July 29, 2016

မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များထုံမွှမ်းသည့် လမြတ်ဝါဆို


ဝါဆိုလသည် မြန်မာ့ရာသီစက်ဝန်း၏ စတုတ္ထမြောက်လဖြစ်သည်။ ဝါဆိုလသည် နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်သည်။ အင်္ဂလိပ်ပြက္ခဒိန်တွင် ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။ ဝါဆိုလတွင် မြင့်မိုရ်တောင်၏ အရံတောင်တစ်လုံးဖြစ်သော ယုဂန္ဓိုရ်တောင်ပေါ်တွင် ပြုဗ္ဗာသာဠ်နက္ခတ် ထွန်းပေါ်သော ရာသီလည်းဖြစ်သည်။ ရာသီခွင်အရမူ ဝါဆိုလကို "ကြကဋ်"၊ "ကရကဋ်" ရာသီဟု ခေါ်ဆိုကြသည်။ "ကိုးခွင်ငယ်မှိုင်းပါလို့ မြင်တိုင်းမှာတဲ့မည်းညို၊ လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက၊ ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။ ဆင်တာရာငယ် ရာသီကရကဋ်၊ နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော အခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို မာလာမင်းက၊ သင်းလှတယ်လေး" ဟူ၍ မဟာအတုလမင်းကြီးက ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်းတွင် အထက်ပါအတိုင်း ဝါဆိုလကို ဖွဲ့ဆိုထားသည်။ ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လ တွင် နေ့တာအရှည်ဆုံးလဖြစ်သည်။


"ဝါဆိုဝါခေါင်ရေဖောင်ဖောင်" ဆိုသည့်အတိုင်း ဝါဆိုလတွင် မိုးများရွာသွန်းပြီး ရာသီမှ အေးမြသာယာလှ သည်။ မိုးဦးလေဦးဖြစ်၍ "လျှပ်ပန်းခွေနွဲ့၊ လေသွဲ့ယူငင်၊ မြူမင်ရစ်ဖုံး၊ ထစ်ချုန်း စစ်ရှုံးသူရာ၊ အမျက်ဟောင်း ကြောင့်၊ ချက်ကောင်းကိုသာ" ဟူသည့် ကဗျာအတိုင်း မိုးသက်လေပြင်းတို့က အညှိုးတကြီးရွာသွန်းလေ့ရှိသည်။ "တိမ်ညိုမှိုင်းထပ်၊ ပြက်ချက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက" ဟူ၍ နတ်သျှင်နောင်ရေးဖွဲ့ခဲ့သည့် ပေါ်နွေလလျှင်ရတုမှာ ဝါဆိုလအကြောင်းဖွဲ့နွဲ့သည့် ထင်ရှားသည့် ရတုတစ်ပုဒ်ဖြစ်သည်။

ဝါဆိုလ၏ပန်းမှာ မိချောင်းပန်းဖြစ်သည်။ "ဝါဆိုလပြောင်း မိချောင်းဖွေးဖွေး မိုးအေးအေး" ဟုဆိုရိုးရှိ သည်။ မြစ်ချောင်းအင်းအိုင်တို့တွင် ရေများပြည့်လျှံနေသည်။ ပုန်းညက်ပန်း မာလာပန်းတို့ ပွင့်လန်းသောလလည်း ဖြစ် သည်။ "စိန်ရွှေမွမ်းမံ၊ ကညာပျိုအလှငယ် တို့ အိမ်ခြေဝန်းရံ ရာဇဂြိုလ်တစ်မျှကဲ့သို့ ဝါဆိုလ ထုံးမပျက်တမ်း သာပ၊ ပုန်းညက်ပန်း ဘုရားလှူချိန်မို့" ဟူသည့် ဝါဆိုလဘွဲ့အရ လပြည့်နေ့ လပြည့်ကျော် (၁) ရက်နေ့များတွင် ပုန်းညက်စသော ဝါဆိုပန်းများကို ဘုရားပုထိုးများတွင် လှူဒါန်းရန် တပျော်တပါးကြီး ဝါဆိုပန်းခူး ထွက်တတ်ကြ သည်။ သက်ကြီးရွယ်အိုများကိုလည်း ပူဇော်ကန်တော့ပွဲများကျင်းပကြသည်။ ဘာသာယဉ်ကျေးမှုများနှင့် ဆက်နွယ်လျက်ရှိသည့် ကာလဖြစ်သဖြင့် မင်္ဂလာရှိသော လတစ်လဖြစ်ပေသည်။

ဝါဆိုလသည် ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့်ကာလဖြစ်သည်။ မြတ်စွာဘုရားရှင် ပရိသန္ဓေနေ သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦးဟောတော်မူသောနေ့နှင့် တန်ခိုးပြဋိဟာ ပြတော်မူသော နေ့တို့သည် ဝါဆိုလပြည့်နေ့ဖြစ်သဖြင့် နေ့ထူးနေ့မြတ်များစုဝေးရာလဖြစ်သည်။ ထို့ကြောင့် ဝါဆိုလကို မြတ်သောလအဖြစ် တင်စားကြသည်။ ဝါဆိုလကို ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက "သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်" ဟု မှတ်တမ်းတင်ခဲ့သည်။ ဝါဆိုလတွင် မြတ်စွာဘုရားရှင်နှင့် ပတ်သက်သည့် အဖြစ်အပျက်များအဖြစ် "သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်ခါကို လဝါဆို" ဟူ၍ ဆိုစမှတ်ပြုကြသည်။ ထို့ပြင် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ရဟန်းသံဃာများ ဝါကပ်တော်မူ သဖြင့် ဝါဆိုလကို လမြတ်ဟူ၍လည်း သတ်မှတ်ကြသည်။

ဝါဆိုလတွင် မြတ်စွာဘုရား၏ တပည့်သားတော်များဖြစ်ကြသော ရဟန်းသံဃာတော်တို့သည် မိမိတို့၏ ကျောင်းသင်္ခမ်းအတွင်း၌ပင် သိတင်းသုံးနေထိုင်ကြရပေသည်။ "ဝါဆိုလ ဝါဆိုပွဲ" ဟု မြန်မာ့ဆယ့်နှစ်လရာသီပွဲ တော်များတွင် သတ်မှတ်ထားသကဲ့သို့ပင် ဝါဆိုလရောက်သည်နှင့် ရဟန်းသံဃာတော်တို့မှာ အရပ်တစ်ပါးသို့ ခရီးသွားလာခြင်းမပြုရတော့ဘဲ မိမိတို့ကျောင်းသင်္ခမ်းတွင်ပင် သီတင်းသုံးရသဖြင့် ဝါဆိုလတွင် "ဝါဆိုသည်" "ဝါကပ်သည်" ဟု ခေါ်ဆိုကြသည်။ ဝါဆိုသည့်ကာလမှာ ဝါဆိုလပြည့်နေ့မှသည် သီတင်းကျွတ်လပြည့်နေ့အထိ ၃ လတိတိဖြစ်သည်။
ဝါဆိုလသည် လယ်ယာစိုက်ပျိုးရေးစတင်သည့်ကာလဖြစ်သဖြင့် ရဟန်းတော်များခရီးသွားလာသည့်အခါ လယ်ကန်သင်းများပေါ်မှ ဖြတ်သန်းသွားလာရလျှင် ကောက်နှံစပါးများ ပျက်စီးရသည်များရှိသဖြင့် စိုက်ပျိုးရေး လုပ်ကိုင်နေသူများ၏ အကျိုးစီးပွားကို မထိခိုက်စေခြင်းငှာ ဝါတွင်းကာလခရီးမသွားရန် မြတ်စွာဘုရားရှင်က ပညတ်ခဲ့သည်မှ အစပြု၍ ဝါဆိုသည့်အလေ့အထပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဝါဆိုလတွင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းသုံးလအတွင်း ဥပုသ်သီလဆောက်တည်ခြင်း၊ သတ်သတ်လွတ် စားခြင်း စသည်ကုသိုလ်ကောင်းမှုများကို ပြုသလို ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် အလှူအတန်းများကိုလည်း ပြုလုပ်လေ့ရှိကြသည်။ ဝါဆိုသည့် သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူခြင်းသည်လည်း ဗုဒ္ဓဘာသာဝင်တို့၏ ဝါဆိုလတွင်ပြုမြဲ ကုသိုလ်တစ်ရပ်ဖြစ်သည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ဘုရားရှင်လက်ထက်က ပုဗ္ဗာရုံ ကျောင်းအမကြီး ဝါသာခါ၏ ကျေးဇူးကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စာပေကျမ်းဂန်များတွင် ဖတ်ရှုလေ့လာ ရပါသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းကြောင့် ရဟန်းတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း၊ အရှက်ကိုကာကွယ်ခြင်း၊ အချမ်းအပူလေနေစသည့် ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ မှက်ခြင်ယင်ပိုးမွှားသည့် အန္တရာယ်တို့မှ ကာကွယ်နိုင်ခြင်းစသည့် အကျိုးများရရှိ သောကြောင့် ဝါဆိုသင်္ကန်းကပ်လှူသူအတွက်လည်း အကျိုးထူးသည့် အလှူတစ်ခုဖြစ်ပါသည်။
ဝါဆိုလ၏ ထူးခြားသည့်ပွဲတော်မှာ ပဉ္စင်းခံပွဲဖြစ်သည်။

"လောင်းမုံရင့် မြေညာမှာ၊ ရွှေသာနာ ပြည်မှု၊ မြတ်ပဉ္စင်းရှင်တော်ပြုငယ်နှင့်၊ နန်းဗိုလ်ရှုစံချိန်။ ခါဝါဆို သံထူးလို့၊ လျှံမြူးတဲ့ လျှပ်နွယ်ရောင်ရှိန်" ဟု တိုင်တားမြို့သူကြီး ဦးဖက်က ဝါဆိုလတွင် ပြုလေ့ရှိသည့် အလှူပွဲသရုပ်ကို ဖွင့်ဆိုခဲ့သည်။ ဝါဆိုလတွင် ပဉ္စင်းခံပွဲများ ကျင်းပလေ့ရှိသည်မှာ ပုဂံခေတ်ကပင်စတင်ခဲ့သည်ဟု မှန်းဆရပေသည်။ ဝါဆိုလတွင် ပဉ္စင်းခံပွဲကျင်းပခြင်းမှာ မြတ်စွာဘုရားသည် မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦးကို ဟောတော်မူရာ ပထမဆုံး ရဟန်းဖြစ်တော်မူသော ကောဏ္ဍညမထေရ်၏ ဘိက္ခုရဟန်းဖြစ်သည့်နေ့ကို အစွဲJပြုခြင်း၊ ရှင်ပြုရဟန်းခံပြီးသည်နှင့် ဝါဆိုရန် အသင့်ဖြစ်ခြင်း၊ နယုန်လ စာတော်ပြန်အောင်သူများကို ပဉ္စင်းခံရှင်ပြုရန် အဆင်ပြေခြင်းစသည့် အချက် များကြောင့်ဖြစ်သည်။
မြန်မာမင်းများလက်ထက်တွင် စာပြန်ပွဲမှ စာအောင်သူများအနက် ရဟန်းအဖြစ်ခံယူမည့်သူများကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် သာသနာ့ဒါယကာ အဖြစ်ခံယူကာ ကမကထပြုကျင်းပလေ့ရှိသည်။ အင်းဝခေတ် တွင် ပဉ္ဇင်းခံရှင်ပြုပွဲကို လွှတ်တော်၏အစီအမံဖြင့် ကျင်းပလေ့ရှိသည်ဟု သိရပါသည်။ ဤအစဉ်အလာကို ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မန္တလေးနေပြည်တော်၌ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ ကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားပါသည်။ မင်းတုန်းမင်းတရားကြီးသည် ပဉ္ဇင်းလောင်း၊ ရှင်လောင်းတစ်ထောင်အထိ ဒါယကာပြုကာ ရှင်ပြုပွဲတော်ကို မြို့တွင်းမြို့ပြင် ချိမ့်ချိမ့်သဲ ဆင်ယင်လှည့်လည်ခဲ့ပါသည်။

ဝါဆိုလသည် ရာသီဥတုအရသာယာသည့်အပြင် ဗုဒ္ဓဘာသာဝင်များအတွက် အလေးအမြတ်ထားရာ လတစ်လဖြစ်သဖြင့် မြန်မာတို့၏ ဆယ့်နှစ်လရာသီများထဲတွင် ထူးခြားသည့်လတစ်လဖြစ်ပါသည်။ ဝါဆိုလနှင့်ပတ်သက်၍ အလှူဒါနအရာတွင်လည်းကောင်း၊ ရာသီသဘာဝအရာတွင်လည်းကောင်း ဖွဲ့ဆိုထားသည့် ပျို့၊ လင်္ကာ၊ ကဗျာများစွာရှိပါသည်။ ဝါဆိုလတွင် ဘာသာသာသနာအတွက် အရေးပါသည့် ပွဲတော်များ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်များ ထုံမွမ်းသည့်ပွဲတော် များရှိသည့်အတွက် လောကီအရေး၊ လောကုတ္တရာ အရေးနှစ်ဖြာလုံးအတွက် အရေးပါသည့် လတစ်လပင်ဖြစ်ပါတော့သည်။



ရှင်းသန့်ချို
အတွဲ(၁၃)၊ အမှတ်(၁၄)

Popular Posts