ပညာရေးသည်
လူ့အဖွဲ့အစည်းတစ်ခုအတွက် များစွာအရေးကြီးသည်။ အသိပညာ၊ အတတ်ပညာတစ်ခုကို တတ်မြောက်ထားသူနှင့်
မည်သည့်ပညာရပ်မျှမတတ်သူကို နှိုင်းယှဉ်ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာအရကွာခြားရုံသာမက
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများတွင်လည်း အလိုအလျောက်ကွာခြားပါသည်။ ပညာရေးသည် ယနေ့
မျိုးဆက်သစ်လူငယ်များနှင့် နိုင်ငံ၏အနာဂတ်အတွက် တိုက်ရိုက်အချိုးကျ ဆက်စပ်နေပေသည်။
ကောင်းမွန်သော
လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် သိပ္ပံပညာ၊ လူမှုရေးပညာ၊ ဝိဇ္ဇာပညာရပ် စသည့်ပညာရပ်များကို
တတ်နေရုံ၊ တော်ရုံမျှဖြင့် လုံလောက်မည် မဟုတ်ပါ။ ပညာရေးကိုကိုယ်ကျင့်တရားဖြင့် ဘောင်ခတ်နိုင်သည့်လူကောင်းများဖြစ်ရန်လည်း
လိုအပ်သည်၊၊ သို့မှသာ လိုရာပန်းတိုင်ရောက်ပြီး အများအကျိုး သယ်ပိုးနိုင်ပေမည်။ သို့မဟုတ်ပါက
အများကို ဒုက္ခပေးသည့်ပညာတတ်များဖြစ်လာတတ်ပါသည်၊၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်များကို
ပြုစုပျိုးထောင်နိုင်ရန်မှာ အနီးကပ်ကြီးကြပ်စောင့်ရှောက်သူများ၏ အရည်အချင်းသည် များစွာအရေးကြီးပါသည်။
ထိုသို့
လူမှုအဖွဲ့အစည်းအတွက် လွန်စွာအရေးကြီးသည့် လူရည်ချွန်လူရည်မွန်များ ပျိုးထောင်ရာတွင်
မိဘများနည်းတူ အဓိကအရေးပါသူများမှာ အာစရိယ ဆရာ၊ ဆရာမများပင် ဖြစ်သည်။ ဆရာ၊ ဆရာမတို့သည်
တပည့်များအပေါ် စေတနာ၊ ၀ါသနာ၊ အနစ်နာတို့ကို အခြေခံကာ ကရုဏာရှေးရှု၍ အသိပညာ၊ အတတိပညာများကို
သင်ကြားပေးကြသူများဖြစ်သည်။ ထို့အပြင် နိုင်ငံအတွက် အရေးကြီးသည့် လူ့စွမ်းအား အရင်းအမြစ်များပေါ်ထွက်လာစေရန်
ဆောင်ရွက်ပေး နေကြသူများလည်း ဖြစ်သည်။ တစ်နည်းဆိုရသော် ကမ္ဘာ့အလယ်တွင်ငံတော်၏ အနာဂတ်တည်း
ဟူသော ဥယျာဉ်ကြငီးကို အသွင်တင့်နိုငရန်အတွက် ရောင်စုံပန်းများကို ပွင့်လန်းစေသည့်
အကြင်နာဥယျာဉ်မှူးများလည်း ဖြစ်ပေသည်။
ထိုသို့
နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ဆရာ၊
ဆရာမတို့၏အခန်းကဏ္ဍကို ဂုဏ်ပြုသည့်အနေဖြင့် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်
သတ်မှတ်ထားရှိပါသည်။
နိုင်ငံတော်မှလည်း ပညာရေးကဏ္ဍတိုးတက်စေရန်နှင့် ဆရာဆရာမတို့၏ အရည်အသွေးကို မြှင့်တင်နိုင်ရန်အတွက်
ဘက်စုံထောင့်စုံမှ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ဆရာ၊ ဆရာမ
များအနေဖြင့်လည်း
''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့'' ဟူသည့် ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ
ကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ပေသည်။
အတွဲ(၁၃)၊ အမှတ်(၁၉)