December 9, 2020

နှစ်တစ်ရာက ဖြစ်တည်ခဲ့သော အမျိုးသားအောင်ပွဲနေ့မှသည်

ရှိန်းမြသင်း

        ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ထူးခြားသောနေ့ရက်များ ရှိကြသည်။ အမျိုးသားနေ့ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် ကောင်းမွန်မြင့်မြတ်သော အောင်ပွဲနေ့ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အမျိုးသားအောင်ပွဲနေ့သည် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်သည်။ ၁၉၂၀ ပြ ည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)တွင် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့သဖြင့် ထိုနေ့ရက်ကို အမှတ်တရရှိစေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

        အမျိုးသားအောင်ပွဲနေ့သမိုင်းသည် မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေးတိုက်ပွဲသမိုင်းနှင့် ဆက်နွယ်နေသည်။ ပထမကျောင်းသားသပိတ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်နှင့် သူ့ကျွန်မခံလိုသော စိတ်ဓာတ်ကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့၍ ၎င်းတို့၏ ကုပ်သွေးစုပ်အမြတ်ထုတ်ခြင်းကို ခံစားခဲ့ရသည်။

        နယ်ချဲ့အစိုးရသည် ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို အထောက်အကူဖြစ်စေမည့် ကျွန်ပညာရေးစနစ်ကို အကောင်အထညဖော်ခဲ့ကြသည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေလည်း အပါအဝင်ဖြစ်သည်။ သို့ဖြစ်သောကြောင့် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှအစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေးဥပဒေကို တိုက်ဖျက်ရန်ဆွေးနွေးခဲ့ကြသည်။ တက္ကသိုလ်ပညာလွတ်လပ်စွာသင်ယူမှုကို ကန့်သတ်ထားသော နယ်ချဲ့ကိုလိုနီတို့၏ တက္ကသိုလ်အက်ဥပဒေကို အမျိုးသားရေးစိတ်ဓာတ်ထက်သန်စွာဖြင့် သပိတ်မှောက်ခဲ့ကြရာ အမျိုးသားရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။



        နယ်ချဲ့အစိုးရသည် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့် ဝံသာနုစိတ်ဓာတ်တို့ကို နှိပ်ကွက်နိုင်ရန်အတွက်သိမ်းသွင်းနိုင်မည့် နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အထက်တန်းလွှာပညာတတ်အသိုင်းအဝိုင်းများကို ရာထူး၊ လစာပေးပြီး အုပ်ချုပ်ရေးပိုင်းသို့ ဆွဲဆောင်သိမ်းသွင်းခဲ့သည်။ ထိုသို့ ဆွဲဆောင်သိမ်းသွင်းရာတွင် တက္ကသိုလ်ပညာတတ်ကျောင်းသားအများစု ပါဝင်သည်။ သို့သော် တက္ကသိုလ်ကျောင်းသားအများစုသည် နိုင်ငံရေးလှုပ်ရှားများကို စိတ်ဝင်စားလျက်ရှိနေကြသည်။ ထိုစဉ်ကဝိုင်အမ်ဘီအေ ၊ ဂျီစီဘီအေ စသော အဖွဲ့အစည်းများအောက်တွင် မြန်မာလူငယ်အများစုသည် နိုင်ငံလွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြသည်။

        ကျောင်းသားသပိတ်ကြီးသည် မြန်မာတစ်နိုင်လုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ ကျောင်းများကလည်း ထပ်မံထောက်ခံ၍ သပိတ်မှောက်ခဲ့ကြသည်။ သို့သော်လည်း နယ်ချဲ့အစိုးရသည် ကျောင်းသားများ ကျေနပ်လောက်အောင် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးနိုင်ခဲ့ခြင်း မရှိချေ။ သို့သော် ထိုသပိတ်နောက်ပိုင်း အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။

        ကျောင်းသားများ သပိတ်မှောက်သောနှစ်မှာပင် နဝမမြောက် ဂျီစီဘီအေပြည်လုံးကျွတ်ညီလာခံအစည်းအဝေးကြီးကို မန္တလေးမြို့ ၌ ကျင်းပပြီး မြန်မာနိုင်ငံအတွက် အမျိုးသားအောင်ပွဲနေ့အဖြစ် ရွေးချယ်ခဲ့ကြသည်။ ပထမအကြိမ် ကျောင်းသားများ သပိတ်မှောက်ခဲ့သောနေ့သည်သာလျှင် တစ်နိုင်ငံလုံး၏ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးအားမာန်များ တိုးတက်ခိုင်မာစေရန် မျိုးစေ့ချပေးနိုင်သည့်နေ့ဖြစ်သဖြင့် အမျိုးသားအောင်ပွဲနေ့အတွက် သင့်လျော်ပါကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ရွေးချယ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲနေ့ကြီး ဖြစ်ပေါ်လာခဲ့သည်။

        ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်၏ အကျိုးကျေးဇူးကြောင့် မြန်မာတိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားစိတ်ဓာတ် အရှိန်အဟုန်ကို မြင့်မားတိုးတက်စေခဲ့ပြီး လွတ်လပ်ရေးကြီး ပြန်လည်ရယူနိုင်ရေး အထောက်အကူပေးနိုင်ခဲ့သဖြင့် အမျိုးသားနေ့အောင်ပွဲ၏ အကျိုးရလဒ်အသီးအပွင့်များကို ယနေ့ခေတ်လူများ စားသုံးရခြင်းဖြစ်သည်။

        လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ဖြစ်တည်ခဲ့သော အမျိုးသားအောင်ပွဲဆီမှသည် မျက်မှောက်ကာလ အမျိုးသားအောင်ပွဲနေ့များဆီသို့ စည်းလုံးညီညွတ်မှု အနှစ်သာရကို အခြေခံပြီး အမျိုးသားရေးအားမာန်များကို လက်ဆင့်ကမ်းသယ်ဆောင်၍ နိုင်ငံသား ပြည်သူအားလုံးက ညီညွတ်စွာ ဝိုင်းဝန်းကြိုးစားကြပါလျှင် ယနေ့တည်ဆောက်နေသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတ‌ော်ကြီးဆီသို့ ငြိမ်းချမ်းသာယာစွာ လျှောက်လှမ်းနိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၂၃)

No comments:

Popular Posts