August 8, 2016

အလုပ်အကိုင်အခွင့်အလမ်းများကို ထိရောက်စွာအကျိုးပြုနိုင်သည့် နည်းပညာနှင့် သက်မွေးပညာရေးစနစ်

          ကမ္ဘာပေါ်တိုင်း လူမျိုးတိုင်း၊ တိုင်းပြည်နိုင်ငံတိုင်းက ပညာကို တန်ဖိုးထားကြသည်။ ပညာ၏စွမ်းပကားဖြင့် ကမ္ဘာကြီးကို တိုးတက်အောင် ဖန်တီးခဲ့ကြသည်။ ကျောက်ခေတ်၊ သံခေတ်များကို ဖြတ်ကျော်ကာ ယနေ့ နည်းပညာခေတ်အထိ ရွေ့လျားလာခဲ့သည်မှာ ပညာ၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် "ပညာရွှေအိုး လူမခိုး" ဟူ၍ ရှေးလူကြီးသူမများက ဆိုခဲ့ကြခြင်းဖြစ်သည်။

          ပညာတွင် အသိပညာနှင့် အတတ်ပညာဟူ၍နှစ်မျိုးနှစ်စားရှိပေသည်။ လူတိုင်းလူတိုင်းသည် အသိပညာနှင့် အတတ်ပညာကို မျှတအောင် လေ့လာဆည်းပူးကြရသည်။ အသိပညာဆိုသည်မှာ မိမိတို့ဘ၀တွင် ကြုံတွေ့ရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်နှင့် အောင်မြင်စွာကျော်လွှားနိုင်ရန် လုပ်ဆောင်ပေးနိုင် သည့် အရာဖြစ်ပြီး အတတ်ပညာဆိုသည်မှာ မိမိတို့နေ့စဉ်ရှင်သန်လှုပ်ရှားနေရသည့်ဘ၀အတွက် လိုအပ်သည့် ငွေကြေး၊ အောင်မြင်မှုနှင့် ထိုက်တန်သည့် အကျိုးခံစားခွင့်များရရှိအောင် လုပ်ဆောင်နိုင်ပေးနိုင်သည့် အရာဖြစ် သည်။ အသိပညာနှင့် အတတ်ပညာရေချိန်ညှိနိုင်မှ ပညာတတ်၊ ပညာရှိဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယနေ့ခေတ် တွင် လေ့လာသင်ယူဆည်းပူးရသည့် အတတ်ပညာ၊ အသိပညာများ များပြားလာသလို လေ့လာဆည်းပူးနိုင်သည့် စနစ်များလည်း များပြားလာပါသည်။ ထိုအထဲတွင် နည်းပညာနှင့် သက်မွေးပညာရေးလည်း တစ်ခုအပါအဝင်ဖြစ် သည်။
          မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် တက္ကသိုလ်ပညာရေးကိုသာ ဦးစားပေးလေ့လာသင်ယူကြပြီး အသက်မွေးဝမ်းကျောင်းပညာကို ဒုတိယတန်းစားပညာရေးအဖြစ် မှတ်ယူကာ တန်ဖိုးထားမှုနည်းပါးလာသည်ကို တွေ့ရသည်။ တက္ကသိုလ်ပညာရေးကို လေ့လာဆည်းပူးခွင့်မရသူ၊ လေ့လာဆည်းပူးနိုင်စွမ်းမရှိသူများသာလျှင် အသက်မွေးဝမ်းကျောင်းပညာရေးကို သင်ယူလေ့ရှိသည်ဟူသော မှားယွင်းသည့်ထင်မြင်ယူဆချက်များကလည်း  မြန်မာ့လူမှုနယ်ပယ်တွင် အတော်အတန်ခိုင်မာလျက်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ကျောင်းသားကျောင်းသူများသာမက မိဘများပါ တန်ဖိုးထားစိတ်ဝင်စားမှုရှိစေရန်နှင့် အသက်မွေး ဝမ်းကျောင်းပညာကို မြတ်နိုးတန်ဖိုးထားဂုဏ်ယူတတ်လာရန်တို့သည် အရေးကြီးပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် သက်မွေးပညာရေးကို ပထမတန်းစားပညာရေးအဖြစ် တန်ဖိုးထားလာသည်အထိ ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ရန် ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပသည့် TVET Forum တွင် မှာကြားခဲ့သည်။
          နည်းပညာနှင့် သက်မွေးပညာရေးဆိုသည်မှာ အထွေထွေပညာရေးလုပ်ငန်းစဉ်များအပြင် စီးပွားရေးနှင့် ဆိုင်ရာဘ၀များ၏ အခန်းကဏ္ဍအမျိုးမျိုးတို့တွင် နေရာရရှိစေရန်အတွက် လက်တွေ့ကျွမ်းကျင်စွာ တတ်မြောက်မှု၊ သဘောထားများ နားလည်ခြင်းနှင့် ဗဟုသုတများ၊ နည်းပညာရပ်များနှင့် ဆက်စပ်လျက်ရှိသော သိပ္ပံပညာရပ် များအား လေ့လာခြင်းစသည့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်ခြင်းဖြစ်သည် ဟု ယူနက်စကိုက အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အရိုးရှင်းဆုံးဆိုရလျှင်မူ နည်းပညာနှင့် သက်မွေးပညာရေးဆိုသည်မှာ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် ပညာရပ်များကို သင်ကြားပေးသည့် အခန်းကဏ္ဍဖြစ်သည်။     
          အသက်မွေးဝမ်းကြောင်းပညာရေးကဏ္ဍတွင် စက်မှုနည်းပညာသာမက လက်မှုပညာရပ်များလည်း ပါဝင်သည်။ စက်မှုပညာရပ်များတွင် ဥပမာအနေဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများ၊ စက်ပစ္စည်း များပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများစသည်တို့ပါဝင်သည်။ ထို့အပြင် ကျွမ်းကျင်မှုအလိုက် ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးဖြစ်သည့် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ သူနာပြု၊ သားဖွားနှင့်ဆေးဝါးကျွမ်းကျင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကွန်ပျူတာနှင့် စာရင်းကိုင်ပညာ၊ အချုပ်အလုပ်၊ စားသောက်ကုန်ထုတ်လုပ်ခြင်းစသည့် အိမ်တွင်းမှုလုပ်ငန်းမျိုးစုံနှင့် အတတ်ပညာကျွမ်းကျင်မှုလုပ်ငန်းမျိုးစုံတို့ အကျုံးဝင်ပါသည်။ မြန်မာ့ရိုးရာပန်းဆယ်မျိုးကိုပင် အသက်မွေးဝမ်း ကျောင်းပညာရပ်များတွင် ထည့်သွင်းနိုင်ပေ သည်။ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် ပညာရပ်အားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။
          မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေးပညာရေးကို အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့မှ လုပ်ကိုင်လျက်ရှိပြီး အစိုးရ ဝန်ကြီးဌာနအနေနှင့် ပညာရေးဝန်ကြီးဌာနအပါအဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပါဝင်သည်။ အဆိုပါ ဝန်ကြီးဌာနများသာမက ပုဂ္ဂလိကအခန်းကဏ္ဍအနေနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ စင်္ကာပူ-မြန်မာသက်မွေးပညာသင်တန်း ကျောင်း၊ ဟိုတယ်သင်တန်းကျောင်း (ကော့မှူး) အစရှိသည်တို့မှလည်း နည်းပညာနှင့်သက်မွေးပညာရေးကို အားပေးလျက်ရှိပြီး အခြားပုဂ္ဂလိကကျောင်းများစွာလည်း ရှိပါသည်။
                   မြန်မာနိုင်ငံတွင် နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သော နည်းပညာနှင့် ကျွမ်းကျင်သူ များပေါ်ထွန်းလာစေရေးအတွက် ဦးတည်ဆောင်ရွက်ရန်၊ နိုင်ငံတကာအဆင့်မီ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်၊ ခေတ်နှင့်လျော်ညီသော နည်းပညာများကို ထိရောက် စွာအသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသန၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရေးဆောင်ရွက်ရန်၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော သင်တန်းများကို ဒေသ၏ လိုအပ်ချက်များနှင့်အညီ တိုးချဲ့သင်ကြားပေးရန်၊ နိုင်ငံတော်ကို ချစ်မြတ် နိုးသည့် အသိစိတ်ဓာတ်နှင့် ခံယူချက်ပြည့်ဝသော ကျွမ်းကျင်သူများဖြစ်လာစေရေးအတွက် သင်ကြားလေ့ကျင့်ပေး ရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရရှိရေးကို ဦးတည်စေသည့် အရည်အသွေးပြည့်မီသော ကျွမ်းကျင်သူများ စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်ရန်ဟူသည့် ရည်မှန်းချက်များဖြင့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။      
          နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ကျွမ်းကျင်သည့်လုပ်သားများမွေးထုတ်ပေးရန်ဖြစ်သည်။ ထိုရည်ရွယ် ချက်ကို အကောင်အထည်ဖော်ရန် သင်ကြားရေးဌာနများအနေဖြင့် အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကျောင်း များပါဝင်ပါသည်။       နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများသို့ အကြောင်းကြောင်း ကြောင့် အဆင့်မြင့် ပညာရေးသင်ယူခွင့်မရသူများနှင့် သက်မွေးပညာကို လေ့လာလိုသူ၊ ဝါသနာပါသူများ တက်ရောက်နိုင်ပါသည်။ ပညာရေးထက်လက်တွေ့လုပ်ငန်းခွင်ကိုစိတ်ဝင်စားသည့် လူငယ်လူရွယ်များနှင့် အလုပ် အကိုင်ရှာဖွေနေစဉ်ကာလအတွင်း လက်တွေ့ကျွမ်းကျင်မှုယူလိုသည့်သူများလည်း တက်ရောက်သင့်ပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အသက်မွေးဝမ်းကျောင်းအလုပ်အတွက် အလုပ်အကိုင် ရှားပါးသည့်လူငယ်လူရွယ်များအနေဖြင့် တက်ရောက်သင့်ပေသည်။
          ယနေ့ကာလတွင် မြန်မာနိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် တက္ကသိုလ်ဘွဲ့ရများအနေဖြင့် သင်ကြားတတ်မြောက်သည့် ပညာနှင့် လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်ကိုက်ညီမှုအားနည်းချက်များ ရှိသဖြင့် အလုပ်အကိုင်ရရှိမှုအခွင့်အလမ်း နည်းပါးလျက်ရှိသည်ကိုတွေ့ရသည်။ အသက်မွေးဝမ်းကျောင်းပညာရေး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများသည်လည်း တိုးတက်သည့်နိုင်ငံများဖြစ်လာကြသည်ကိုတွေ့ရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် နည်းပညာနှင့်သက်မွေးပညာရေးအတွက် သင်တန်းများကို ကာလတို^ရှည်သတ်မှတ်ပြီး စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိသည့်အပြင် အားနည်းချက်၊ အားသာချက်များကို ပြုပြင်နိုင်ရန်နှင့် ထိရောက်သည့် ပညာရေးစနစ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရေးကို ပထမတန်းစားပညာရေးဟု သတ်မှတ် လက်ခံလာသည်အထိ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ပေသည်။  

ရှင်းသန့်ချို

အတွဲ(၁၃)၊ အမှတ်(၁၅)

Popular Posts