ဒေါက်တာလွင်သန့်
ကျွဲ၊ နွား၊ ဝက်တို့မှာ ဖြစ်တတ်တဲ့ သန်ပြားကောင်ရောဂါ၊ နွားသန်ပြားကောင် ကပ်ပါးရောဂါတို့သည် နိုင်ငံအနှံ့တွေ့ရှိနိုင်တဲ့ ရောဂါများဖြစ်ပြီး ဥရောပမှာ ယင်းကပ်ပါးရောဂါ လူမှာဖြစ်ပွားနှုန်း တစ်ရာခိုင်နှုန်းသာရှိပေမယ့် အာဖရိကမှာ ၃ဝ ရာခိုင်နှုန်းနဲ့ ရုရှားမှာ လူပေါင်း ၄၉ သန်းက ယင်းသန်ကောင်ရှိနေတယ်ဆိုတယ်။ အာရှအရှေ့ဖျား၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာလည်း တွေ့ရပါတယ်။
သန်ပြားကောင်တွေက ပဲသီးအပြားပုံစံ ရှည်လျားတဲ့သန်ကောင်တွေဖြစ်ပြီး တုတ်ပြားကောင်လို့ ခေါ်ဝေါ်လေ့ရှိတယ်။ သန်ကောင်တစ်ကောင်စီမှာ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်ပိုင်း သုံးပိုင်းပါဝင်တယ်။ ယင်းသန်ကောင်ရဲ့ ဘဝစက်ဝန်းလည်ပတ်နိုင်ဖို့ အမှီခံသတ္တဝါ နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုပါတယ်။
တေနီယာဆက်ဂျီနေတာသန်ကောင်
အာဖရိကနဲ့ ရုရှားမှာ တွေ့ရလေ့ရှိတယ်။ အာရှတိုက်အရှေ့ပိုင်းဒေသတွေမှာ ယင်းသန်ကောင်ဖြစ်ပွားမှုအကြောင်း တွေ့ရတယ်။ တေနီယာဆက်ဂျီနေတာဟာ နွားရှိသန်ပြားကောင်ဖြစ်ပြီး လူရဲ့အူသိမ်ဦးပိုင်းမှာ နေထိုင်တယ်။ အရွယ်အစား သုံးမီတာမှ ၇ ဒသမ ၆ မီလီမီတာ ရှည်တယ်။ အဆစ်ပိုင်းလေးတွေဆက်ထားတဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းထားပြီး မျိုးပွားနိုင်တဲ့ အဆစ်ပိုင်းတစ်ခုမှာ ဥပေါင်း ၁ဝဝဝဝ အထိရှိတယ်။ တစ်လအတွင်း ယင်းသန်ကောင်ရောဂါ ရရှိထားတဲ့ လူရဲ့မစင်မှာ သန်ကောင် စုစုပေါင်း သန်း ၅ဝ စွန့်ထုတ်နိုင်တယ်။ အမဲသားမှ လူကို ကူးစက်တယ်။ နွားစားကျက်မှာ လူတို့ ကျင်ကြီးစွန့်တဲ့ အလေ့ကြောင့် နွားတွေဟာ သန်ဥကို မြက်နဲ့အတူ စားမိတယ်။ အမဲသားစားလေ့ရှိတဲ့ နိုင်ငံရှိ အမဲသား၊ ဝက်သားတို့ကို အစိမ်း သို့မဟုတ် မကျက်တကျက် ချက်စားခြင်းမှ အသားထဲမှာရှိတဲ့ ကပ်ပါးသန်ကောင်ကိုကူးစက်တယ်။
တီနီယာဆိုလျှံ
လူရဲ့အူသိမ်ဦးပိုင်းမှာ နေထိုင်တဲ့သန်ကောင်ဖြစ်ပြီး ကမ္ဘာအနှံ့ တွေ့ရတယ်။ ဝက်သားစားရာမှ လူကိုကူးစက်တယ်။ ဝက်သား မကျက်တကျက်စားခြင်း၊ ကျပ်တင်စားခြင်း၊ အချဉ်စိမ်စားခြင်း၊ အစိမ်းစားခြင်းအလေ့ရှိတဲ့ လူမျိုးများ ယင်းရောဂါဖြစ်ပွားတယ်။ ယင်းတုတ်ပြားသန်ကောင်ရဲ့အကြား အမှီခံမှာ ဝက်ဖြစ်တယ်။ ဝက်ဟာ အညစ်အကြေးမကျန် မျိုးစုံစားတတ်တဲ့ သတ္တဝါဖြစ်တယ်။ သန်ဥတွေပါတဲ့ လူရဲ့ကျင်ကြီးကို စားမိကာ ဝက်ထံတိုက်ရိုက်ကူးစေတယ်။ ရောဂါဖြစ်ပွားခြင်းအကြောင်းရင်းမှာ နွားမှာ ကပ်ပါးသန်ကောင်အပြားမျိုး တေနီယာဆက်ဂျီနေတာနဲ့ ဝက်မှာ တီနီယာဆိုလျှံတို့ကြောင့်ဖြစ်တယ်။
သန်ပြားကောင် သံသရာလည်ပတ်ပုံကိုကြည့်ရင် နွားစားကျက်တွေမှာ လူတို့ ကျင်ကြီးစွန့်ပစ်တဲ့ဓလေ့၊ ဝက်တွေ လူ့မစင်စားတဲ့ဓလေ့တို့ကနေ လူရဲ့မစင်မှာပါတဲ့ သန်ဥတွေ၊ နွား၊ ဝက် စတဲ့ တိရစ္ဆာန်ကိုယ်ထဲ ရောက်ရှိသွားတယ်။ နွားကိုယ်ခန္ဓာအတွင်းကူးနိုင်တဲ့ သန်ကောင်လောင်းအဖြစ် ကြီးထွားလာတယ်။ လည်ပင်းသား၊ ဦးခေါင်းပိုင်းရှိ အသားများ၊ လျှာတို့မှာ တွေ့ရှိနိုင်တယ်။ အရွယ်ရောက် သန်ပြားကောင်ရဲ့ ဥတွေဟာ လူရဲ့မစင်မှတစ်ဆင့် အပြင်ရောက်ရှိပြီး မစင်နဲ့ထိတွေ့နေတဲ့ နွားစားကျက်မြက်များ စားမိတဲ့နွားမှာ သန်ပြားကောင်ဥများ ပြန်ပါလာတယ်။ လူကပြန်စားတယ်။
သန်ဥပါတဲ့ ကျင်ကြီးကို စားမိတဲ့ဝက်မှာ တုတ်ပြားသန်ကောင် ကူးစက်မှုရှိကာ ဝက်ရဲ့ ခန္ဓာကိုယ်အတွင်း သုံးလအကြာမှာ ကူးစက်နိုင်တဲ့ သန်ကောင်လောင်းအဖြစ် ကြီးထွားလာတယ်။ သန်ကောင်လောင်းဟာ အိတ်ပုံသဏ္ဌာန်ရှိတဲ့ သားလောင်းကို ဝက်ရဲ့အသားနဲ့ ကလီစာမှာ တွေ့ရှိနိုင်ပါတယ်။
လူမှာ သန်ပြားကောင်ကြောင့် ဗိုက်နာတယ်။ တစ်ခါတစ်ရံ အူအတက်ရောင်တယ်။ ဝက်သန်ပြားကောင်ကြောင့် သားလောင်းအရည်အိတ်တွေ ဝက်သားမှာ ပါလာတယ်။ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း စတာတို့ဖြစ်ပြီး ရံဖန်ရံခါ အကြောဆွဲခြင်း၊ တက်ခြင်းဖြစ်တတ်တယ်။
![]() |
ဓာတ်ပုံ - bast64 |
ဝက်မှကူးစက်တတ်တဲ့သန်ကောင်
တိရစ္ဆာန်တွေမှာ ထရိုင်ကိုနဲလားစပိုင်ရားယစ် သန်လုံးကောင် စွဲကပ်တဲ့ရောဂါကို ကမ္ဘာအနှံ့မှာတွေ့ရတယ်။ သန်ကောင်အထီးဟာ ၁ ဒသမ ၅ မီလီမီတာရှည်ပြီး သန်ကောင်အမက သုံးမီလီမီတာရှည်တယ်။ ယင်းသန်ကောင်ကို ဝက်၊ ဝက်ဝံ၊ ကြွက်၊ ခွေး၊ ကြောင်နဲ့ တောရိုင်းတိရစ္ဆာန်တို့ရဲ့ အူ၊ အသားထဲမှာ တွေ့ရတယ်။ သမပိုင်းရာသီဥတုရှိတဲ့နေရာမှာ အဖြစ်များတယ်။ ကျွဲ၊ နွား၊ မြင်းတို့ဟာ ယင်းသန်ကောင်ကို သဘာဝခုခံနိုင် စွမ်းရှိပြီးဖြစ်တယ်။ ယင်းသန်ကောင်ဟာ တိရစ္ဆာန်အချင်းချင်းကိုလည်းကောင်း၊ တိရစ္ဆာန်မှ လူကိုလည်းကောင်း ကူးစက်နိုင်တယ်။ တိရစ္ဆာန်တွေကူးစက်ရာမှ တစ်ကောင်နဲ့တစ်ကောင် ကိုက်ဖြတ်စားသောက်ခြင်းနဲ့ သေပြီးတဲ့တိရစ္ဆာန်ရဲ့အသားကို အခြားတိရစ္ဆာန်က စားခြင်းကြောင့် ကူးစက်ကြတယ်။
လူမှာ ထရိုင်ကိုနဲလားသန်ကောင်ရောဂါ စွဲကပ်ခြင်း
၁၉၇၇ ခုနှစ် ဗြိတိန်နိုင်ငံမှ အမေရိကန်နိုင်ငံသား တစ်ယောက်မှာ စွဲကပ်တယ်။ လူမှာ သန်ကောင်စစွဲကပ်စဉ် ဗိုက်နာပြီး ဝမ်းလျှောတယ်။ လူမှာ ရောဂါဖြစ်ပွားမှုဟာ စားမိတဲ့သန်ကောင်သားလောင်းရဲ့ အရေတွက်ပေါ် မူတည်နေတယ်။ သားလောင်းပါ ဝက်သားကို စားမိလို့ သားလောင်းဟာ လူရဲ့ သွေးကြောထဲ ထိုးဖောက်ဝင်ရောက်သွားပါက လူမှာ တိုက်ဖွိုက်၊ တုပ်ကွေးရောဂါလို အဖျားတက်ပြီး ခါးကိုက်တတ်တယ်။ သန္ဓေသားလောင်းကထုတ်တဲ့ အဆိပ်တွေ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ရောက်ရှိလို့ဖြစ်တယ်။ ရောဂါဟာအပျော့စားအမျိုးဖြစ်ပေမဲ့ တစ်ခါတစ်ရံ ဦးနှောက်မြှေးနဲ့ နှလုံးကြွက်သားကို ရောက်ရှိခဲ့ရင် သေဆုံးနိုင်တယ်။
တစ်ခါတစ်ရံမှာ ရောဂါရဲ့ သဏ္ဌာန်လက္ခဏာဟာ လူမှာမပြဘူး။ ကပ်ပါးသန်ကောင် အူတွင်းဝင်ရောက်လို့ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းအပြင် အန်တတ်တယ်။ သားလောင်းဟာ လူရဲ့ ကြွက်သားထဲ ပျံ့နှံ့သွားလို့ မျက်နှာများ ရောင်ရမ်းခြင်း၊ မျက်ခမ်းရောင်ခြင်း၊ အလင်းရောင်ကြောက်ခြင်း၊ အဖျားတက်ခြင်း၊ အရေပြားမှာအနီဖုလေးများဖြစ်ခြင်း တွေ့ရပါတယ်။ မျက်ကြည်လွှာမှာ သွေးယိုစိမ့်ခြင်း ရှိတတ်တယ်။ ရေငတ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ချမ်းတုန်ခြင်း၊ အားအင်ယုတ်လျော့ခြင်းတွေဖြစ်လာတယ်။ နောက်ဆုံး အာရုံကြောဆိုင်ရာ သဏ္ဌာန်လက္ခဏ ပေါ်ပေါက်လာပြီး နှလုံးထိခိုက်လို့ သေဆုံးနိုင်တယ်။ သေနှုန်း ၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဝက်သားဟာ လူကို ကူးစက်ရာမှာ အရည်အိတ်ပါတဲ့ သားကောင်ပါရှိတဲ့ ဝက်သားကို စားမိခြင်းမှ ရောဂါရရှိနိုင်တယ်။ သားလောင်းပါ အရည်အိတ်ဟာ လူရဲ့အစာအိမ်ထဲမှာ အစာချေရည်နဲ့တွေ့ထိပြီး အရည်အိတ်ထဲမှာ သားလောင်းထွက်လာတယ်။ သားလောင်းဟာ လူရဲ့အူနံရံကို ထိုးဖောက်ပြီး အရွယ်ရောက်လာတယ်။ အူထဲမှာ အရွယ်ရောက်ဖို့ လေးပတ်ကြာတယ်။ အရွယ်ရောက်ပြီး သန်ကောင်ဟာ သားလောင်းတွေ ထုတ်ပြီး ယင်းသားလောင်းတွေက လူရဲ့ ကြွက်သားမျှင်ထဲ ဝင်ရောက်ပျံ့နှံ့တယ်။ အရည်အိတ်မဖြစ်သေးပါ။ လေးပတ်မှ ငါးပတ်ကြာမှ အရည်အိတ်ဖြစ်လာပြီး ယင်းသားလောင်းရောက်ရှိရာ ကြွက်သားထဲ နှစ်များစွာ ကြာတဲ့ထိ ထိုင်နေတယ်။ ဝက်ရဲ့ နံရိုးသား၊ အရိုးနဲ့ ကပ်နေတဲ့ အသား၊ လျှာ၊ လည်မျို၊ ဝမ်းဗိုက်သားမှာ အိတ်ရှိနေတယ်။
ရောဂါကာကွယ်ခြင်းအပိုင်းမှာ ဝက်သားကို အပူချိန် ၇၇ ဒီဂရီစင်တီဂရိတ် အထိ ကျက်အောင်ချက်ပြီး စားရမယ်။ အသားအစိမ်းသုပ်စားခြင်း၊ မကျက်တကျက်စားခြင်း၊ ဝက်သားချဉ်လုပ်စားခြင်း ရှောင်ကြဉ်ရမယ်။ ဝက်များကို သားစိမ်း၊ ငါးစိမ်းများ မကျွေးသင့်သလို လူ့မစင် မစားစေသင့်ပါ။
ဝက်သား၊ အမဲသားကို ကျက်အောင်ချက်စားရမယ်။ ယင်လုံအိမ်သာအသုံးပြုခြင်းက ကျင်ကြီးကို အစားအသောက်နဲ့ တိရစ္ဆာန်စားသောက်ရာမှ ကင်းဝေးစေနိုင်မှာဖြစ်တယ်။ ပါရာဆိုက်သန်ကောင်တွေဟာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်နှင့် ၇၇ ဒီဂရီစင်တီဂရိတ်တို့မှာ နာရီဝက်အတွင်း ပျက်စီးနိုင်ပါတယ်။ လူမှာ တစ်နှစ်ကို သန်ချဆေးနှစ်ကြိမ် မိုးဦး၊ မိုးနှောင်းမှာ ကျွေးသင့်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၆)
No comments:
Post a Comment