August 19, 2016
ကော်ဖီအထွက်ကောင်းအောင် ကိုင်းဖြတ်ပုံသွင်းခြင်း
          ကော်ဖီပင်သည် သီးကိုင်းများမှ နှစ်နှစ်သီးပြီးပါက သီးအားကျသွားသည်။ ၄င်းသီးကိုင်းများကို ဖြတ်တောက်ပစ်၍ နောက်ထပ်သီးကိုင်းသစ်များကို ပြန်မွေးလိုက်နှင့်ကော်ဖီသက်တမ်းတစ်လျှောက်ပြုလုပ် ပေးမှသာလျှင် အစဉ်အထွက်ကောင်းကို ရရှိနေမည် ဖြစ်သည်။ သို့အတွက်ကော်ဖီပင်အား ကိုင်းဖြတ်ပုံသွင်း၍ သီးကိုင်းမွေးမြူခြင်းလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်နေရန် လိုအပ်သည်။
          ကော်ဖီပင်ကို ကိုင်းဖြတ်ပုံသွင်းရာတွင် သီးထွက်ကောင်းစေရန်အပြင် သီးထွက်ကောင်းစေရန် ဆောင်ရွက်ရသည့်လုပ်ငန်းများကို အထောက်အကူပြုသည့်ရည်ရွယ်ချက်များလည်း ရှိပါသည်။ ကော်ဖီတန်းများကြားတွင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် နေရာအကျယ်အ၀န်းလုံလောက်စွာ ရရှိစေခြင်း၊သက်ကြီးရင့်သောကိုင်းများ၊ ကိုင်းခြောက်များ၊ ရောဂါရသောကိုင်းများကိုဖြတ်တောက်ရန် လွယ်ကူစေခြင်း၊ ပိုးမွှားရောဂါပြန့်နှံ့စေမှုကို ကြိုတင်ကာကွယ်ပေးခြင်း၊ လွယ်ကူစွာ ဆွတ်ခူးရိတ်သိမ်းမှုပြုလုပ်နိုင်ခြင်း၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ အပင်အားဆေးဖျန်းရာတွင်တစ်ပင်လုံး ပျံ့နှံ့နိုင်အောင် ပက်ဖျန်းနိုင်ခြင်း၊ အသီးလွန်ကဲ၍ ကိုင်းဖြားခြောက် (Die-back) ရောဂါကာကွယ်နိုင်ခြင်း အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။
          ကော်ဖီကိုင်းဖြတ်ပုံသွင်းရာတွင် နည်းနှစ်နည်းကို အသုံးပြုဆောင်ရွက်ကြသည်။
          (၁) ပင်စည်တစ်ခုတည်းထားသောနည်း (Single Stem System)
          (၂) ပင်စည်အများထားသောနည်း (Multiple Stem System)များဖြစ်သည်။
          ပင်စည်တစ်ခုတည်းထားသော နည်းစနစ်တွင် ကော်ဖီပင်အား သီးထွက်နှစ်ကြိမ်ရသည်ထိ ပြုပြင်မှုလုံးဝမလုပ်ဘဲလွှတ်ထားသည်။ ထို့နောက်မှသာ သင့်တော်သောအမြင့်တွင် ထိပ်ဖျားကို ဖြတ်တောက်ပေးရသည်။ ဤသို့ဖြတ်လိုက်မှသာ ပင်စည်မကြီးမှ ပထမကိုင်းများ၊ ဒုတိယကိုင်းများ ဖြာထွက်လာသည်။ ၄င်းကိုင်းများသည် သီးကိုင်းများဖြစ်သည်။ ၄င်းသီးကိုင်းများသည် တစ်ကြိမ်၊ နှစ်ကြိမ်သီးပြီးပါက အသီးအားကျသွားသည်။ ၄င်းသီးကိုင်းများကို ပုံမှန်ဖြတ်တောက်ပေးခြင်းဖြင့် သီးကိုင်းသစ်များပုံမှန်ထွက်နေသည်။
          အကိုင်းများကို ဖြတ်တောက်ရမည့်ပုံစံမှာ ပထမကိုင်းများပေါ်တွင် ပင်စည်မကြီးမှ ကိုးလက်မအကွာအတွင်း အရွက်များ၊ အတက်၊ အညွန့်များကို ရှင်းရမည်ဖြစ်သည်။ ၄င်းနောက် ပထမကိုင်းမှထွက်လာသော ဒုတိယကိုင်းများနှင့် တတိယကိုင်းများကို အသီးနှစ်ကြိမ် သီးပြီးပါကကိုင်းရင်းမှ ဖြတ်တောက်ပေးရမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ပထမကိုင်းတစ်ကိုင်း ဒုတိယကိုင်း လေးကိုင်းသာ ထားသင့်သည်။ ပထမကိုင်း၏ အတစ် တစ်ဆစ်တွင် ဒုတိယကိုင်းတစ်ကိုင်းသာ ထားရမည်ဖြစ်သည်။ ပထမကိုင်းပေါ်တွင် ဒုတိယကိုင်းများကို ပုံသွင်းရာတွင် ပထမကိုင်း၏ မျက်နှာတစ်ဖက်စီတွင် အလှည့်ကျထားရမည်ဖြစ်သည်။ ပင်စည်မကြီးနှင့်အပြိုင်အပေါ်သို့ မတ်မတ်ထောင်တက်သွားသော ဒုတိယကိုင်းများ၊ ပင်စည်မကြီးဘက်သို့လှည့်နေသောဒုတိယကိုင်းများ၊ အတွင်းလှည့်နေသော ကိုင်းများကို ကိုင်းရင်းမှဖြတ်တောက်ပေးရန် လိုအပ်သည်။
          ပင်စည်မကြီးမှ ထွက်လာသောရေတက်များ (Suckers)အားလုံးကို အရင်းမှ ဖြတ်တောက်ဖယ်ရှားပေးရမည်ဖြစ် သည်။ သို့သော်လည်း တစ်ခါတစ်ရံကိုင်းသစ်များ ပြန်မွေးရန် လိုအပ်ပါက၄င်းကိုင်းများကို ပြန်လည်အသုံးပြုသည်လည်းရှိပါသည်။ အသီးနှစ်ကြိမ်ယူပြီးသော သီးကိုင်းများကို ပင်စည်အရင်းမှကပ်၍ ဖြတ်တောက်ပေးရန် လိုအပ်သည်။ အသီးယူပြီးသော သီးကိုင်းဟောင်းများကို ဖြတ်တောက်ရာတွင်ပင်စည်မကြီးအောက်ခြေမှ အပေါ်ဘက်သို့ ဆက်တိုက်ဖြတ်တောက်သွားသောအခါ ထိပ်ပိုင်းတွင် သီးထွက်ရှိသောကိုင်းများသည် ထီးပုံသဏ္ဌာန်ဖြစ်နေသည်။ ဤအခြေအနေထိရောက်သောအခါ ပင်စည်မကြီးအောက်ခြေမှ ငုတ်တိုဖြစ်အောင်တစ်ပင် လုံးဖြတ်တောက်ရမည်ဖြစ်သည်။
          ကင်ညာနိုင်ငံတွင် ကော်ဖီပင်အမြင့်ခြောက်ပေကျော်ထားရှိပြီး ခေါင်းဖြတ်ပေးပါသည်။ ပင်စည်မမှထွက်လာသော ပထမကိုင်းများမှ ဒုတိယကိုင်းများ မွေးမြူယူသောစနစ်ကို ကျင့်သုံးပါသည်။ ဟာဝိုင်းယီနိုင်ငံတွင် ကော်ဖီစိုက်ပြီး သီးထွက်နှစ်ကြိမ်ရသည်ထိ မည်သည့်ပြုပြင်မှုမျှမလုပ်ဘဲ လွှတ်ထားသည်။ ကော်ဖီပင် ၆ ပေ ၆ လက်မ၊ ၇ ပေ ၆ လက်မအမြင့်ရောက်မှ ထိပ်ဖြတ်ပေးပါသည်။ပင်စည်မကြီးမှထွက်လာသော ပထမကိုင်း၊ ဒုတိယကိုင်းများကို ယူ၍ အသီးယူပါသည်။ ကင်မရွန်နိုင်ငံတွင် အပင်အမြင့် ၂ ပေ ၃ လက်မအမြင့်တွင်တစ်ကြိမ်၊ အမြင့် ၄ ပေတွင်တစ်ကြိမ်၊အမြင့် ၅ ပေ ၆ လက်မတွင်တစ်ကြိမ်ခေါင်နှိမ်၍ သီးကိုင်းများမွေးမြူယူသည့်စနစ်ကို အသုံးပြုပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အမြင့် ၆ ပေ ၆ လက်မတွင် ခေါင်နှိမ်၍ သီးကိုင်းမွေးသည့်စနစ်ကို အသုံးပြုပါသည်။
          ပင်စည်အများထားသော နည်းစနစ်(၄)မျိုး ရှိပါသည်။ ၄င်းတို့မှာ အကိုင်းဖြတ်တောက်ပေးခြင်း၊ အပင်ကွေးပေးခြင်း၊ စောင်း၍စိုက်ပျိုးခြင်း၊ အပင်အများအပြားစိုက်ပျိုးခြင်းတို့ဖြစ်သည်။
          ပင်စည်အများ ထားသောစနစ်တွင် ပင်စည်ရှိ အကိုင်းအခက်များမှတစ်စိတ်တစ်ဒေသကို ပထမဖြတ်တောက်ပေးပြီး ၄င်းဖြတ်ရာဖက်မှ အနည်းဆုံးကိုင်းသစ်တစ်ခုပေါ်လာပြီး အမြန်ကြီးထွားလာမည်ဖြစ်သည်။ ၄င်းသည် ပင်စည်မကြီးတစ်ခုအဖြစ် အပင်အားထိန်းထားမည်ဖြစ်သည်။ ပင်စည်မကြီးကို ထပ်မံဖြတ်တောက်သောအခါ ဖြတ်သောနေရာအောက်မှကိုင်းသစ်အမြောက်အများ ထွက်လာပါသည်။ ၄င်းကိုင်းသစ်များထဲမှ သန်မာကြီးထွားသောကိုင်းများကို မိမိလိုချင်သလောက်ချန်၍ ကျန်ကိုင်းများကို ဖြတ်တောက်ြပီး အပင်အများထားသည့်ပုံစံသို့ ပြောင်းယူသည်။
          ပင်စည်အများထားသော နည်းစနစ်တွင် ကော်ဖီပင်များကို အစဉ်ဂရုစိုက်၍ကိုင်းဖြတ်ပုံသွင်းနေရန် လိုအပ်ပါသည်။ သို့မှသာ မိမိမျှော်မှန်းသော သီးထွက်ကိုရရှိနိုင်မည်ဖြစ်သည်။ ပင်စည်များထားသော နည်းစနစ်တွင် မိမိကြိုက်နှစ်သက်ရာပထမကိုင်းသစ်များကို ပုံသွင်းယူရသည်။ မလိုလားအပ်သော ကိုင်းပိုများကို ကနဦးကတည်းက ဖြတ်တောက်ဖယ်ရှားပေးထားရန်လိုပါသည်။ မြေကြီးနှင့်နီးကပ်လွန်းသော ကိုင်းများ၊ အခြားပင်စည်ကိုင်းများနှင့် ထပ်နေသောကိုင်းများ၊ အတွင်းသို့လှည့်နေသောကိုင်းများ၊ ထောင်မတ်မတ်ထွက်နေသော ကိုင်းများကိုဖယ်ရှားပစ်ရမည်ဖြစ်သည်။ တစ်ဖန်အသီးလွန်ကဲမှုမဖြစ်စေရန် ပထမကိုင်းများအရေအတွက်ကို ကန့်သတ်ချန်လှပ်ရန် သတိပြုရန် လိုအပ်ပါသည်။
          ကော်ဖီပင် လေးငါးနှစ်သီးပြီးနောက်ကိုင်းများ အိုမင်းလာပါသည်။ ကိုင်းဟောင်းများကို ဖြတ်တောက်ပေး၍ကိုင်းသစ်များ အစားထိုးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ကိုင်းဟောင်းများ မဖြတ်တောက်မီ တစ်နှစ်ခွဲ၊ နှစ်နှစ်ခန့်ကြိုတင်၍ အပင်မကြီးအား ပြုစုခြင်းလုပ်ငန်းကို ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ ကော်ဖီပင် ပင်မပင်စည်ဖြတ်တောက်ရတော့မည်ဆိုလျှင် မဖြတ်မီကတည်းက အောက်ခြေနားတွင် ကိုင်းသစ်အတက်များ နှစ်တက်မှ သုံးတက်ကြိုမွေးထားရမည်ဖြစ်သည်။ မွေးထားသောကိုင်းသစ်သားတက်များ ကြီးထွားလာပြီဆိုပါက မူလပင်စည်ကိုင်းမကြီးကိုလွှဖြင့် ဖြတ်တောက်ရမည်။ ၄င်းအပြင်ကြီးထွားလာသော ကိုင်းသစ်များကို ၂ ပေ ၆ လက်မနေရာမှ ခေါင်နှိမ်ပေးရမည်ြဖစ်သည်။ ကိုင်းများကိုဖြတ်တောက်ရာတွင် တုံးနေသော ဓား၊ တုံးနေသောကပ်ကြေး၊ ရဲတင်း စသည်များနှင့်မဖြတ်တောက်ရပါ။ ဖြတ်ရာထိပ်အသားများဖွာလန်ပြီး ၄င်းနေရာမှ ရောဂါဝင်နိုင်ပါသည်။ မိုးရေဝင်၍ ပုပ်သွားနိုင်ပါသည်။ လွှထက်ထက်ကိုသာ အသုံးပြုရမည်ဖြစ်ပါသည်။ ပင်စည်ဖြတ်ထားသောနေရာကို ဘော်ဒိုဆေးရည်၊ သင်္ဘောဆေး သုတ်လိမ်းထားရန် လိုအပ်သည်။ ရောဂါ၊ မှိုမဝင်စေရန် ဖြစ်ပါသည်။
          ကိုင်းဖြတ်ပုံသွင်းခြင်းများကို နားလည် လွယ်အောင် အတိုချုံးကောက်နုတ် တင်ပြပါမည်။ ကော်ဖီစိုက်ခင်းသစ်များတွင် ပထမကိုင်းများကို ပင်စည်မကြီးနှင့်ကပ်လျက်ရှိသော အရင်းဖက် ကိုးလက်မအတွင်း အရွက်၊ အညွန့်၊ အတက်များပြောင်အောင် ရှင်းပစ်ရမည်။ မြေနှင့်ထိနေသောကိုင်းများကို ဖြတ်ပစ်ရမည်။ ပထမကိုင်းမှထွက်လာသော ဒုတိယကိုင်းများကို သီးကိုင်းအဖြစ် မွေးယူရမည်။ အသီးကိုင်းများမှ နှစ်နှစ်သားတွင် အသီးရယူပါ။ ဒုတိယအသီးခူးပြီးချိန်တွင် ၄င်းကိုင်းများကို အရင်းမှဖြတ်ရမည်။ ပင်မပင်စည်အမြင့်ခြောက်ပေရှိချိန်တွင် ခေါင်ညွှန့်ဖြတ် ခေါင်နှိမ်ပေးရန် လိုအပ်ပါသည်။ ပင်စည်မကြီးမှ သီးကိုင်းသစ်များ ထပ်မံထွက်လာမည် ဖြစ်ပါသည်။
          ကော်ဖီစိုက်ခင်းဟောင်းများထဲတွင်အောက်ဆုံးဖြာထွက်သော အကိုင်းများ မြေပြင်မှအမြင့် လေးပေရှိချိန်တွင် ပင်စည်မကြီးအခြေမှထွက်သော သားတက်များကို မွေးထားရန်လိုပါသည်။ သီးကိုင်းများတစ်နှစ်သားရှိချိန်တွင် ပင်စည်မကြီးကို ၁၈ လက်မအမြင့်မှ ဖြတ်တောက်ပေးရန် လိုပါသည်။ သီးကိုင်းများအနက် အသန်မာဆုံး နှစ်နှစ်သားအရွယ်တွင် ဒုတိယကိုင်းများကို အသီးစတင်ခံယူနိုင်ပါသည်။ ဒုတိယကိုင်းပေါ်တွင် နှစ်နှစ်မှ သုံးနှစ်အထိသာ အသီးခံယူသင့်ပါသည်။
          ကော်ဖီပင်ကိုင်းများ ဖြတ်ပုံသွင်းရာတွင် အောက်ခြေပင်မပင်စည်ကြီးကို ငုတ်တိုဖြစ်အောင်ဖြတ်ရသည်ဖြစ်ရာ စိုက်ခင်းသီးထွက်ရပ်သွားမှု မဖြစ်ပေါ်စေရန်အတွက် စိုက်ခင်းတစ်ခုချင်း တစ်လှည့်စီ ကိုင်းဖြတ်သည့်စနစ်နှင့် စိုက်ခင်းတစ်ခုအတွင်း အတန်းများအလှည့်ကျကိုင်းဖြတ်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။ (ဥပမာ - ကော်ဖီလိုင်း တစ်ဖြတ်၊ လေးဖြတ်၊ နှစ်ဖြတ်၊ ငါးဖြတ်၊ သုံးဖြတ်နည်းစနစ်)
          အထူးသတြိပုရန်မှာ ကော်ဖီပင်ကိုင်းဖြတ်ရတော့မည်အချိန်ရောက်လျှင် မဖြတ်မီ တစ်လနှစ်လကြိုတင်၍ အတန်းကြားပေါင်းရှင်းမြေဆွခြင်း၊ လိုအပ်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကိုကြိုတင်ကျွေးထားခြင်း ၊ မိုး မရွာ သော ရာသီဖြစ်ပါက ရေသွင်းခြင်းတို့ကို ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ ကော်ဖီအတန်းကြား ပေါင်းရှင်းမြေဆွ၊ မြေဩဇာကျွေးပြီးပါက ကော်ဖီပင်ခြေများတွင် ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးပေး၍ မြက် ခြောက်များဖြင့် ဖုံးပေး၍ အစိုဓာတ်ကို ထိန်းပေးထားရန် လိုအပ်ပါသည်။
အောင်ဆန်း (စိုက်ပျိုးရေး)
အတွဲ(၁၃)၊ အမှတ်(၁၆)
Popular Posts