တို့ကျေးရွာဦးကြီးများသည် မိမိတို့စိုက်ခင်းများတွင်
ကျရောက်သော အင်းဆက်ပိုးများကို အများအားဖြင့် ဓာတုပိုးသတ်ဆေးသုံး၍ ကာကွယ်နှိမ်နင်းလေ့ရြှိကပါသည်။
ဓာတုပိုးသတ်ဆေးအသုံးမပြုလျှင် ကျရောက်သော အင်းဆက်ပိုးမွှားများအား မနှိမ်နင်းနိုင်ဟု
အထင်ရှိတတ်ကြသည်။
မဟုတ်ပါ။ လူတိုင်း၌ဖြစ်ပွားသောရောဂါတစ်ခုကို
မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်သကဲ့သို့ စိုက်ခင်းများတွင်လည်း ပိုးမွှားများအလွန်အမင်းမကျရောက်မီ
ကြိုတင်ကာကွယ်နိုင်ပါသည်။ ကြိုတင်ကာကွယ်နည်းများကို ဖော်ပြရသော်.....
မြေယာပြုပြင်ခြင်းနည်း
တောင်သူများတို့သည် မည်သည့်သီးနှံမျိုးကို
စိုက်ပျိုးသည်ဖြစ်စေ မြေယာပြုပြင်မှုကို ဦးစွာလုပ်ကြရသည်။
လယ်မြေ၊ ယာမြေတို့ကို ပေါင်းမြက်ရှင်းပြီးသည်နှင့်
စက်ထယ်ဖြင့် ဖြစ်စေ၊ နွားထယ်ဖြင့်ဖြစ်စေ ထိုးလှန်ပစ်ရပါသည်။ ထိုးပြီး ထယ်စာခဲများကို
ကြေမွသွားစေရန်အတွက် အထပ်ထပ် ထွန်ယက်ကြရသည်။ ထိုသို့ အထပ်ထပ် ထွန်မွှေခြင်းများ၊ စနစ်ကျစွာ
ထွန်ရေးညက်အောင်ပြုလုပ်ခြင်းများသည် မြေလွှာတွင်း ပုန်းခိုနေသော အင်းဆက်ပိုးကောင်များ၊
လောက်ကောင်များနှင့် ရုပ်ဖုံးများကို ပုံမှန်နေထိုင်မှုပျက်ပြားစေပြီး အချို့မှာ မြေစာခဲများအောက်
ပိညပ်သေဆုံးကြရသည်။ အချို့ပိုးမွှားများက ထယ်ခဲများ ထိုးလှန်လိုက်သည်နှင့် မြေပေါ်ထွက်လာကာ
ကြက်၊ ငှက်ထိုးသုတ်စားသောက်ခြင်းခံကြရသည်။ အချို့ပိုးမွှားများမှာလည်း နေပြင်းဒဏ်ကြောင့်
အလိုလိုသေကြေကြရပါသည်။
သီးနှံပင်များ ကြီးထွားမှုအားကောင်း ချိန်တွင်
ကြားလိုက်ပေါင်တင်ခြင်းများသည် အပင်တန်းများအကြား ခိုအောင်းနေသော ပိုးမွှားများနှင့်
မြေလွှာအတွင်းနေထိုင်သော မြေတွင်းပိုးမွှားများအားများစွာထိခိုက်ပျက်စီးစေပါသည်။
ပိုးမွှားများ အလွန်ကြိုက်သော ပဲတီ စိမ်းသီးနှံတွင်
ပေါင်းမြက်ရှင်း၍ ပေါင်တင်ခြင်းကဲ့သို့ မြေယာပြုပြင်မှုမှာ အရေးကြီးလှသည်။ ပေါင်းမြက်မရှင်း၊
ပေါင်မတင်သော သီးနှံများတွင် ပိုးမွှားများကျရောက်မှုမှာ ပို၍ဆိုးရွားတတ်ပါသည်။
ရေသွင်းပေးခြင်းနည်း
သီးနှံစိုက်ခင်းများအား လိုအပ်သလိုရေသွင်းပေးခြင်းနည်းဖြင့်လည်း
ပိုးမွှားများ အလွန်အမင်းကျရောက်မှုကို ဟန့်တားနိုင်ပါသည်။
မိမိတို့စိုက်ခင်းကို ရေသွင်းပေးခြင်းဖြင့်
အပင်များခြေရင်း၊ မြေလွှာအတွင်းခိုအောင်းနေသော ပိုးကောင်ကြီးများ၊ ရုပ်ဖုံးများကို သေကြေပျက်စီးစေပါသည်။
အမြစ်စားပိုးများ ကျရောက်နေပါကလည်း ရေသွင်းပေးခြင်းနည်းဖြင့်သုတ်သင်နိုင်ပါသည်။
သီးနှံပင်များကို ရေသွင်းပေးပါက လိုအပ်သည့်
အစိုဓာတ်ရရှိသော သီးနှံပင်များမှာ ကြီးထွားသန်မာ၍ မလွှဲမရှောင် ကျရောက်သော ပိုးများဒဏ်ကိုလည်း
ခံနိုင်ရည်ရှိလာပါသည်။
ရေသွင်းပေးခြင်းနည်းဖြင့် ပိုးမွှားကျရောက်မှုကို
ဟန့်တားနိုင်သကဲ့သို့ တစ်ခါတစ်ရံ ပိုးမွှားကျရောက်မှုအတွက် ရေထုတ်ပေးခြင်းနည်းကိုလည်း
အသုံး ပြုသင့်ပါသည်။ ဥပမာ- စပါးပင်တွင်ကျရောက်နေသော ပိုးမွှားများအတွက်စပါးပင်ကို ဝါးလုံးဖြင့်ဖိရိုက်ကာ
ပိုးမွှားများရေထဲကျရောက်ပြီးသောအခါမှရေကိုထုတ်ပစ်လိုက်လျှင် ရေစီးနှင့်အတူ ပိုးမွှားများမျောပါ
သေဆုံးကြပါလိမ့်မည်။
သီးညှပ်စိုက်ပျိုးခြင်းနည်း
သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ စိုက်ခင်းတစ်ခုတည်းတွင်
သီးနှံနှစ်မျိုး ရော၍စိုက်ပျိုးခြင်းဖြစ်သည်။ ဤနည်းစနစ်ကိုအသုံးပြုလိုပါက အဓိက သီးနှံနှင့်
အခြားတွဲဖက်ရမည့် သင့်တော်သော သီးနှံကို ရွေးချယ်တတ်ဖို့ လိုအပ်လှသည်။ တောင်သူ ဦးကြီးတို့အနေဖြင့်
ထိုနည်းသည် ပိုးမွှားကာကွယ်ရေးအတွက် အလွန်ကောင်းမွန်လှသောနည်းဖြစ်ရာ တွဲဖက်ရောညှပ်စိုက်ပျိုးသင့်သော
သီးနှံများကိုလည်းသိရှိအောင် လေ့လာထားသင့်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း နည်းစနစ်သည်အပင်၏
အနံ့အသက်အရ အဓိကသီးနှံတွင် ကျရောက်မည့် ပိုးမွှားများကို ဟန့်တားပေးခြင်းဖြစ်ပါသည်။
ဥပမာပဲစင်းငုံကို မိုးနှမ်းနှင့် သီးညှပ်စိုက်ပျိုးသောအခါ ကြီးမားမှုမြန်ဆန်သော နှမ်းပင်က
ဖုံးအုပ်ထားသောကြောင့် ပဲစင်းငုံတွင် လှေးကျိုင်းကျရောက်မှု ကင်းဝေး၍ ပဲစင်းငုံပင်များရှင်သန်ကြီး
ထွားမှုအားကောင်း စေပါသည်။ သုံးလပြည့်၍ နှမ်းများ ရိတ်သိမ်းပြီးသောအခါတွင် ပဲစင်းငုံပင်များမှာ
ကြီးထွားပြီးဖြစ်၍ လှေးကျိုင်းကျရောက်မှုနည်းပါးသွားပါသည်။ အနည်းအပါးကျရောက်သော လှေးကျိုင်းပိုးများဒဏ်ကိုလည်း
ပဲစင်းငုံများက မကြောက်တော့ပါ။
ပြောင်းကို သီးသန့်စိုက်ပျိုးပါကအပျက်အစီးများ
တတ်ပါသည်။ ပြောင်းကို မြေပဲနှင့် သီးညှပ်စိုက်ပျိုးခြင်းဖြင့်ပြောင်းတွင် အဓိကကျရောက်ဖျက်စီးတတ်သည့်
ပြောင်းပင်စည်ထိုးပိုးအန္တရာယ်ကို သက်သာစေပါသည်။ ပြောင်းပင်နှင့်ပဲတစ်မျိုးမျိုးရောညှပ်စိုက်ပျိုးခြင်းဖြင့်လည်း
ရွက်စားပိုးနဂါးများ ကျရောက်မှုကို လျော့နည်းစေပါသည်။ ပြောင်းကိုပဲလွန်းနှင့် ရောညှပ်စိုက်ပျိုးပေးပါက
ပြောင်းတွင်ကျရောက်မည့် ပင်စည်ထိုးပိုးကို လျော့နည်းစေပါသည်။
ဂေါ်ဖီထုပ်ခင်းများတွင် ခရမ်းချဉ်ရောနှောစိုက်ပျိုးပေးပါက
ဂေါ်ဖီတွင်ကျရောက်သည့် စိန်ကွက်ဖလံပိုးများကိုအထိုက်လျောက် သက်သာစေပါသည်။ ပဲစိုက်ခင်းများတွင်
တရုတ်နံနံ၊ ကုလားနံနံပင် များကို ရောနှောစိုက်ပျိုးထားခြင်းဖြင့် ပဲခင်းအတွင်းသို့
ကျရောက်မည့်ပဲတောင့်ထိုးပိုးများကို ဟန့်တားမှုဖြစ်စေပါသည်။ ဤနည်းစနစ်တွင် သတိပြုရမည်မှာ
မသင့်လျော်သော သီးနှံနှစ်မျိုးရောနှော မစိုက်ပျိုးမိစေရေး ဖြစ်ပါသည်။
မျိုးကောင်းမွန်ခြင်း
အင်းဆက်ပိုးများကို ကြိုတင်ကာကွယ်သောနည်းများတွင်
သီးနှံမျိုးသည်လည်း အရေးကြီးပါသည်။
သီးနှံမျိုးများတွင် ဒေသစိုက်မျိုးများသည်
အထွက်နှုန်းနည်းတတ်သော်လည်းရာသီဥတုဒဏ်နှင့် ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိကြပါသည်။ ပြည်ပမှတင်သွင်းသည့်မျိုးများ၊
စပ်မျိုးများသည် အထွက်နှုန်း ကောင်းမွန် သော်လည်း ရာသီဥတုနှင့် ပိုးမွှားဒဏ်ကို ခံနိုင်ရည်
နည်းပါးကြသည်။
ယနေ့ခေတ်သည် မျိုးရိုးဗီဇပညာရပ်များ ထွန်းကားလာရာ
သီးနှံများတွင်ဖျက်ပိုးများဒဏ်ကို ခံနိုင်သော မျိုးဗီဇများထည့်သွင်း ထုတ်လုပ်လာကြပြီ
ဖြစ်သည်။ ဦးကြီးတို့အနေဖြင့် ရွေးချယ်စိုက်ပျိုးတတ်ဖို့သာ လိုအပ်လှ ပါသည်။
အချို့သီးနှံများသည် ဖျက်ပိုးများဒဏ်ကို
ခံနိုင်သည့်မျိုးဗီဇမရှိကြသော်လည်းကြီးထွားသန်မာမှု မြန်ဆန်သောကြောင့်ပိုးမွှားများ၏
ဖျက်ဆီးစားသောက်မှုကိုအံတုနိုင်ပါသည်။ အကယ်၍ ပိုးများမှဖျက်ဆီးစားသောက်ခဲ့ပါကလည်း ပြန်လည်နာလန်ထူမှု
အားကောင်းကြပါသည်။
စာရေးသူ၏ အတွေ့အကြုံအရစိုက်ခင်းတစ်ခုတွင်
သီးနှံတစ်မျိုးတည်းကို အထပ်ထပ်အခါခါအသုံးပြု စိုက်ပျိုးခြင်းဖြင့်လည်း ပိုးမွှားများကျရောက်မှုများပြားလာတတ်ပါသည်။
မည်မျှကောင်းသည့် မျိုးပင်ဖြစ်ပါစေ စိုက်ခင်းတစ်ခုတည်းထဲ၌ အထပ်ထပ်အခါခါမစိုက်ပျိုးသင့်ပါ။
အချို့သော သီးနှံများသည် ပင်ကိုယ်ဗီဇအရပင်
ပိုးမွှားအမျိုးအစားပေါ်လိုက်၍ခံနိုင်ရည်ရှိသည် များလည်း ရှိပါသည်။ နှံစားပြောင်းသည်
အညွန့်ထိုးပိုးကိုမကြောက်ပါ။ အချို့စပါးမျိုးများသည် ပြုတ်ညိုပိုးဒဏ်ကို ခံနိုင်ရည်ရှိကြပါသည်။
အပင်သန်စွမ်းမှုကောင်းမွန်ခြင်း
မိမိတို့စိုက်ပျိုးပင်များ၏ အပင်သန်စွမ်းမှုသည်လည်း
ပိုးမွှားများ ကျရောက်ဖျက်ဆီးမှုနှင့် ဆက်စပ်နေပါသည်။ သီးနှံပင်များ ကျန်းမာသန်စွမ်း၍
အာဟာရဓာတ် ပြည့်စုံနေပါက ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်အားကောင်းကြပါသည်။ သီးနှံပင်
ငယ်ရွယ်စဉ် ပိုးမွှားဒဏ်ကိုခံလိုက်ရပါက နာလန်ထူဖို့ အတော်ဂရုစိုက်ရပါသည်။ အလှည့်မသင့်ပါက
အပင်များပြုတ်ပြုတ်ပြုန်း၍ ပြန်စိုက်ပျိုးရသည်အထိ
ဖြစ်တတ်ပါသည်။ ဥပမာ- ပဲစင်းငုံတွင်အပင်ငယ်စဉ် လှေးကျိုင်းကျရောက်ပါက စိုက်ခင်းတစ်ခုလုံး
ပျက်စီးနိုင် ပါသည်။
ဦးကြီးတို့သည် အများအားဖြင့်စိုက်ခင်းများတွင်
အပင်ကြီးထွားမှုမြန်စေရန် ယူရီးယား(ပုလဲ)ကို အလွန်အမင်း ကျွေးတတ်ြကပါသည။် ယူရီးယားကြောင့်အပင်ကြီးထွားမှုမြန်သည်
မှန်သော်လည်းသီးနှံပင်များသည် စိမ်းစိုနုသစ်၊ အရည်ရွမ်းလာသည့်အတွက် သစ်ရည်းစုပ်ပိုးများ
ကျရောက်ဖျက်ဆီးလားနိုင်ပါသည်။ သုတေသနများအရ ယူရီးယားကျွေးထားသောအပင်များတွင် မွှားပင့်ကူနီသည်
တစ်နေ့ ၁၀ လုံးဥ၍ နှုန်းထားလျော့သုံးသော အပင်များတွင် ဥ ငါးလုံးသာ ဥပါသည်။ ပျပိုးများသည်လည်း
ယူရီးယားကျွေးလွန်းသော အပင်များတွင် ပိုမိုကျရောက်၍ အပင်များ ပုံပျက်နုထွတ်သည်အထိဖြစ်တတ်သည်
ဟု ဆိုထားပါသည်။
သို့ဖြစ်၍ စိုက်ခင်းများတွင် ဓာတုဓာတ်မြေဩဇာသက်သက်
အလွန်အမင်းသုံးစွဲခြင်းကို ရှောင်ကြဉ်ကာ သဘာဝမြေဆွေး၊ နွားချေးမြေဆွေးတို့နှင့်သာရောစပ်၍
သင့်တင့်မျှတစွာ သုံးစွဲသင့်ကြ ပါသည်။
သီးနှံစိုက်ပျိုးချိန်
စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှုနှင့်ဆက်စပ်၍
သီးနှံစိုက်ပျိုးချိန်သည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါသည်။ပိုးမွှားတို့၏သဘောသည် ၄င်းတို့
ကြိုက်နှစ်သက်သော ရာသီဥတုတွင် ပိုမိုပေါက်ဖွားလေ့ရှိပါသည်။
သို့ဖြစ်ရာ ပိုးမွှားအန္တရာယ်လျော့ပါးရေးအတွက်
သီးနှံစိုက်ပျိုးချိန်သည် ပိုးမွှားများပေါက်ဖွားမှု ကောင်းသော ရာသီအချိန်အခါမျိုး မဖြစ်ဖို့လိုအပ်လှပါသည်။
ဦးကြီးတို့အနေဖြင့် အလင်းရောင်၊ အပူချိန်တို့အပေါ် မူတည်၍ သီးပွင့်ကြသော မျိုးများထက်
နွေ၊ မိုး မရွေး သက်တမ်း အလိုက် ဖူးပွင့်ကြသော စပါးမျိုးများကိုစိုက်ပျိုးသင့်ပါသည်။
ဦးကြီးတို့အတွက်သက်တမ်းအလိုက် မျိုးများဖြစ်ပါမှလည်းပိုးမွှားပေါက်ဖွားမှု အားကောင်းချိန်ကိုရှောင်ရှားစိုက်ပျိုးနိုင်ပါမည်။
နွေစပါးများသည် မိုး စပါးများထက် ပိုးမွှားများကျရောက်မှု နည်းပါးခြင်းမှာ ဤအချက်ကြောင့်ပင်ဖြစ်
ပါသည်။
လက်လုပ်နည်းများ
ဓာတုပိုးသတ်ဆေးမသုံးဘဲ လက်လုပ်အားဖြင့်လည်း
စိုက်ခင်းတွင် ကျရောက်သည့်ပိုးမွှားများကို သုတ်သင်ရှင်းလင်းနိုင်ပါသည်။ လက်လုပ်နည်း(လူလုပ်အား)ဖြင့်
ပိုးမွှားများကို သုတ်သင်နိုင်ပုံများမှာ အမြားအပြားရှိရာ အချို့ကို ကောက်နုတ်တင်ပြလိုပါသည်။
သီးနှံစိုက်ခင်းများတွင် ပုရွက်ဆိပ်များ
အပင်ပေါ်သို့ တက်နေသည်ကို မြင်တွေ့ရပါက ၄င်းအပင်များတွင် ပျများကျရောက်နေပြီဖြစ်ပါသည်။
ထိုအခါမျိုးတွင် ပျကောင်ရေ အရေအတွက်ကိုသတိထား ကြည့်၍ အကောင်ရေနည်းပါက အပင်အညွန့်တို့ကို
ဆုတ်ယူနင်းချေပစ်ရပါမည်။
မြေပဲခင်းများတွင် ရွက်လိပ်၊ ရွက်ကပ်ပိုးများ
ကျရောက်စအခါ ဖြစ်ပါကဆေးဖျန်းပုံးတွင် ရေသန့်သန့်ထည့်၍ပက်ဖျန်းပေးခြင်းဖြင့် ရွက်လိပ်ပိုးများသေဆုံးကြပါသည်။
မည်သည့်ပိုးသတ်ဆေးမျှ သုံးရန်မလိုပါ။
သရက်ပင်များ၊ မာလကာပင်များတွင် သီးထိုးယင်မှ
ကာကွယ်ရန်အတွက်စက္ကူအိတ်များ စွပ်ပေး ရပါမည်။ တိုးတက်ပြီး နိုင်ငံများတွင်မူ စိုက်ခင်းကိုမှန်လုံအိမ်များပြုလုပ်၍
အပူချိန်၊ အလင်းရောင်တို့ကို ထိန်းညှိခြင်းနှင့်အတူ ပိုးမွှားကျရောက်မှုကို ကာကွယ်ထားပါသည်။
စပါးခင်းအပါအဝင် စိုက်ခင်းများတွင် ပိုးများကျရောက်လွန်းပါက
"မီးထောင်ချောက်"ထွန်းခြင်းနည်းကို ပြုလုပ်ပေးနိုင်ပါသည်။ စိုက်ခင်းတွင်
ထွန်းထားသော မီးထောင်ချောက်သို့ ညအခါတွင် ပိုးများလာရောက်သည့်အတွက် သေကြရပါသည်။
"ပိုးဖလံမျိုး...မီးကိုတိုး" ဟူသော မြန်မာဆိုရိုးစကားအတိုင်းပင် ဖြစ်ပါသည်။
ဤနေရာတွင် မီးထောင်ချောက် ပြုလုပ်ပုံကို တင်ပြလိုပါသည်။ ရေနံဆီ သို့မဟုတ် ဒီဇယ်ဆီသုံးထားသော
မီးတုတ်ကို ရေထည့်ထားသော ဗန်းအလယ်တွင် အုတ်ခဲ၊ သစ်တုံးတို့ကိုအသုံးပြုထောင်ထား၍ မီးထွန်းပေးပါ။
မီးတုတ်၏ မီးတောက်ချိန်မှာ အနည်းဆုံးနှစ်နာရီ ကြာမြင့်သင့်ပါသည်။
သတိထားရမည်မှာ မီးထောင်ချောက်သည် တစ်ညလုံး
ထွန်းညှိရန်မဟုတ်ဘဲ ညဦးပိုင်း ၆ နာရီမှ ၈ နာရီခန့်သာ ဖြစ်သင့်ပါသည်။ မီးထောင်ချောက်၏မီးအလင်းရောင်သည်
ပေ ၁၀ဝ အကွာမှ ပိုးများကိုသာ ဆွဲဆောင်နိုင်သဖြင့် ပေ ၁၀ဝ အကွာအဝေးအတိုင်း မီးထောင်ချောက်တစ်ခု
ပြုလုပ်သင့်ပါသည်။
အရေးကြီးသည်မှာ "မီးထောင်ချောက်"နည်းကို
အသုံးပြုတော့မည်ဆိုပါက တစ်ရွာလုံး၊ တစ်မြို့နယ်လုံး၊ တစ်ကွင်းလုံးစုပေါင်း လှုံ့ဆော်ဆောင်ရွက်သင့်ပါသည်။
တစ်ဦးတည်း၊ တစ်ယောက်တည်းမဆောင်ရွက်သင့်ပါ။
ဓာတုပိုးသတ်ဆေးမသုံးဘဲ ပိုးမွှားများ ကျရောက်မှုကို
ကြိုတင်ကာကွယ်သော နည်းများမှာ ယခုဖော်ပြပါအချက်များနှင့် ပြီးပြည့်စုံသည်မဟုတ်သော်လည်း
ဦးကြီးတို့၏ လက်တွေ့စိုက်ပျိုးရေးနယ်ပယ်နှင့် ဆက်စပ်သည်ဟု ယူဆသော အချက်များကို တင်ပြပေးလိုက်ပါသည်။
တို့ကျေးရွာဦးကြီးများ စိုက်ပျိုးရေးဗဟုသုတ ကြွယ်ဝကြပါစေ။
ကျော်ဟန်
(မြန်မာစာ)
အတွဲ(၁၃)၊ အမှတ်(၁၆)