July 28, 2016

ဥနှင့် ငါးကိုပွားစေလို ငါးရစ်ဆို မဖမ်းနဲ့

မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လတွေမှာ မြစ်ချောင်းအင်းအိုင် အနှံ့အပြားတွင် ဥများ ဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများဟာ ဥချရန် နေရာရှာ၍ ငါးရစ်တက်ကြ ပါတယ်။ ဒါကြောင့်လည်း မိုးဥတုရောက်ပြီဆိုရင် ငါးရစ်များတက်ချိန်၊ ငါးများဥ ဥချိန်များဖြစ်ကာ ဈေးထဲတွင် ဥပါ သောငါးများအား ရောင်းချနေကြသည်ကို တွေ့ကြရပါလိမ့်မယ်။
အထူးသဖြင့် ဥပါတဲ့ ငါးပုဏ္ဏား၊ ငါးသလောက်၊ ငါးခူတွေကို အများဆုံး တွေ့ကြမှာပါ။ ငါးသလောက်ဥ ကိုတော့ ငါး၏၀မ်းဗိုက်မှခွဲထုတ်၍ ဈေးကောင်းဖြင့် သီးခြားရောင်းချလေ့ရှိကြပြီး၊ အိမ်ရှင်မများကလည်း အလုအယက် ၀ယ်ယူလေ့ရှိကြပါတယ်။ သို့သော် ရေရှည်အကျိုးကိုသာ ကြည့်တတ်မယ်ဆိုပါက ငါးသလောက်ဥ၊ ငါးပုဏ္ဏားဥ အပါအ၀င် မည်သည့်ငါးဥကိုမျှ မစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ငါးဥအတွဲတစ်တွဲမှာ ငါးဥကလေးပေါင်း မြောက်မြားစွာ ပါရှိနေကြပါတယ်။ ၄င်းငါးဥလေးတစ်ဥမှ တစ်နေ့တွင် ငါးကြီးတစ်ကောင် ဖြစ်လာမှာပါ။ ငါးဥ အတွဲကြီး တစ်တွဲလုံးတွင်ပါရှိသော တစ်ဥချင်းစီသည် ငါးကြီးအဖြစ် ရှင်သန်ပေါက်ဖွားမလာနိုင်သည့်တိုင်အောင် ပျမ်းမျှ ထိုငါးဥတွဲကြီး၏ သုံးပုံနှစ်ပုံခန့် သို့မဟုတ် ထက်ဝက်နီးပါးခန့်သော ဥများမှ ငါးကြီးအဖြစ် မလွဲမသွေ ရှင်သန် ပေါက်ဖွားလာကြပါလိမ့်မယ်။ ထို့ကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်ငါးသန်ပေါက်ပွားသော ရာသီဖြစ် တဲ့ ဇွန်လမှ သြဂုတ်လအထိ ငါးမဖမ်းရ ကာလအဖြစ် ရက်ပေါင်း ၉၀ သတ်မှတ်ထားပါတယ်။


သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ခေတ်အဆက်ဆက် စီမံချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ငါးရစ်တက်ချိန်၊ ငါးဥ ချိန်များမှာ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ပိုစတာများ၊ လက်ကမ်းကြော်ငြာများ စတဲ့ လူမှုဆက်သွယ်ရေး ကွန်ရက်များမှ တစ်ဆင့် “ဥနှင့်ငါးကို ပွားစေလို၊ ငါးရစ်ဆို မဖမ်းနဲ့” “ငါးရစ် ငါးသန် ဘေးမဲ့ချန်၊ ပုံမှန်စားသုံး မျိုးမသုဉ်း”၊ “ငါးရစ် တစ်ကောင် သုံးလရှောင်၊ ထောင်သောင်း တိုးပွား ရေရှည်စား” စသော ဆောင်ပုဒ်တွေနှင့် ပြည်သူလူထုသိရှိရန် ပညာပေးလျက်ရှိသလို၊ အမိန့်ကြော်ငြာစာအမှတ်- ၂/၉၂ ဖြင့် ငါးရစ်ငါးသန် ရာသီချိန်များမှာ ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတစ်ပါး ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားပါတယ်။ အကယ်၍ တားမြစ် ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ရေချိုငါးလုပ်ငန်းဥပဒေအရ ဖမ်းဆီး တရား စွဲဆို အပြစ်ပေးနိုင်ရန် ပြဋ္ဌာန်းထားပါတယ်။

ယခုလို ငါးသားပေါက်ရာသီတွင် မည်သို့ပင် တားမြစ်ထားသော်လည်း ဖမ်းဆီးလျက် ရှိနေကြပါသေးတယ်။ ဥပမာတစ်ရပ်အနေဖြင့် ဖော်ပြရပါလျှင် ငါးသယံဇာတကြွယ်ဝသော ညောင်တုန်းမြို့နယ်တွင် လက်ရှိကာလတွင် ရေချို ငါးဖမ်းဆီးရရှိမှု လုံးဝကျဆင်းနေကြောင်း၊ ယခင်နှစ်ရာသီများမှာ ယခုကဲ့သို့ ရာသီချိန်တွင် ပိဿာချိန် တစ်သောင်းနီးပါးခန့်ရရှိသော အင်းများတွင် ယခုနှစ်မှာ တော့ ပိဿာချိန် တစ်ထောင်ခန့်သာ ဖမ်းဆီးရမိကြောင်း ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ထားပါတယ်။

ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်လေ့ရှိတဲ့ မိုးရာသီများမှာ ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက် နိုင်ရေးနှင့် နုနယ်လှတဲ့ ငါးသားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေးတို့အတွက် ငါးရစ် ငါးများနှင့် ငါးသား ပေါက်တွေကို ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့လွှတ်ပေးသင့်ပါတယ်။ ပြဋ္ဌာန်းချက်ကို မလိုက်နာဘဲ ငါးရစ်ငါးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်များ သေကျေပျက်စီးကာ ရေရှည်စဉ် ဆက်မပြတ် ငါးထုတ်လုပ်ရေးနှင့် တစ်နိုင်ငံလုံး ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရေးတို့ကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားစေနိုင်ပါမယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက မည်သို့ပင် တားမြစ်ထားသော်လည်း မိမိ၏ အသိစိတ်ဓာတ်ဖြင့် ငါးမျိုးမသုဉ်းသွားစေရန်၊ ငါးများ မရှားပါးစေရန်နှင့် စောင့်ထိန်း ဆောင်ရွက်ရန်ကိစ္စမှာ ပြည်သူအားလုံး၏ တာဝန်သာဖြစ်ပါတယ်။ ထို့ကြောင့် တိုးပွားလာနေတဲ့ လူဦးရေအတွက် ယခုလို ရိက္ခာ ဖြုန်းတီးမှုမျိုးကို အမျိုးသားရေးကိစ္စအဖြစ် ဆင်ခြင်သင့်ပါကြောင်းနှင့် ငါးဥများကို အာသာငမ်းငမ်း စားသုံးနေခြင်းအတွက် ရေရှည်မျှော်တွေးသင့်ကြောင်း စာရေးသူမှ ထပ်လောင်း၍ သတိပေးနှိုးဆော်လိုက်ရပါတယ်။

ပေါက်ပေါက်
အတွဲ(၁၃)၊ အမှတ်(၁၄)

Popular Posts