August 4, 2016

ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ဂရုစိုက်ရမည့်အချက်များ

    ယနေ့အချိန်အခါတွင် ဆီးချို၊ သွေးချိုရောဂါသည် အဖြစ်များလာပါသည်။ ဆီးချို၊ သွေးချိုရောဂါကို ခံစား နေရသောသူများသည် မိမိရောဂါကို သေချာစွာထိန်းချုပ်ဂရုစိုက်ပြီး နေထိုင်မှုမပြုလုပ်ခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများခံစားနေရပါသည်။ ဆီးချိုသွေးချိုကြောင့် အမြင်အာရုံထိခိုက်ခြင်း၊ အာရုံကြောအား နည်းခြင်း၊ ရောဂါကူးစက်လွယ်ခြင်း၊ နှလုံးသွေးတိုးရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အရေပြားရောဂါများဖြစ်ခြင်း၊ ဆီးချိုအနာများဖြစ်၍ ခြေလက်များဖြတ်တောက်ခံရခြင်းနှင့် အခြားဆိုးကျိုး များ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ဂရုပြုသင့်ပါသည်-


အိပ်ရေး၀၀အိပ်ခြင်း
    ဆီးချိုသွေးချိုရောဂါရှိသူများသည် အိပ်ရေး၀၀အိပ်ပြီး အပြည့်အ၀အနားယူရန် လိုအပ်ပါသည်။ ကျန်းမာ ရေးနှင့် ညီညွတ်စေပါသည်။
ဆေးလိပ်ဖြတ်ခြင်း
    ဆီးချိုသွေးချိုရှိပြီး ဆေးလိပ်သောက်ပါက နှလုံးရောဂါထခြင်း၊ လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနှင့် ကျောက်ကပ်ရောဂါ ပိုမိုဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ဖြတ်ရပါမည်။
သွေးဖိအားနှင့် ကိုလက်စထရောထိန်းခြင်း
    ဆီးချိုသွေးချိုရောဂါရှိသူတိုင်းသည် သွေးဖိအားနှင့် ကိုလက်စထရောဓာတ်ကို ထိန်းရန်လိုအပ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားခြင်း၊ ပုံမှန်အားကစားပြုလုပ်ခြင်း၊ သွေးကျဆေးနှင့် သွေးတွင်းအဆီကျဆေးများ ပုံမှန်စားသုံးခြင်းများ ပြုလုပ်ရပါမည်။
အရက်လျှော့သောက်ခြင်း
    အရက်ကိုမသောက်ဘဲနေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့မသော် မသောက်ဘဲမနေနိုင်ပါက အသင့်အတင့်ပမာဏကို အစာနှင့်တွဲသောက်ရပါမည်။ အရက်သောက်သောပမာဏနှင့် သောက်ရင်းစား သည့် အမြည်းအမျိုးအစားပေါ်တွင်မူတည်၍ သွေးတွင်သကြားဓာတ် အတက်အကျဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။
သွားနှင့်ခံတွင်းကို ဂရုစိုက်ခြင်း
    ဆီးချိုသွေးချိုရှိသူတိုင်းသည် သွားနှင့်ခံတွင်း ရောဂါများ ပိုမိုခံစားရနိုင်ပါသည်။ နေ့စဉ် အနည်းဆုံး သွားနှစ်ကြိမ်တိုက်ခြင်း၊ သွားကြားထိုးကြိုးသုံး၍ တစ်နေ့တစ်ကြိမ် သန့်ရှင်းခြင်းနှင့်သွားနှင့် ခံတွင်းဆရာဝန် များနှင့် တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်ပြခြင်းများ ဆောင်ရွက်ရပါမည်။
ကာကွယ်ဆေးထိုးခြင်း
    ဆီးချိုသွေးချိုရှိသူတိုင်းတွင် သွေးတွင်းသကြားဓာတ်များ မြင့်တက်လာပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေသောကြောင့် လက်လှမ်းမီသမျှ ကာကွယ်ဆေးများ ထိုးနှံထားရပါမည်။
ခြေထောက်ကို အထူးစစ်ဆေးခြင်း
    ဆီးချိုသွေးချိုရောဂါရှိသူများ၏ ခြေထောက်တွင် အနာရှိပြီး ဆရာဝန်များနှင့် မကုသဘဲထားပါက ဖြတ် ပစ်ရသည်အထိ ဖြစ်ပေါ်တတ်ပါသည်။ ခြေထောက်ကို ကြက်သီးရေနွေးနှင့် နေ့စဉ်ဆေးကြော သန့်စင် ခြင်း၊ ခြေချောင်းကြားတွင်ပါမကျန် ညင်ညင်သာသာ ခြောက်သွေ့အောင် လိုးရှင်းများလိမ်းခြင်း၊ ခြေဖ၀ါး၊ ခြေချောင်းများတွင် အရည်ကြည်ဖု၊ ရှရာ ခြစ်ရာ၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းများ ရှိ၊ မရှိစစ် ဆေးရပါမည်။
နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုခံယူခြင်း
    ဆီးချိုသွေးချိုရောဂါရှိသူတိုင်းသည် အတွင်းတိမ်၊ ရေတိမ်ရောဂါများဖြစ်တတ်၍ မျက်စိကို ခြောက်လ တစ်ကြိမ် စစ်ဆေးရပါမည်။ (ကိုယ်ခန္ဓာကျန်းမာရေးအတွက် စစ်ဆေးမှုများ နှစ်စဉ်ပြုလုပ်ရပါမည်)
အကြံပြုချက်
    ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်ပြီး တတ်နိုင်သမျှ လေ့လာထားရပါမည်။ နေ့စဉ်းစားသင့်သော အစား အသောက်၊ ဆေးဝါး၊ ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ ဂရုစိုက်ရပါမည်။ ဆီးချို၊ သွေးချိုရောဂါ အထူးကုဆရာဝန်များနှင့်လည်း ဆွေးနွေးတိုင်ပင်သင့်ကြောင်း အကြံပြုအပ်ပါသည်။   


ဒေါက်တာမြင့်သန်းထွန်း
အတွဲ(၁၃)၊ အမှတ်(၁၅)

Popular Posts