ကိုရဲ (စိုက်ပျိုးရေး)
ကမ္ဘာပေါ်တွင် ဒေသအလိုက် အုန်းအမျိုးအစား အမျိုးမျိုးရှိကြသော်လည်း အဓိကအရင်းခံမှာ အုန်းမျိုးသုံးမျိုးသာရှိသည်။ ပင်မြင့်မျိုး၊ ပင်ပုမျိုး၊ စပ်မျိုးဟု ခွဲကြသကဲ့သို့ သက်တမ်းကိုလိုက်၍အုန်းကြီးမျိုး (အချို့က အုန်းထရံဟု ခေါ်ကြသည်)နှင့် အုန်းပင်အပုမျိုး (ဝက်မလွတ်ဟုလည်း ခေါ်ကြသည်) ဟု နှစ်မျိုးခွဲခြားရာမှ ၁၉၆၀ ခုနှစ်တွင် အုန်းကြီးမျိုးနှင့် အုန်းပုမျိုးတို့ကို မျိုးစပ်လိုက်ရာမှ တော်ဝင်အုန်း လိမ္မော်ရောင်ရှိသဖြင့် လိမ္မော်ရောင်အုန်းဟုလည်း ခေါ်သည်။ ရရှိလာသဖြင့် အုန်းမျိုးသည် သုံးမျိုးဖြစ်လာသည်။
မြန်မာနိုင်ငံတွင် အုန်းစိုက်ပျိုးဖြစ်ထွန်းသော ဒေသများကို လေ့လာပါက မိုးရွာမှုများသည့် တစ်နှစ်မိုးရေ ချိန်လက်မ ၁၀၀ ကျော်တွင် အများဆုံးတွေ့ရသော်လည်း ဧရာ၀တီတိုင်းဒေေကြီးသည် အများဆုံးဖြစ်သည်။ သို့သော် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးထဲ၌ မြေအောက်ရေတိမ်သောဒေသ (လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာတစ်ဝိုက်)၊ သွင်းရေ ရရှိပြီး မြေဩဇာကောင်းသော မြို့နယ်များတွင်လည်း အုန်းပင်များများရှိသော ကျေးရွာ၊ အုန်းခြံများ တွေ့ရပါသည်။ ထူးခြားသည်မှာ မြေလတ်အပူပိုင်းဒေသ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ က၀မြို့နယ်ထဲတွင် အောက်ခံရေနီးသဖြင့် အုန်းတောကြီးများ တွေ့ရသည်။
အုန်းပင်သည် ဝတ်မှုန်၊ ဝတ်ဆံကူး၍ မျိုးအောင်ရသော အပင်မျိုးဖြစ်သဖြင့် တစ်ပင်ချင်း အပင်မျိုးကောင်းရွေးချယ်သင့်သကဲ့သို့ အုပ်စုလိုက် မျိးးကောင်းသောအပင်များ ရွေးရသည်။ (အပင်မျိုးကောင်း၏ ပတ်လည်တွင် မျိုးကောင်းအပင်များ အုပ်စုလိုက်စုဝေးရှိနေတတ်သည်။) ပင်စည်ဖြောင့်သော အပင်၊ အရင်းတုတ်၍ ပြန့်ကျယ်သော အုန်းလက်များသည် ထီးကဲ့သို့ ဝေဆာနေသော အုန်းလက်ကြားတိုင်းတွင် အုန်းဖူးထွက်ပြီး စောစောသီးသော အပင်များများတင်သော အပင်ဖြစ်လျှင် မျိုးကောင်းသည်။ မျိုးယူရာတွင် အုန်းပင်သက်တမ်း ၁၅ နှစ်ကျော်သောအပင်မှသာ မျိုးယူကြရသည်။ မျိုးယူရာတွင် အုန်းဖူးကွဲသည့်နေ့မှစ၍ မှတ်ထားပြီး အသီးသက်တမ်း တစ်နှစ်ကျော်ရှိသော အုန်းသီးကို အုန်းပင်ပေါ်မှ အခိုင်လိုက်ခုတ်ယူပြီး ကြိုးဖြင့်အသာအယာ အပင်မှချယူရသည်။ ရရှိသော အုန်းခိုင်မှ အကောင်းဆုံးအုန်းသီးကို ရွေးရသည်။ အုန်းသီး၏ အ ရင်းပိုင်းတွင် ထောင့်များပါရှိသော အုန်းသီးသည် အုန်းခိုင်တွင် အသီးများများပါအောင် သီးနိုင်သည်။ အုန်းဆံပါး၍ အုန်းမှုတ်ကြီးကြီး အုန်းသားထူသော အသီးမျိုးဖြစ်ရသည်။ အုန်းမျိုးပင်ရွေးရာတွင် အရင်းတုတ်၍ အ ရွက်ဖားပြီး သန်စွမ်းသောပျိုးပင်၊ သက်တမ်းနှစ်နှစ်ရှိသော ပျိုးပင်၊ ပျိုးပင်၏ အရင်းပိုင်းအလက်များ၌ အရွက်ကွဲစပြုနေသော အုန်းပင်ကိုရွေးပြီး ပျိုးပင်သယ်ရာတွင် အုန်းပျိုးပင်အရွက်များမှ စုမကိုင်ဘဲ ပျိုးပင်အရင်းမှကိုင်၍ သယ်ရသည်။ ပျိုးပင်ကောင်းကောင်းမှာ အပင် ၁ဝ၀ ပျိုးသော်မှ ရွေးချယ်ရနိုင်သည်မှာ ၆၀ ကျော်ခန့်သာရှိတတ်ပါသည်။
![]() |
ဓာတ်ပုံ - greemwaymyanmar.com |
စိုက်ပျိုးရာမှာလည်း မစိုက်မီ အမြစ်များကို ဓားဖြင့် ခေါင်းတုံးတုံးရိတ်ပေးပြီးမှ စိုက်ရသည်။ စိုက်ကျင်းတွင် အလယ်တည့်တည့်နှင့် ပျိုးပင်ကို ဖြောင့်မတ်အောင်ထား၍ စိုက်ရသည်။ ယခုဖော်ပြချက်များသည် စိုက်ပျိုးထားသောအုန်းပင်မှ အုန်းသီးကောင်းကောင်းသီး၍ အုန်းသီးတင်မှုကို အထောက်အကူပြုစေပါသည်။
ယနေ့တိုင် ကမ္ဘာ့နေရာဒေသများစွာတွင် အုန်းပင်စိုက်ပျိုးမှုတွင် အုန်းသီးမှသာ မျိုးပွား၍ ပျိုးပင်ပျိုးယူကြသည်။ သို့သော် အုန်းပင်စိုက်ပျိုးမှုများသော သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် မျိုးကောင်းရရှိရန်အတွက် ဝတ်ဆံကူးမျိုးပွားနည်းကို ဆောင်ရွက်နေကြပါသည်။
အပင်ပြုစုရာတွင် ရေသွင်းမှုသည် အရေးကြီးသည်။ မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီရှိရာ နွေရာသီသည် အုန်းခြံများရှိ အုန်းပင်များတွင် ရေအဓိကဖြစ်သည်။ လစဉ်မိုးရွာသောဒေသနိုင်ငံများတွင် အုန်းပင်ဖြစ်ထွန်းမှု ပိုကောင်းသည်။ ရေပေးရာတွင် အုန်းပင်ပင်ခြေတွင် ပတ်လည်ရေမြောင်းပြုလုပ်၍ ရေသွင်းမှုသည် အကောင်းဆုံးဖြစ်သည်။ ရေတက်ရေကျရှိသော မြစ်၀ကျွန်းပေါ်ဒေသတွင် အုန်းပင်ဖြစ်ထွန်းသည်မှာ ရေမဝပ်ဘဲ ရေရရှိနေ၍ဖြစ်သည်။ နွေနှင့် မိုးတွင် အပင်ရင့်၍ အုန်းလက်ခြောက်များ ဖုံးအုပ်ပေးခြင်း၊ အုန်းလက်ကြားမှ အုန်းခိုင်အခြောက်များ၊ အုန်းဖူးခြောက်များ၊ အုန်းဖလက်များ မကြာခဏ ရှင်းပေးခြင်းသည် အသီးတင်မှု အထောက်အကူပြုသည်။ အုန်းသီးငယ်များ သဘာ၀အရကြွေကျခြင်း၊ အုန်းပင်တွင်ကျရောက်သော ကြံ့ပိုး၊ ပင်စည်ထိုးပိုး၊ ခြပျံ၊ ပုရွက်ဆိတ်၊ ခြ၊ ကြွက်၊ ပိုးကောင်နီနှင့် ပျပိုးတို့သည် ဖျက်ဆီးသည်။ ဝတ်ဆံကူးသောအပင်ဖြစ်၍ ပျား၊ လိပ်ပြာ၊ ဝတ်မှုန်ကူးပိုးများက အသီးသီးရန် ကူညီပေးသည်။ ရာသီဥတုနှင့် ဖျက်ပိုးသည် အုန်းခြံတွင် ဆက်စပ်နေသဖြင့် မိုးဦးမိုးခေါင်မှု၊ မုတ်သုန်မိုး မြန်မြန်ဆုတ်ခွာမှုတို့သည် ပိုးကျမှုများစေ သည်။ အုန်းပင်စိုက်တန်းကြားမှ ကြွေကျသော အုန်းလက်ခြောက်များ၊ အမှိုက်၊ ပေါင်းများရှင်းပေးလျှင် ဖျက်ပိုးများ သက်သာသည်။ ဖျက်ပိုးများသည် အမှိုက်ထဲ၌ ခိုအောင်းပွားများကြသည်။
အုန်းလက်၊ အုန်းရွက်များ ဖျက်ဆီးသည်မှာ ခြပျံ၊ ပျတို့ဖြစ်သည်။ အုန်းရွက်များပေါ်၌ ဥဥ၍ အရွက်များ မီးလောင်ခံထားရသလို ခြောက်ပြီး ဖြူသွားသည့် အုန်းပင်ကမြင့်၍ ပိုးသတ်ဆေးဖျန်းရလည်းခက်ပြီး ဖျန်းနိုင်သည်ထား၊ ပိုးကောင်သည် လိုဏ်ခေါင်းလမ်းကြောင်းအတွင်း၌ နေသဖြင့် ဆေးနှင့် ပိုးမတွေ့ဘဲ ဝတ်မှုန်ကူးပိုးများသာ သေကြသဖြင့် အုန်းသီးအတင်နည်းခြင်းလည်း ဖြစ်တတ်သည်။ အပင်ငယ်စဉ် အုန်းလုံးတွင် အုန်းသားကျန်သေးသဖြင့် ခြ၊ ပုရွက်ဆိတ်၊ ကြွက် ဖျက်သည်။ အပင်ကြီးလျှင် ပျ၊ ရွက်စားပိုး၊ ကြံ့ပိုး ဂရုပြုရသည်။
အုန်းပုမျိုးသည် မိုးခေါင်မှုမကြိုက်၊ အလှစိုက်နှင့် အုန်းရည်သောက် အသုံးပြုကြသည်။ တော်ဝင်အုန်း (လိမ္မော်ရောင်)သည် အရည်သောက်အဓိကအုန်းမျိုးဖြစ်သည်။ အုန်းသားခြောက်(COPRA)ထုတ်ယူမှု အဓိကပြုလုပ်သည်။ အုန်းဆီထုတ်ရာတွင် အုန်းသီး ၂၀ ကျော်ကြိတ်မှ အုန်းဆီတစ်ပိဿာရသည်။ အုန်းသားခြောက်တစ်တန်ရရှိရန် အုန်းသီးကို ထောင်ကျော်လိုသည်။ အပင်မြင့်မျိုးသည် အုန်းသားခြောက်တစ်တန် ရရှိရန် အလုံး ၅၀၀၀ လိုသည်။ အုန်းသီးလုံးအရွယ်ကြီး၍ အုန်းသားထူသဖြင့် အုန်းသီး ၁၅ လုံးကြိတ်လျှင် အုန်းဆီတစ်ပိဿာရသည်။ ရာသီဥတုဒဏ်ခံနိုင်သဖြင့် စိုက်ပျိုးမှုများကြသည်။ အုန်းပင်သည် အုန်းမျိုးအလိုက် သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်ကြာလျှင် အသီးသီးသည်။ စောစောသီးသည်မှာ ဝက်မလွတ်အုန်းဖြစ်သည်။
မြေဩဇာကျွေးရာတွင် မြေပဲခွံ၊ အုန်းသီးခွဲပြီးအပေါ်ခွံ၊ ဇဝက်သာနှင့် ပြာကို လိုက်၍ မြေစေးတွင် NPK အချိုး (၁:၁:၁)၊ သဲမြေ ၊ ဂဝံမြေတွင် (၁:၁:၂)ဖြင့် တစ်နှစ်မှ နှစ်နှစ်အုန်းပင် တစ်ပေါင်နှုန်း၊ သုံးနှစ်တွင် နှစ်ပေါင်နှုန်း၊ လေးနှစ်သား သုံးပေါင်၊ ငါးနှစ်သား လေးပေါင်၊ ခြောက်နှစ်သားမှအထက် တစ်ပင်ငါးပေါင်ဖြင့် တစ်နှစ်နှစ်ကြိမ် ထည့်ပေးရသည်။ ဇဝက်သာကျွေးလျှင် တစ်နှစ်တစ်ပင် သုံးပေါင်ကျွေးနိုင်သည်။ မိုးဦးကျ၊ မြေကြီးစိုချိန် ကျွေးရသည်။ အုန်းပင်ခြေပတ်လည် ရေသွင်းမြောင်းတွင် မြေဩဇာထည့်၍ ကျွေးပြီး မြေပါးပါးဖုံးထားရပါသည်။
အုန်းသီးရင့်သည်မှာ ပန်းခိုင်ဖူးထွက်လာပြီးနောက် ပန်းခိုင်ဖုံးကွဲသွားသည့်နေ့မှ ၁၂ လပြည့်လျှင် အုန်းသီးရင့်၍ ခူးနိုင်သည်။ အုန်းရည်သောက်လိုပါက ၉ လသားတွင် ခူး၍ ဇွန်းခြစ်အသား အုန်းရည်ရသည်။ အုန်းသားခြောက်ပြုလုပ်လိုက ၁၀ လမှ ၁၂ လထားသည်။ အုန်းမျိုးထားလိုက ၁၃ လထားပြီးမှ ခူးသင့်သည်။ အုန်းပင်၏ သဘာ၀မှာ တစ်လတစ်ကြိမ် တစ်နှစ်ပတ်လုံး အဖူးထွက်နိုင်သည်။ တစ်နှစ်လုံး အသီးသီးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးသော အုန်းခြံများတွင် အုန်းပင်မှ အုန်းသီးကို နှစ်လတစ်ကြိမ်ခူးကြသည်။ အသီးများများသီးသော ဥယျာဉ်ခြံသီးပင်များထဲတွင် အုန်းပင်ပါရှိသည်။
နောက်ထပ်စိတ်ဝင်စားစရာကောင်းသည်မှာ အုန်းပင်၏ အမြစ်ဖွဲ့စည်းပုံဖြစ်သည်။ အုန်းပင်၊ ပင်စည်ကြီး၏ အောက်ခြေ၊ မြေကြီးထဲတွင် ဖုလုံးပုံသဏ္ဌာန်ရှိနေသည်။ အမြစ်လေးမျိုးပါရှိသည်။ မူရင်းမြစ်၊ မြစ်မွှာ၊ လေရှူမြစ်နှင့် လေမြစ်တို့ ဖြစ်သည်။ မြေကြီး၏ အပေါ်ယံအလွှာတွင် မြစ်လွှာပေါင်း ရှစ်ထောင်ခန့် အများဆုံးဖြာထွက်နေတတ်သည်။ အနည်းဆုံး ၁၅၀၀ နှင့် ၂၀၀၀ ခန့်ရှိသည်။ အုန်းပင်၏ အဓိကမူရင်းမြစ်(MAIN ROOT) သည် အရင်းအဖျားတစ်ညီတည်း တုတ်ခိုင်စွာရှိသော အပင်ခြေမှ ဘုလုံးဖြစ်သည်။ လေရှူမြစ်များသည် ရွှံ့ထူ၊ ရွှံ့ထူရေများ၊ အစိုဓာတ်များ၊ ကမ်းစပ်ရေစပ်နေရာများရှိ အုန်းပင်များတွင် အပင်မှ လေရှူနိုင်ရန် လေရှူမြစ်များ ထွက်ပေးရသည်။ ရေလိုအပ်သည်ထက်ပိုများ၍ ရေဝပ်သောနေရာဖြစ်လျှင် လေမြစ်များထွက်လာတတ်သည်။
အပင်ပေါ်မှ အုန်းသီးသည် ရာသီဥတုခြောက်သွေ့လျှင် ရင့်မှည့်မှုမြန်သည်။ စိုစွတ်သော မိုးရာသီတွင် ရင့်မှည့်မှုကြာသည်။ ပင်မြင့်မျိုးသည် စိုက်ပြီး ငါးနှစ်ကြာလျှင် သီးလာပြီး တစ်ပင်မှ တစ်နှစ် အုန်းသီး ၄၀ ခန့်ရသည်။ ပင်ပုမျိုးသည် သက်တမ်း သုံးနှစ်နှင့် သီးနိုင်ပြီး တစ်ပင်တစ်နှစ် အလုံး ၁၀၀ ခန့်ရသည်။ စပ်မျိုးသည် လေးနှစ်နှင့် အသီးရပြီး တစ်ပင်၊ တစ်နှစ် အုန်းသီး ၁၀၀ ရနိုင်သည်။ သက်တမ်းသည် နှစ် ၄၀၊ နှစ် ၅၀ ရှိသော နှစ်ရှည်ပင်ဖြစ်သောကြောင့် အုန်းပင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အုန်းပင်မှ လူသုံးကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းပေါင်း ၂၀ ခန့် ရနိုင်သည်။ ကျန်းမာရေးဆေးဝါးအနေဖြင့် Cold Press Coconut oil သည် အုန်းသီးမှရနိုင်သော အနာကျက်၊ ပဋိဇီ၀ဆေး ကိုယ်ခံစွမ်းအားဆေး ဖြစ်ပါသည်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၉)
No comments:
Post a Comment