လူ့အဖွဲ့အစည်းတစ်ရပ်၏ တိုးတက်ခြင်း၊ ဖွံ့ဖြိုးသာယာခြင်း၊
အေးချမ်းတည်ငြိမ်ခြင်းနှင့် အောင်မြင်ခြင်း ကောင်းကျိုးရလဒ်သည် ယင်းလူ့အဖွဲ့အစည်းအတွင်းရှိ
လူသားများ၏ အတွေးအခေါ်၊ အမြော်အမြင် ဗဟုသုတနှင့် မျှော်မှန်းချက်ကောင်းမွန်မှုအပေါ် မူတည်သည်။
လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအား
စာဖတ်ခြင်းဟူသည့် အသိဉာဏ်ပေတံဖြင့် တိုင်းတာနိုင်သည်။ စာဖတ်ခြင်းကြောင့် အသိဉာဏ်မြင့်မားခြင်း၊
ဗဟုသုတတိုးပွားခြင်းနှင့် အတွေးအခေါ်ရင့်သန်ခြင်းကို ဖြစ်စေသည်။
စာဖတ်ခြင်းကြောင့်အသိဉာဏ် ဗဟုသုတမြင့်မားလာသည်နှင့်အမျှ
လုပ်ကိုင်နေသောလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်။ အတွေးအခေါ်ရင့်သန်ခြင်းဖြင့်
လူ့လောကတွင် ဝင့်ထည်စွာ ရပ်တည်လာနိုင်မည်။ အရာရာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်ဝေဖန်ဆုံးဖြတ်နိုင်မည်ဖြစ်သည့်အတွက်
လူတိုင်းစာဖတ်စွမ်းအား မြင့်မားတိုးတက်ရန် လိုအပ်သည်။ ယနေ့အချိန်အခါတွင် စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရန်အတွက်နည်းလမ်းမျိုးစုံဖြင့်
ဦးတည်ဆောင်ရွက်လျက်ရှိသည်။ စာတတ်ပြီးသူများ စာဖတ်နိုင်စေဖို့ တစ်နိုင်ငံလုံးတွင် ကျေးရွာကိုယ့်အားကိုယ်ကိုး
စာကြည့်တိုက်များ ဖွင့်လှစ်တည်ထောင်လျက်ရှိသည့်အပြင် လူတိုင်းလက်လှမ်းတမီစာဖတ်နိုင်ရန်အတွက်
Moblie Library များ ဖွင့်လှစ်ဆောင်ရွက်ပေးသောကြောင့် စာအုပ်စာစောင်များ ဖတ်ရှုနိုင်ကြပြီဖြစ်သည်။
ထို့ပြင် လူစည်ကားရာ နေရာများဖြစ်သည့် ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာ၊ လေဆိပ် စသည့်နေရာများတွင်လည်း
စာပေရေချမ်းစင်များ ဖန်တီးထားရှိ၍ စာဖတ်ရှိန်ကိုမြှင့်တင်ကာ ပြည်သူများ၏ ဉာဏ်မျက်စိကို
အလင်းဆောင်ပေးလျက်ရှိသည်။
စာဖတ်ခြင်း၌ နှစ်သက်မွေ့လျော်သူသည် အသိပညာရှာသည့်လုပ်ငန်းအား
စိတ်သက်သာစွာ ဆောင်ရွက်ခြင်းဖြစ်၍ ရေရှည်တွင် အများသူငါထက် ဗဟုသုတနှင့် ဉာဏ်အမြော်အမြင်
ကြွယ်ဝပြည့်စုံသူတစ်ဦးဖြစ်လာနိုင်မည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် သမိုင်းအကြောင်းအရာများကို
သိနိုင်သည်။ သမိုင်းကို သိခြင်းဖြင့် ကောင်းမွန်လှပသော အနာဂတ်ကို ဖန်တီးဖော်ဆောင်နိုင်မည်။
စာဖတ်ခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များကို သိရှိနိုင်ရုံမျှမက
ကိုယ်ကျင့်တရားတည်ကြည်စေခြင်း၊ စိတ်ဓာတ် ရင့်ကျက်စေခြင်း၊ စိတ်ဓာတ်ရင့်ကျက်စေခြင်းနှင့်
မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို နားလည်သဘောပေါက်ခြင်းစသည့် အသိတရားများကို
ရရှိစေနိုင်သည်။
သို့ပါ၍ စာဖတ်ခြင်းဖြင့် လူတစ်ဦးချင်းစီအား
ခေတ်မီသည့်အတွေးအခေါ်၊ အသိအမြင်၊ ဗဟုသုတများစွာ ပြည့်ဝစေခြင်းမှသည် နိုင်ငံအတွက် ကောင်းမွန်သော
အနာဂတ်ကောင်းကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်းစာဖတ်ကြရန်နှင့် မိမိပတ်ဝန်းကျင်တွင်လည်း
စာဖတ်ရှိန်တိုးတက်မြင့်မားစေရန် လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်သည်။
အယ်ဒီတာ့အာဘော်
အတွဲ(၁၃)၊ အမှတ်(၁၆)