိန် လုံလောက်သည်။
ဤရောဂါသည် အပင်ချင်းထိခြင်း၊ လေတိုက်ခတ်ခြင်းဖြင့် ခရီးတိုပျံ့နှံ့မှုဖြစ်စေပါသည်။
ဤပြဿနာကို ကုစားဖြေရှင်းရန်မှာ ရောဂါရနေသော စိုက်ခင်းအား
သားတက်ခံသောစနစ်ရှောင်ပါ။ ကြွင်းကျန်သော အပင်အစိတ်အပိုင်းများကို မီးကောင်းကောင်းလောင်စေအောင်
ဂရုတစိုက် မီးရှို့ပါ။ အပင်တစ်ပတ်သားကျော်မှစ၍ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုးအား
အရွက်အောက်မျက်နှာပြင်ထိအောင် တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးပါက လုံလောက်ပါသည်။
လယ်ကွင်းများတွင် လယ်သမားကြီးများ ကြုံတွေ့နေရသော ပြဿနာမှာ
မြေအချဉ်ပေါက်ခြင်းပြဿနာပင်ဖြစ်သည်။ စပါးပင်တွင် အရွက်ဖျားများ ခြောက်၍လိပ်နေခြင်း၊
အရွက်များဝါလာရာမှ အညိုရောင်ပြောင်း၍ ခြောက်သွားခြင်း၊ အမြစ်နုတ်ကြည့်လျှင် အမြစ်သည်
ညိုမဲရောင် ပုပ်နေပြီး အလုပ်မလုပ်တော့ဘဲ သေနေသည်။ မြေချဉ်ပါက အလူမီနီယမ်အဆိပ်သင့်ခြင်း၊
သံအဆိပ်သင့်ခြင်း၊ ဖော့စ်ဖရပ် ချို့တဲ့ခြင်း၊ H2S အဆိပ်သင့်ခြင်း၊ ဆား ပေါက်ခြင်းများလည်း
တွဲဖက်ဖြစ်ပေါ်သည်။ အပင်များကြီးထွားဖွံ့ဖြိုးမှုမရှိဘဲကြုံလှီနေသည်။ ရောဂါတစ်ခုခုဖြစ်နေ
သောလက္ခဏာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ လယ်သမားကြီးများ ဇဝေဇ၀ါဖြင့် ဘာဖြစ်မှန်း မသိဖြစ်ကြရသည်။
ဤသို့ဖြစ်ရခြင်းမှာ မြေဆီလွှာအချဉ်ပေါက်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။
မြေဆီလွှာအချဉ်ပေါက်ခြင်း ဆိုသည်မှာမြေ၏ ချဉ်ငန်ကိန်းနိမ့်သွားခြင်းပင်ဖြစ်သည်။ မြေဆီလွှာ၏
ချဉ်ငန်ကိန်း ဘာကြောင့်နိမ့်သွားရသနည်း။ မြေဆီလွှာအတွင်းရှိ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊
ဆာလ်ဖာ၊ နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ်များရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီး ၄င်းတို့နေရာတွင်
ဟိုက်ဒရိုဂျင်အိုင်းယွန်းနှင့်အလူမီနီယမ်အိုင်းယွန်းများ အစားထိုး ၀င်ရောက် နေရာယူခြင်းကြောင့်ဖြစ်သည်။
တဖန် အချဉ်ဓာတ်ကို ဖြစ်ပေါ်စေသော ဓာတ်မြေသြဇာ (ဥပမာ-ယူရီးယား) လွန်ကျွံစွာသုံးစွဲခြင်း၊
အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲမှုဖြစ်စဉ်မှာ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွက်လာခြင်းကြောင့်
ဖြစ်ရသည်။
မြေဆီလွှာအချဉ်ပေါက်ပါက အပင်ကောင်းစွာ ရှင်သန်ကြီးထွားဖွံ့ဖြိုးမှုမရရှိခြင်း၊
မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းချုပ်ပေးသော ဘက်တီးရီးယား၊ အမိုနီယမ်နှင့်
နိုက်ထရိုဂျင်၊ နိုက်ထရိတ်ဓာတ်များသို့ ဓာတ်တိုးပေးသောဘက်တီးရီးယားများ၊ အော်ဂဲနစ်ပစ္စည်းများကို
ပြိုကွဲစေသော အဏုဇီဝသက်ရှိများ လှုပ်ရှားဆောင်ရွက်မှု အားနည်းလာစေပါသည်။ သို့ဖြစ်ရာ အပင်အတွက်လိုအပ်သော
နိုက်ထရိုဂျင်ဓာတ်နှင့် ဖော့စ်ဖိတ်ဓာတ်များသည် မြေဆီလွှာအတွင်းချုပ်ထိန်းခံရပြီး အပင်အမြစ်က
မစုပ်ယူနိုင်တော့သည့် အဖြစ်မျိုး ကြုံရသည်။ အလူမီနီယမ်နှင့် မဂ္ဂနီးစ်များ ပျော်ဝင်မှုများလာပြီး
အဆိပ်သင့်မှုကို ဖြစ်စေပါသည်။ မြေဆီလွှာတွင် မော်လစ်ဘဒီနမ်၊ ထုံး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်ဓာတ်များ
လျော့စေခြင်းများ ဖြစ်ပေါ်စေပါသည်။အခြားသော ပေါင်းသတ်ဆေးများ၊ နီမတုတ်သတ်ဆေးများကို
အာနိသင်ပျောက်ဆုံးစေနိုင်ပါသည်။
အချဉ်ပေါက်သောမြေကို ကုစားရာတွင် ရေသွင်းပြီး ထွန်မွှေ၍
ရေပြန်လွှတ်ခြင်းငါးကြိမ်ခန့် ပြုလုပ်၍ အချဉ်ဓာတ်ကို ဆေးကြောပစ်နိုင်ပါသည်။ မိုးရာသီတွင်
ကန်သင်းလုံအောင်ပိတ်၍ မိုးရေလှောင်ပြီး ထွန်မွှေရေလွှတ် ခြင်းကို ငါးကြိမ်ခန့်ပြုလုပ်၍
ဆေးကြောပစ်နိုင်ပါသည်။ ပြီးပါက ထုံး၊ နိုက်ထရိုဂျင်မြေသြဇာ၊ ဖော့စ်ဖရပ်မြေသြဇာထည့်ပြီး
ကုစားနိုင်သည်။ ထုံးဓာတ်နှင့် ဖော့စ်ဖရပ်ဓာတ်တို့သည် မြေဆီလွှာအတွင်းရှိ အလူမီနီယမ်နှင့်
သံဓာတ်လွန်ကဲမှုကို လျော့ကျစေပါသည်။ အချဉ်ဓာတ်ကိုလျော့နည်း စေပါသည်။
ထုံးကိုထည့်ရာတွင် လွန်ကဲပါကလောင်စေနိုင်သဖြင့် သတိပြုထည့်ရန်လိုအပ်ပါသည်။
ထုံးကို မစိုက်ပျိုးမီ နှစ်လမှ သုံးလကြိုတင်၍ မြေတွင်သမအောင်ထည့်ထားရန် လိုပါသည်။ အပင်ကို
လောင်စေမှုမှ ကင်းဝေးစေနိုင် ပါသည်။ ပုံမှန်အားဖြင့် မြေဆီလွှာဧက၏ မြေချဉ်ငန်ကိန်း(PH)တစ်ယူနစ်တက်လာစေရန်ထုံးပိဿာ
၆ဝဝ ကို သုံးကြိမ်ခွဲထည့် ပေးရန် လိုအပ်ပါသည်။ နုန်းသမ၊ မြေစေးနှင့် နှင့် ခဲမြေများတွင်
PH တက်လာစေရန် ထုံးပမာဏ ပိုမိုအသုံးပြုရန် လိုအပ်ပါသည်။ လယ်ကွင်းများတွင် လယ်သမားကြီးများ
ကြုံတွေ့ခံစားနေရသော ပြဿနာတစ်ခုမှာ ရေကြာရှည်စွာ ဝပ်သောလယ်မြေတွင် စပါးပင် ကောင်းစွာမဖြစ်ထွန်းခြင်းပင်ဖြစ်သည်။
အမြစ်များ မဖွံ့ဖြိုးခြင်း၊ အရွက်များသေးသေးမျှင်မျှင်နှင့် ကြုံလှီနေခြင်း၊ ထိပ်ဖျားများခြောက်၍
စပါးအရွက်အရောင်မှာ စိမ်းဝါဝါရောင်ဖြစ်နေပြီး အပင်မှာ မဖွံ့ဖြိုးမကြီးထွားခြင်းဖြစ်နေပါသည်။
အပင်ပွားမှု လုံးမရသလောက် နည်းပါးပါသည်။
ရေဝပ်ခံသောလယ်မြေတွင် မြေဆီလွှာ၌ အောက်ဆီဂျင်ဓာတ်လျော့ပါးသွားစေသည်။
နိုက်ထရိတ်ဓာတ်များမှာ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် နိုက်ထရပ်အောက်ဆိုဒ်ဘဝသို့ ဓာတ်များလျော့သွားခြင်းဖြစ်ပေါ်သည်။
ဆာလ်ဖိတ်ဓာတ်မှာ ဆာလ်ဖာဓာတ်သို့ ပြောင်းလဲသွားပါသည်။ မဂ္ဂနီးစ်မှ မဂ္ဂနီစီယမ်သို့ ဓာတ်ပြောင်းလဲသည်။
ဖဲရစ်ဘ၀မှ ဖရပ်စစ်ဘ၀သို့ ဓာတ် ပြောင်းလဲစေသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်မှ မီသိန်းဓာတ်ထွက်ပေါ်လာစေပါသည်။
မြေချဉ်များတွင် PH တက်စေပြီးဆားပေါက်မြေများတွင် PH ကျစေပါသည်။ မြေဆီလွှာအတွင်းရှိ
ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်၊ ဆီလီကာ၊ မော်လစ်ဘဒီနမ်များ ဓာတ်တိုးမှုဖြစ်ပေါ်စေပြီးသွပ်၊
ဆာလ်ဖာနှင့် ကော့ပါးဓာတ်များ စုပ်ယူမှုလျော့နည်းစေပြီး ချို့တဲ့မှုဖြစ်စေပါသည်။
ရေ၀ပ်သောမြေကို ရေနုတ်မြောင်းလုပ်၍ ရေထွက်အောင် ပြုလုပ်ရမည်ဖြစ်ပါသည်။
ရေထွက်သွားပါက မြေအစိုဓာတ်အနေတော်အခြေအနေတွင် ထယ်ထိုးထွန်မွှေ၍ မြေလှန်ထားရန် ဖြစ်ပါသည်။
သီးနှံစိုက်ပျိုးသောအခါ လိုအပ်သောဓာတ်မြေသြဇာများ ထည့်သွင်းပေးရန်လိုအပ်ပါသည်။
` လယ်ကွင်းများတွင် နောက်ထပ်လယ်သမားကြီးများ
ကြုံတွေ့နေရသောပဟေဠိတစ်ခုမှာ စပါးရွက်ဟောင်း များဝါညိုရောင် သို့မဟုတ် အညိုရင့်ရောင်သေနာကွက်များမှာ
အရွက်ထိပ်ဖျားမှအရွက်၏ နှုတ်ခမ်းသားတစ်လျှောက် ဆက်လက်ဖြစ်သည်။ အရွက်များလိပ်သည်။ စပါးပင်ပုသည်။
စပါးအမြစ်များမသန်စွမ်းဘဲရှိသည်။ ရင့်မှည့်မှု စောသည်။ စပါးရွက်များ အိုမင်းရင့်ရော်လွယ်သည်။
ကာဗိုဟိုက်ဒရိတ်ရွေ့လျားမှု လျော့စေ သည်။ အဖိုမြုံစေပြီး အဆန်မတည်ဖြစ်စေသည်။ အမြစ်မှ
အခြားအစာအာဟာရဓာတ်များ စုပ်ယူမှုလျော့စေ၍ စပါးအထွက် သိသိသာသာ ကျဆင်းစေသည်။ ရောဂါဖြစ်သလိုလိုနှင့်
လယ်သမားကြီးများ ဝေဝါးစွာ ခံစားကြရသည်။
ဤသို့ဖြစ်ရခြင်းမှာ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့ခြင်းကြောင့်
ဖြစ်ရသည်။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့ပါက ဘက်တီးရီးယားရောဂါများ ကျရောက်လွယ်စေပါသည်။ ပိုတက်ဆီယမ်
ချို့တဲ့ရခြင်းအကြောင်းရင်းမှာ ပိုတက်ဆီယမ်ဓာတ်မြေသြဇာအသုံးနည်းခြင်း၊ စပါးခင်းကောက်ရိုး၊
ရိုးပြတ်များ လုံးဝဖယ်ရှားခြင်း၊ ဟိုက်ဒရိုဂျင် ဆာလဖိုဒ်၊ အော်ဂဲနစ်အက်စစ်နှင့် ဖဲရပ်များ
ပါဝင်မှု ပမာဏ လွန်ကဲခြင်း၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်ပါဝင်မှုများခြင်းတို့ကြောင့်
ပိုတက်ဆီယမ်ဓာတ်ကိုလျော့နည်းစေပါသည်။ ပိုတက်ဆီယမ်ချို့တဲ့ပါက အစာချက်နှုန်းကျဆင်းပြီးစပါးထွက်ကို
ကျစေပါသည်။ ပိုတက်ဆီယမ်သည် အပင်၏ ပရိုတိန်းဖွဲ့စည်းမှုအတွက် အဓိကကျသည်။ အပင်ကြီးထွားရေးအတွက်
ကာဗိုဟိုက်ဒရိတ်ကိုဖြိုခွဲပေးပါသည်။ အသီးအနှံ အစေ့အဆန်ဖြစ်ပေါ်အောင်မြင်မှုကို အကျိုးပြုပေးပါသည။်
အရွက်၏ စတိုမာတာများ ဖွင့်ခြင်း၊ ပိတ်ခြင်းလုပ်ငန်းကို အထောက်အကူပြုပါသည်။ ပိုးမွှားရောဂါကျရောက်မှုကိုအကာအကွယ်ပြုပေးပါသည်။
ပိုတက်ဆီယမ်ဓာတ်ချို့တဲ့မှုကို ကုစားမည်ဆိုပါက ပိုတက်ဆီယမ်ဓာတ်များချို့တဲ့ခြင်းကြောင့်ဖြစ်ရကြောင်းကို
သိရှိအောင် လေ့လာကြိုးပမ်းရန် လိုအပ်ပါသည်။ ပြီးမှသာ ပိုတက်ဆီယမ်ဓာတ်ပါသော ဓာတ်မြေသြဇာကို
နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်ပါသော ဓာတ်မြေသြဇာများနှင့် အချိုးညီညီ တွဲဘက်အသုံးပြုရမည်ဖြစ်ပါသည်။
ကောက် ရိုးနှင့် ရိုးပြတ်များ မြေဆီလွှာတွင် ပြန်ထည့်၍ ထယ်ထိုးလှန်ပြီးမြေမြှုပ်ပေးရန်
လိုအပ်ပါသည်။ သို့မှသာဆွေးမြေ့ပြီး ပိုတက်ဆီယမ်ဓာတ် ပြန်လည် ရရှိနိုင်ပါသည်။ နှမ်းစိုက်ပျိုး၍
နှမ်းရိုးလွယ်လွယ်ရနိုင်ပါက နှမ်းရိုးများထည့်ပေး ပါကလည်း ပိုတက်ဆီယမ်ဓာတ် ပြန်လည်ရရှိနိုင်စေပါသည်။
လယ်ကွင်းများထဲမှ နောက်ပြဿနာတစ်ခုမှာ ကိုယ်တိုင်ကြုံတွေ့ဖြေရှင်းပေးခဲ့ရသော
ပြဿနာတစ်ခုပင်ဖြစ်ပါသည်။ နယ်သို့ခရီးထွက်ရင်း နွေစပါးစိုက်ပျိုးသော လယ်သမားကြီးတစ်ဦးက
''ဆရာရယ် မနှစ်က နွေစပါးတွေစိမ်းမှောင်ပြီး ကောင်းလိုက်တာ တစ်ကွင်းလုံးပဲ အားလုံးက
တင်းရာကျော်ထွက်မှာပဲလို့ မှန်းကြတယ်။ တကယ်စပါးလည်းရိတ်ရော တစ်ဧက စပါးတင်း ၄ဝ တောင်
အနိုင်နိုင်ဘဲဆရာ။ ကျွန်တော့်မှာ ရှက်လိုက်တာ။ အဲဒါဘာဖြစ်တာလဲ။ ဒီနှစ်လည်း နွေစပါးစိုက်ထားတာ
အပင်တွေစိမ်းမှောင်နေပြီးကောင်းနေပြန်ပြီ။ ဓာတ်မြေသြဇာလည်းအလုံအလောက် ထည့်ထားတယ်ဆရာ။
အခုစိုက်ခင်းထဲ လိုက်ကြည့်ပေးပါဦးဆရာ''လို့ အကူအညီတောင်းခံနေပါတယ်။ ဒါနဲ့ ကွင်းထဲစပါးခင်းထဲထိဆင်းကြည့်ခဲ့ပါတယ်။
စပါးတွေ စိမ်းမှောင်ပြီး တစ်ခွင်တစ်ပြင် ကောင်းနေတာအမှန်ပါပဲ။ စာရေးသူက ကန်သင်းပေါ်ကနေစပါးပင်များကို
စူးစိုက်ြပီး သေချာကြည့် ဖြစ်ပါတယ်။ တရားခံကိုတွေ့လိုက်ပါတယ်။ ဒါနဲ့ ပုဆိုးတိုတိုပြင်ဝတ်ပြီး
ကန်သင်းပေါ်ပြန်တက်လိုက်ပါတ်။ မသင်္ကာဖွယ်ရာ စပါးတစ်ရုံနှစ်ရုံကို နုတ်ယူပြီးကန်သင်းပေါ်ပြန်တက်လိုက်ပါတယ်။
''ကဲ-ဟောဒီမှာဗျို့။ ခင်ဗျားစပါးခင်းအပင်တွေကောင်းပြီး စပါးမထွက်ရတဲ့ တရားခံ''လို့ပြောလိုက်ပါတယ်။
အတူပါလာကြတဲ့ လယ်သမားတွေ ဝိုင်းအုံလာကြပါတယ်။
''ဟောဒီမှာ ကြည့်၊ ဒါလေးက ကြက်သွန်မြိတ်စိမ်းစိမ်းလေးလို
လုံးလုံးလေး၊ အရွက်လည်း မဟုတ်၊ အနှံလည်းမဟုတ်၊ စပါးအောက်ခြေကို ကြည့်တော့ ပင်စည် လုံးလုံးဖုဖုလေးဖြစ်နေပြီး
အဲဒီထဲက ပိုးလောက်ကောင်လေး ထွက်လာတယ်။တွေ့လား ဒီမှာ ခင်ဗျားစပါးခင်းကို ဒုက္ခပေးနေတာ
ဒီပိုးပါဗျ။ အဲဒါ ကြက်သွန်မြိတ်ပိုးလို့ခေါ်တယ်” ဟု ရှင်းပြရပါသည်။
ကြက်သွန်မြိတ်ပိုးသည် မိုးစပါး၊ နွေစပါး သီးထပ်စိုက်တဲ့
ဒေသများတွင် ပို၍အဖြစ်များပါသည်။ ပျိုးခင်းဘဝမှ အနှံသန္ဓေမတည်မီကာလထိ ဘဝစက်ဝန်း ကြိမ်ဖန်များစွာ
လည်ပတ်၍ ကျရောက် ဖျက်ဆီးနိုင်သည်။ ဘ၀စက်ဝန်းမှာ ဥဘ၀ သုံးရက်မှ လေးရက်၊ ဥပေါင်း ၁ဝဝ
မှ ၃ဝဝ ထိ ဥနိုင်သည်။ လောက်ကောင်ဘဝ ၁၄ ရက်၊ ရုပ်ဖုံးဘဝ လေးရက်မှ ရှစ်ရက်၊ အကောင်ကြီးဘဝ
၁၄ ရက်ဖြစ်သည်။ ဘ၀သက်တမ်းတိုသဖြင့် စပါးပင် ငယ်စဉ်တွင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်အဖန်ဖန်ကျရောက်နိုင်သည်။
အကောင်ကြီးသည် အလွန်သေးငယ်သည်။ ခြင်ကောင် သေးသေး အရွယ်သာရှိသည်။ စပါး စိုက်ပြီး တစ်ပတ်အတွင်း
စပါးပင်တွေကြားထဲတွင် ဝဲပျံလှုပ်ရှားနေသည်။ သေးငယ်လွန်း သဖြင့် လယ်သမားကြီးများလွယ်လွယ်မမြင်နိုင်၊
ခြင်သဏ္ဌာန်ဖြစ်နေ၍ ဖျက်ပိုးမှန်းပင် မသိလိုက်ကြပါ။ အကောင်ကြီးသည် စပါးပင်မ၊ ပင်ပွား၏အခြေတွင်
စပါးရွက်ဖုံး၊ စပါးရွက်အခြေများတွင် ဥချသည်။ ဥမှ လောက်ကောင်လေးများပေါက်လာသည်။ လောက်ကောင်လေးများသည်
စပါးပင်ပင်စည်အတွင်းထိုးဖောက်ဝင်၍ စားသောက်သည်။ ပင်စည်အရင်းတွင် ဖုလုံးလုံးသဏ္ဌာန်ဖြစ်နေသည်။
စပါးပင် ပင်စည်အတွင်းသားကို စားသဖြင့် အနှံဖြစ်စေမည့် အင်္ဂါရပ်သည်အနှံမဖြစ်လာတော့ဘဲ
ကြက်သွန်မြိတ်ပုံစံအရွက်လုံးလုံးသာထွက်လာသည်။ အနှံမဖြစ်လာနိုင်တော့ပါ။ ကြက်သွန်မြိတ်ပိုးသည်
အကောင်ငယ်လွန်းသည်။ စပါးပင်စိုက်ပြီးပြီးခြင်း စပါးခင်းသို့ လာရောက် ဥသည်။ ထွက်လာသော
ကြက်သွန်မြိတ် သည် အစိမ်းရောင်ဖြစ်ပြီး စပါးရွက်အရောင်ဖြင့် ရောနေ၍ ပိုးကျမှန်းပင်
မသိ လိုက်ရဘဲ ခံလိုက်ရခြင်းဖြစ်သည်။ ဤသည်ကို လယ်သမားကြီးတော်တော်များများ မသိရှိကြပါ။
မည်သို့ကုစားမည်နည်း။ ယခင်နှစ်ပိုးကျထားသော စပါးခင်းရိုးပြတ်များကိုကောင်းကောင်းမီးလောင်အောင်
မီးသေချာရှို့ပြီး ထယ်ထိုးမြေလှန်ထားပါ။ ပျိုးခင်းကို ပျိုးမနုတ်မီ ဒိုင်ယာဇီနွန် ၄ဝ
အီးစီဆေးတစ်ဧက ၅ဝဝ မှ ၈ဝဝ စီစီနှုန်းနှစ်ကြိမ်ခန့် ဖျန်းပါ။ စိုက်ခင်းစိုက်ပြီး တစ်ပတ်အတွင်း
ပိုးကောင်ကြီးကို သတိထားကြည့်ပါ။ စိုက်ပျိုးပြီး နှစ်ပတ်အတွင်းဒိုင်ယာဇီနွန် ၄ဝ အီးစီ
တစ်ဧက ၅ဝဝ မှ ၈ဝဝ စီစီနှုန်း ဖျန်းပါ။ သို့မဟုတ် လာဆပ် ၂၀ အပ်ဖ်အက်သ်ဆေးဖြင့် မျိုးစေ့တစ်တင်း
ခွဲလျှင် တစ်လီတာနှုန်းနှင့် မျိုးစေ့ စီရင်ပါ။ ရီဂျင် ၃ ဂျီအာရ်တစ်ဧကလျှင် ၄ ကီလိုနှုန်းမြေပြင်ချိန်တွင်ထည့်ပြီးမှ
မြေပြုပြင်ပါ။ ဆေးဖျန်းရာတွင် အပင်အောက်ခြေတွင် အရွက်ကြားများနှံ့စပ်အောင် ဖျန်းပြီး
အပင်ခြေမှ အပေါ်သို့ တဖြည်းဖြည်းဖျန်းပေးပါ။ ဆေးဖျန်းရာတွင် နံနက်ခင်းနှင့် ညနေခင်းများတွင်
ဖျန်းပေးပါက ပို၍ ထိရောက်စေပါသည်။ ကြက်သွန်မြိတ် ပိုးသည် ယူရီးယားများပါက ပိုပွားစေနိုင်သည်။
ယူရီးယားလျော့၍ ပိုတက်မြေသြဇာများများသုံးပေးရန် လိုအပ်ပါသည်။
အောင်ဆန်း(စိုက်ပျိုးရေး)
အတွဲ(၁၃)၊ အမှတ်(၁၉)