စံလွင်(ငါးဦးစီး)
၂၀၀၆ ခုနှစ်လောက်က ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခု၌ ကြွက်များ ဖျက်ဆီးသဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသည့် သတင်းတစ်ပုဒ်ကို နိုင်ငံပိုင်သတင်းစာတစ်စောင်၌ ဖတ်ရှုလိုက်ရသည်ကို မှတ်မိသည်။ မြန်မာနိုင်ငံ၏နယ်စပ် တရုတ်နယ်ဖက်မှ မြွေများ ဈေးကောင်းပေးဝယ်သဖြင့် ထိုဒေသရှိ နယ်ခံများမှ မြွေမျိုးစုံကို ဖမ်းဆီးပြီး တရားမဝင်ရောင်းချသည့် ပေါ်ပင်အလုပ်ကို အလုအယက်လုပ်ကိုင်ကြရာ စီပွားလမ်းအတော်ဖြောင့်ကြ၏။
မကြာမီပင် ထိုဒေသ၌ ကြွက်များအဆမတန် ပေါက်ဖွားလာကာ စိုက်ပျိုးထားသည့် သီးနှံများကို ကိုက်ဖြတ်စားသောက်ကြ၍ စိုက်ပျိုးသီးနှံများ ပျက်စီးကုန်သည့်အကြောင်းကို ရေးသားထားသော သတင်းဖြစ်သည်။ အကြောင်းရင်းမှာ ၎င်းဒေသ၌ မြွေများရှားပါးကုန်ရေ မြွေ၏ အစာဖြစ်သောကြွက်များ ထိန်းမရနိုင်အောင် တိုးပွားလာကာ စိုက်ပျိုးသီးနှံများကို စားသောက်ဖျက်ဆီးကြခြင်းကြောင့် ဖြစ်လေသည်။ အပင်နှင့် သတ္တဝါမျာကို ၎င်းတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီအောင် သဘာ၀တရားကြီးက ဂေဟဗေဒစနစ်ဖြင့် ထိန်းကျောင်းပေးထားသည်။ တစ်စုံတစ်ခုသော ပယောဂကြောင့် အပြန်အလှန် မှီတင်းနေထိုင်သည့် ဂေဟဗေဒစနစ်တစ်ခု တိမ်းစောင်းခဲ့သော် မမျှော်လင့်သည့် ဆိုးကျိုးများ ဖြစ်ပေါ်ကျရောက်မည်မှာ မလွဲဧကန်ဖြစ်ပေသည်။
ရေချိုငါးမျိုးစိတ်များ၌ ၎င်းတို့၏စားသောက်ပုံအလေ့အထ (Feeding habited)အရ အသီးအရွက်စားငါးနှင့် အသားစားငါးဟူ၍ ရှိ၏။ မိုးဦးကျ ငါးမျိုးများ သားပေါက်ချိန်တွင် အသားစားငါးမျိုးစိတ်က ဦးစွာဥချ သားပေါက်ပြီးမှ အသီးအရွက်စားငါးမျိုးက ၎င်းနောက်မှ လိုက်ကာ သားပေါက်သည်။ အကြောင်းမှာ ငါးဘတ်၊ ငါးရံ့ကဲ့သို့ အသားစားငါးမျိုးများက တစ်ကြိမ် သားပေါက်လျှင် ကောင်ရေ ထောင်သောင်းမျှသာ ပေါက်သော်လည်း အသီးအရွက်စား ငါးမျိုးစိတ်ဖြစ်သော ငါးကြင်းမျိုးများက သိန်းသန်းကုဋေ ချီ၍ ဥချသားပေါက်၏။ အသားစားငါးပေါက်ကလေးများ အကောင်ပေါက်၍ ပါးစပ်ဖွင့်ကာ အစာစတင်စားမည့်အချိန်တွင် ၎င်းတို့၏အစာဖြစ်သော အရွက်စားငါးကလေးများက အသင့်ဖြစ်နေအောင် ထိန်းကျောင်းထားခြင်းဖြစ်သည်။ သို့မဟုတ်က ရေပြင်အပြည့်ငါးအုပ်ကြီးက ဖုံးလွှမ်းသွားပေမည်။
![]() |
ဓာတ်ပုံ - i.ytimg.com |
၂၀၁၉ ခုနှစ် နောက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၌ ကြွက်များ သောင်းကျန်းလွန်းသဖြင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ လင်းမြွေများ လွှတ်ပေးရန်စီမံရာ ထိုအချက်ကို ထောက်၍ အများစုက လှောင်ပြောင်ရယ်သွမ်းသွေးကြသည်ကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖတ်ရှုလိုက်ရသည်။ လင်းမြွေသည် အဆိပ်မရှိသည့် မြွေမျိုးစိတ်ဖြစ်၍ မြွေ၏အစာဖြစ်သော ကြွက်များကို ဇီ၀နည်း၊ တစ်နည်းအားဖြင့် သဘာ၀နည်းဖြင့် နှိမ်နင်းရန် ထိုပုဂ္ဂိုလ်က အကြံပြုခြင်းဖြစ်မည်ဟု စဉ်းစားမိလိုက်သည်။ ၎င်းနည်းစနစ်သည် သက်ရှိကို သက်ရှိဖြင့် ထိန်းကျောင်းသည့် (Biological Control)စနစ် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလပိုင်းအတွင်းက နိုင်ငံပိုင်သတင်းစာများတွင် ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ်များရှိ စပါးစိုက်ခင်းများအတွင်း လိပ်ပြာမျိုးရင်းဝင် စပါးဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂရားမား ဥကပ်ပါးနကျယ်များ လွှတ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်သတင်းကို ဖတ်ရှုလိုက်ရသည်။ ဤနည်းသည် ဇီ၀နည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းသည့် စနစ်ဖြစ်ပြီး သီးနှံစိုက်ခင်းများအတွင်း၌ ကျရောက်သည့် သီးနှံဖျက်ပိုးမွှားများကို စားသောက်သည့် သားရဲပိုးမွှားများကို အသုံးချနှိမ်နင်းခြင်းဖြစ်လေသည်။ ၎င်းနည်းသည် ပိုးမွှားအချင်းချင်း ပြန်စား၍ ထိန်းကျောင်းသောနည်းဖြစ်ပြီး ဤနည်းဖြင့် မြန်မာနိုင်ငံတွင် ကုလားပဲသီးလုံးဖောက်ပိုးကို နှိမ်နင်းလျက်ရှိကြောင်း သိရှိရပါသည်။
ယခုအခါ ကမ္ဘာအရပ်ရပ်၌ ဓာတုဗေဒပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ မဆင်မခြင်သုံးစွဲနေ မှုကြောင့် လူသားများနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအဆိပ်သင့်သည့်ဒဏ် များစွာခံစားနေရသည်။ မြန်မာနိုင်ငံ၌လည်း ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို စည်းကမ်းမဲ့စွာ တလွဲသုံးစွဲနေကြရာ သဘာ၀ရေနက်ကွင်းများရှိ ငါးမျိုးစိတ်အတော်များများမှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရ၏။
စိုက်ပျိုးရေးလုပ်ငန်းများ၌ ပိုးသတ်ဆေးသုံးစွဲမှု အစားထိုးဖြစ်သော ဇီ၀နည်းဖြင့် ပိုးမွှားများကာကွယ်နှိမ်နင်းရေးစနစ်သည် စိုက်ပျိုးသီးနှံများတွင် ပိုးသတ်ဆေးဓာတုဓာတ်ကြွင်းများ ကင်းလွတ်ခြင်း၊ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသည့် တောင်သူများနှင့် အခြားသော သက်ရှိသတ္တဝါများ အဆိပ်သင့်မှုလျော့ပါးခြင်း အစရှိသည့် ကောင်းကျိုးများ ရရှိစေမည်ဖြစ်ပါသည်။
၂၀၂၀ နှစ်လယ်ပိုင်းတွင် အာဖရိကနိုင်ငံအချို့နှင့် ပါကစ္စတန်နိုင်ငံရှိ သီးနှံစိုက်ခင်းများ၌ ကျိုင်းကောင်များ သန်းနှင့်ချီ၍ ကျရောက်ဖျက်ဆီးခဲ့ပါသည်။ ဘဲများ၌ ကျိုင်းကောင်များကို စားသုံးသည့်ဓလေ့ ရှိသည်။ ဘဲတစ်ကောင်သည် တစ်နေ့လျှင် ကျိုင်းကောင် ၂၀၀ ကျော်စားနိုင်ပြီး ယင်းနည်းလမ်းသည် ပိုးသတ်ဆေးအသုံးပြုသည်ထက် ပိုမိုထိရောက်သည်ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ဆိုပါသည်။ သို့ဖြစ်ရာ ပါကစ္စတန်နိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံမှ ဘဲကောင်ရေတစ်သိန်း တင်သွင်းခြင်းဖြင့် ဇီ၀နည်းဖြင့် ကျိုင်းကောင်များအန္တရာယ်ကို ကာကွယ်လျော့ကျနှိမ်နင်းရန် စီမံဆောင်ရွက်ခဲ့သည်ဟု သိရှိရကြောင်းပါဗျာ။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၁၁)
No comments:
Post a Comment