July 30, 2016

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအကြောင်း တစ်စေ့တစ်စောင်း

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၅ စင်တီဂရိတ်နှင့် အရှေ့လောင်ဂျီတွဒ် ၁၉ ဒီဂရီ ၁၈ စင်တီဂရိတ်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၅၃ ဒသမ ၀၇၉ စတုရန်းမိုင် ၃၃၉၇၁ ဧက ကျယ်ဝန်းသည်ဟု မှတ်တမ်းများအရ သိရသည်။

အဆိုပါဘေးမဲ့တောအား ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နေပြည်တော်မှ မိုင် ၃၄၀ အကွာ၊ ရန်ကုန်မြို့မှ မိုင် ၉၀ အကွာတွင် တည်ရှိပြီး လေယာဉ်၊ မော်တော်ကားနှင့် ရထားများဖြင့် သွားလာနိုင်ကြောင်း သိရသည်။ ယင်းဘေးမဲ့တောတွင် လေ့လာနိုင်သည့် အခွင့်အလမ်းများမှာ ဒီရေတောဂေဟစနစ်၊ မိကျောင်း၊ နို့တိုက်သတ္တဝါများနှင့် ရေသတ္တဝါများကို လေ့လာနိုင်ပါသည်။

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဗဟုသုတဖြစ်စရာ၊ လေ့လာဖွယ်ရာ စုံလင်လှသည့်အားလျှော်စွာ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း၊ ဓမ္မတာမျိုးဆက်ခြင်းနည်းဖြင့် ဒီရေတော ပြုစုထိန်းသိမ်းခြင်း၊ အခြေအနေများကို လေ့လာနိုင်ခြင်း ရေပျော်ငှက်များနှင့် ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသော ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊ မိကျောင်းအပါအဝင် အခြားသော တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊ ရေနေသတ္တဝါများ၏ သဘာဝအတိုင်း နေထိုင်ကျက်စားမှုအခြေအနေ များကိုလည်း လေ့လာနိုင်သည်။


ထို့အပြင် အဆိုပါဘေးမဲ့တော်မှ ၁၀ မိုင်ခန့်ဝေးသော ကနုံကလေးလိပ်တောင်သို့ သွားရောက်ကာ ပင်လယ်လိပ်ကြီးများဥ ဥချခြင်းကို လေ့လာနိုင်ခြင်း၊ မြန်မာ့ပင်လယ်ပြင်ကို အမှီပြု၍ အသက်မွေးဝမ်း ကျောင်းပြုနေသည့် ဒေသခံပြည်သူများ၏ ဘ၀ကို ထိရောက်စွာ လေ့လာနိုင်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။
လက်ရှိ စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအတွင်း ပြီးခဲ့သော ၂၀၁၅ ခုနှစ် အတွင်းက ထိုဒေသတွင် နေထိုင်ကျက်စားလျက်ရှိသော တိရစ္ဆာန်စာရင်းကောက်ယူခဲ့ရာ တိရစ္ဆာန်အရေအတွက် စုစုပေါင်း ၁၁၀ ကျော်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောကြားသည်။


ထို့ပြင် နှစ်အလိုက် မိကျောင်းစာရင်း ကောက်ယူရရှိမှုမှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ်က ၄၅ ကောင်၊ ၂၀၁၃ ခုနှစ်တွင် အရွယ်စုံ ၈၉ ကောင်၊ ၂၀၁၄ ခုနှစ်တွင် အရွယ်စုံ ၃၄ ကောင်တွေ့ရှိရသည့်အပြင် ၂၀၁၅ ခုနှစ်က နှစ်ကြိမ်စာရင်းကောက်ယူရာ၌ အရွယ်စုံ စုစုပေါင်း ၁၁၃ ကောင် တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။


၂၀၁၅ ခုနှစ်တွင် မိကျောင်းအသိုက် လေးခု၊ ဘေးမဲ့တောဧရိယာအတွင်း၌ ရှစ်ခုမှ ကိုးခုကြားအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် မိကျောင်းများ အသိုက်ပြုလုပ်ချိန်နှင့် သားပေါက်ချိန် ကြားကာလတွင် မိုးကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းများ အနည်းအကျဉ်းရှိခဲ့ရာ သားပေါက်ရာခိုင်နှုန်း အနည်းငယ် ကျဆင်းခဲ့သည်ဟု သိရသည်။


ဘိုကလေးမြို့အတွင်းရှိ သစ်တော ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန အောက်ရှိ မိန်းမလှကျွန်းတောရိုင်တိရစ္ဆာန် ဘေးမဲ့တော၌ ဒီရေတောပေါက်ရောက်ရာဒေသတွင် သဘာဝအတိုင်း နေထိုင် ကျက်စားလျက်ရှိသည့် ရေချို၊ ရေငန်စပ်မိကျောင်းများ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး၊ သဘာဝအတိုင်းကျက်စားရာ ဒေသအတွင်းရှိ အကောင်ရေတိုးပွားမှုနှင့် ပျံ့နှံ့ကျက်စားမှုကို သိရှိနိုင်ရေးနှင့် ဒီရေတောဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ မိကျောင်းစာရင်းကောက်ခံရေးကို နှစ်စဉ်နှစ်တိုင်း ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။



မောင်မြင့်ဟန် (ကန့်ဘလူ)
အတွဲ(၁၃)၊ အမှတ်(၁၄)

Popular Posts